မြန်မာနိုင်ငံ ရပ်ကွက်အတွင်းရှိ လူငယ်တွေဟာ နေရာ သတ်သတ်မှတ်မှတ်ရယ်လို့ မရှိဘဲ ကတ္တရာလမ်းမပေါ် သို့မဟုတ် ရတဲ့နေရာလေးမှာ ဂိုးကျဉ်းလို့ ခေါ်တဲ့ နေရာ ကျဉ်းကျဉ်းလေးအတွင်း တဖက်နဲ့တဖက် ဂိုးသွင်းယူဖို့ ကြိုးစားတဲ့ ဘောလုံးကစားနည်းကို နှစ်ခြိုက်စွာ ကစားနေတာ တွေ့ရမှာပါ။ နိုင်ငံတကာမှာတော့ ဒီကစားနည်းကို ဖူဆယ် ကစားနည်းလို့ အမည်ပေးထားပြီး မြန်မာပြည်မှာတော့ ပြိုင်ပွဲအဖြစ် စနစ်တကျ ပေါ်ပေါက်လာတာ ၂၀၀၅ ခုနစ်ဝန်းကျင်ကမှ ဖြစ်ပါတယ်။ ပထမဦးဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့တော်ဝန် ဖလားအနေနဲ့ စတင်ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသတွင်းရှိ လူငယ်၊ လူလတ် အပြင် လက်ရွေးစင် ဘောလုံးသမားဟောင်းတွေပါ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။
ဖူဆယ်နှင့် အင်္ဂလန်က သုတေသန
အခု ကမ္ဘာ့ဘောလုံး လောကမှာ နာမည်ကြီးနေတဲ့ မက်ဆီလို စကေးကောင်းတဲ့ ကစားသမားတွေ ပေါ်ထွက်ဖို့ကို ဥရောပရှိ နိုင်ငံတော်တော်များများက သုတေသနပြုပြီး စီမံကိန်းသစ်တွေ ရေးဆွဲနေကြပါပြီ။ အထူးသဖြင့် မြန်မာပရိသတ်နဲ့မစိမ်းတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးနဲ့ပရိသတ် စွဲဆောင်နိုင်မှု အကောင်းဆုံးလိဂ်လို့ တင်စားခြင်း ခံရပေမယ့် နိုင်ငံ့လက်ရွေးစင်ပွဲတွေမှာ ၁၉၆၆ နောက်ပိုင်း ဖလားမရရှိဘဲ အောင်မြင်မှုနဲ့ဝေးကွာနေခဲ့တာ ကြာပါပြီ။ ဒါကြောင့် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က The Future Game ဆိုတဲ့ လူငယ်ဘောလုံးသမားတွေ ဖံွ့ဖြိုးရေး စီမံကိန်းအတွက် ပေါင် သန်း ၁၅၀ ရင်းနှီးမြှုပ်နှံကာ နိုင်ငံတကာပြိုင်ပွဲများမှာ ပြန်လည် အောင်မြင်မှုရဖို့ကြိုးပမ်းနေပါတယ်။ စွန့်စားမှုတရပ်အနေနဲ့ အင်္ဂလန် မျိုးဆက်သစ် ကစားသမားတွေဟာ ရှေးသမားရိုးကျ ကြံ့ခိုင်မှု အသားပေးမှုတို့ကို ဘောလုံးအပေးအယူနဲ့ တဦးချင်း နည်းစနစ်ပိုင်း ကြေညက်မှုတို့ ထပ်မံပေါင်းစပ်ပြီး အရိုးစွဲနေတဲ့ Football Philosophy ကိုပြောင်းလဲဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။
ဖူဆယ်နဲ့ကမ္ဘာကျော် အသင်းများ
ဖူဆယ် ဘောလုံးကစားနည်းဟာ တဖက်ကို ၅ ယောက်စီနဲ့ ဧရိယာအကျဉ်းထဲမှာ အပေးအယူ လျင်မြန်မှုနဲ့ တဦးချင်း ကျွမ်းကျင်မှုကို ဦးစားပေးတဲ့ ဘောလုံးကစားနည်း ဖြစ်ပါတယ်။ ဘရာဇီး၊ အာဂျင်တီးနား၊ စပိန်နဲ့ အီတလီတို့တွေမှာ ဖူဆယ် အားကစားနည်းဟာ လူကြိုက်များတဲ့ အားကစားနည်းဖြစ်တာ အတော်ကို ကြာခဲ့ပါပြီ။ ဒီအသင်း ၄ သင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၈ ကြိမ်မှာ ၇ ကြိမ်တိတိ အနိုင်ရရှိထားပြီး ဖူဆယ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ထိပ်သီးအသင်းတွေ ဖြစ်နေတာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ အဆိုပါ နိုင်ငံတွေမှာဖူဆယ် ကစားနည်းဟာ ဘောလုံး သင်တန်းကျောင်းတွေမှာ ဘောလုံးအခြေခံ ကြေညက်ဖို့ မဖြစ်မနေ သင်ယူရတဲ့ သင်တန်းဖြစ်သလို ရပ်ကွက်တွင်းရှိ လမ်းတွေပေါ်မှာလည်း လူငယ်တွေ နှစ်ခြိုက်စွာကစားတဲ့ ကစားနည်းတခု ဖြစ်ပါတယ်။
ဘောလုံးအားကစားကို စနစ်တကျ စတင်ကစားတဲ့နိုင်ငံလို့ ဆိုနိုင်တဲ့ အင်္ဂလန် နိုင်ငံဟာ ဘောလုံးကျွမ်းကျင်မှုထက် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို ဦးစားပေးလေ့ကျင့်စေတဲ့ စနစ်ကို အရိုးစွဲစွာ ကျင့်သုံးခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး အခုချိန်မှ စတင်ပြောင်းလဲဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ လက်ရှိကိုပဲကြည့်လိုက်ရင် ပရီးမီးယားလိဂ်မှာ လူကောင်သေးပေမယ့် နည်းစနစ်ပိုင်း ကျွမ်းကျင်မှု အားကောင်းလွန်းတဲ့ ဂျုအန် မာတာ၊ ဒေးဗစ် ဆေးဗားတို့လို ကစားသမားတွေဟာ ပရီးမီးယားလိဂ် လူကောင်ကြီးကြီး နောက်တန်း ကစားသမားတွေကို အရူးလုပ်နေတာဟာ ဘောလုံးကျွမ်းကျင်မှုက အဓိကဆိုတာ သက်သေပြနေသလို ဥရောပနိုင်ငံ စပိန်အသင်းရဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဥရောပဖလား၊ ကမ္ဘာ့ဖလားတွေကို ဆက်တိုက်ရရှိမှုက ဘောလုံးအခြေခံ ကြေညက်ရေးနဲ့ စကေးကောင်းမွန်မှုဟာ အဓိကဆိုတာ မီးမောင်းထိုးပြနေပါတယ်။
ဖူဆယ်နဲ့ ကမ္ဘာကျော် ကစားသမားများ
ကမ္ဘာကျော် ဘောလုံးသမား ပီလီက “ဖူဆယ် ဟာကျနော့်ရဲ့ ဘောလုံးအထိန်းအသိမ်း၊ လျှင်မြန်စွာ ဆုံးဖြတ်ချက် ချနိုင်ခြင်းနဲ့ အပေးအယူတို့ကို တိုးတက်စေသလို အလိမ်အခေါက်၊ ဟန်ချက်ညီစေခြင်းနဲ့ အာရုံစူးစိုက်မှုတို့မှာ တိုးတက်စေဖို့ အလွန်အရေးကြီးပါတယ်။ ဖူဆယ်ဟာ ဘောလုံးသမား တယောက်အတွက် အလွန်ကို အရေးကြီးပါတယ်” လို့ ဆိုပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေ ဆက်တိုက် ရရှိနေတဲ့ မက်ဆီကလည်း “အာဂျင်တီးနားမှာဆိုရင် ကျနော် ငယ်ငယ်ကတည်းက ဖူဆယ် (ခေါ်) ဂိုးကျဉ်းကို လမ်းမပေါ်မှာ တက်ကစားနေခဲ့တာပါ။ ဒီလိုကစားတာဟာ တအားပျော်ဖို့ ကောင်းပြီး ကျနော့်ကို အခုလို ဘောလုံးသမားဖြစ်လာအောင် မွေးထုတ်ပေးလိုက်တာပါ” ဆိုပြီးသူရဲ့ အမြင်ကို ပြောပြဖူးပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာ့ဈေးအကြီးဆုံးနဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုနိုင်တဲ့ စီရော်နယ်ဒိုကလည်း “ပေါ်တူဂီ နိုင်ငံမှာဆိုရင် လူတိုင်းဟာ ဖူဆယ် ကစားပြီး ကြီးပျင်းလာကြပါတယ်။ ဧရိယာကျဉ်းကျဉ်းထဲမှာ ကစားရတာဟာ ကျနော့်ခြေထောက်တွေ လျှင်မြန်မှုကို အထောက်အကူ ဖြစ်စေပြီး အခုအချိန် ဘောလုံးကစားတဲ့အခါ ဘောလုံး ခြေထောက်ထဲ ရောက်တာနဲ့ ဖိအားကင်းကင်း ကစားနိုင်စေပါတယ်။ သေချာတာကတော့ ဖူဆယ်ကြောင့်သာ မဟုတ်ရင် ယနေ့ ကျနော် စီရော်နယ်ဒို ဖြစ်လာမှာ မဟုတ်ဘူးလို့” အင်တာဗျူး တခုမှာ ပြောဆိုခဲ့ဖူးပါတယ်။
ဘောလုံးအခြေခံ တိုးတက်ရေးနဲ့ မြန်မာ့လူငယ်သွေးသစ်များ ပေါ်ထွက်ရေး
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပြန်ကြည့်ရင် မြန်မာ့ဘောလုံး လောကဟာ လူငယ်ပြိုင်ပွဲတွေမှာ တိုးတက်ရိပ်ပြပြီး တကယ့် နိုင်ငံတကာ ပြိုင်ပွဲကြီးတွေဖြစ်တဲ့ ဆီးဂိမ်းနဲ့ ဆူဇူးကီးဖလားတွေမှာ အကျဘက်မှာသာ ရှိနေတာတွေ့ရမှာပါ။ မြန်မာ ကစားသမား အများစုဟာ ကြံ့ခိုင်မှုနဲ့ ကြိုးစားမှုမှာ တိုးတက်မှုတွေ ရှိပေမယ့် အခြေခံဘောလုံး နည်းစနစ်တွေ ကြေတဲ့ ကစားသမားမျိုးတွေ ထွက်ပေါ်လာခြင်း မရှိတာဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ၁၉၉၀ ခုနစ် အကျော်မှာ ငွေရောင်မျိုးဆက်လို့ ခေါ်နိုင်တဲ့ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ သန်းတိုးအောင်၊ တင်မြင့်အောင် တို့လို ဘောလုံးအခြေခံ ကြေညက်တဲ့ ကစားသမားတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ထွန်းထွန်းပေါက်ပေါက် ကစားနိုင်တဲ့ ကစားသမားမျိုး မထွက်လာတော့တာ အတော်ကိုကြာခဲ့ပါပြီ။
မြန်မာလူငယ်ထုနဲ့ ဖူဆယ်ကစားနည်း
မြန်မာအသင်းအနေနဲ့အနီးစပ်ဆုံး နမူနာယူရမယ်ဆိုလျှင် အာရှမှာ ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်လာပြီး ဥရောပမှာ ကစားနိုင်တဲ့ ကစားသမားတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆက်တိုက် မွေးထုတ်ပေးနေတဲ့ ဂျပန်ကို နမူနာယူသင့်ပါတယ်။
၁၉၉၀ နောက်ပိုင်း ဂျပန် ဘောလုံးအဖွဲ့ချုပ်ဟာ ဘောလုံး ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံကနေ စတင်ပြောင်းလဲဖို့ ဘရာဇီးနဲ့ တောင်အမေရိက နည်းပြတွေကို ငှားရမ်းခဲ့သလို ကိုယ်ခန္ဓာ ကြံ့ခိုင်ရေးနဲ့ နည်းစနစ်ပိုင်းအတွက် ဂျာမန် နည်းပြတွေကို ငှားရမ်းခဲ့ကာ စိတ်ရှည်ရှည်နဲ့ပြုပြင်ခဲ့တာကြောင့် ၁၉၉၈ ခုနစ်မှာ ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား တက်ရောက်နိုင်ခဲ့ပြီး ယခုအချိန်မှာလည်း ကမ္ဘာ့ဖလားကို ပုံမှန်တက်ရောက်နိုင်တဲ့ အသင်းဖြစ်လာသလို ကမ္ဘာ့ဖူဆယ် ပြိုင်ပွဲတွေမှာလည်း ပြိုင်ဖက်တွေ လေးစားရတဲ့အသင်း ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံရှိ ကျောင်းတွေမှာ ဖူဆယ် ပြိုင်ပွဲတွေဟာ ပုံမှန်ကျင်းပပေးသလို လူငယ်တွေ ဖူဆယ် ပိုမိုကစားနိုင်စေရန် နေရာအတော်များများကိုလည်း ဖန်တီးပေးထားပါတယ်။
တဖက်မှာလည်း မြန်မာဘောလုံး အဖွဲ့ချုပ်အနေနဲ့ စီမံကိန်းတခုအဖြစ် ချမှတ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်များ ဘောလုံးကစားနိုင်ရန် နေရာ ဖန်တီးပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်။ ဘောလုံးကို ရူးသွပ်စွာ အားပေးနေတဲ့ နိုင်ငံဆိုပေမယ့် ဘောလုံးသမားကောင်းတွေ ပိုမိုထွက်ပေါ်လာဖို့ နောက်ကွယ်က စီမံခန့်ခွဲမှုတွေကလည်း အလွန်အရေးပါပါတယ်။ ဥပမာကြည့်လျှင် ကမ္ဘာ့ဖူဆယ် ပြိုင်ပွဲတွေမှာ စပိန်၊ ဘရာဇီးတို့နဲ့ ယှဉ်ကစားနေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ နေရာတိုင်းမှာ လူငယ်တွေ ဘောလုံးကစားဖို့ နေရာဖန်တီးပေးထားသလို အခကြေးငွေနဲ့ ကွင်းငှားပြီး ကန်လို့ရတဲ့ ဖူဆယ်ကွင်းတွေဟာလည်း နေရာတိုင်းမှာ တွေ့နေရပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး ဥရောပကို ထွက်ကစားခဲ့တဲ့ ဘောလုံးသမား ကီယာတီဆတ်ဟာ ရပ်ကွက်တွင်း ဖူဆယ် ပြိုင်ပွဲကနေ ဘောလုံးကင်းထောက်တွေ ရှာတွေ့လို့ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပါတယ်။
မြန်မာဘောလုံး အဖွဲ့ချုပ်အနေနဲ့ လာမယ့် နေပြည်တော် ဆီးဂိမ်း ၂၀၁၃ ကို အရှိန်ယူကာ မြန်မာလူငယ်များအကြား ဖူဆယ် အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် ကစားလာနိုင်စေရန်နဲ့ နည်းစနစ်တကျ ကစားနိုင်စေရန် ပြိုင်ပွဲများ လုပ်ပေးစေခြင်းဖြင့် မြန်မာလူငယ်ထုအတွင်းမှ မျိုးဆက်သစ် ဘောလုံးသမား ပေါ်ထွက်လာစေဖို့ ကြိုးစားသင့်ပါတယ်။ မြန်မာ့အနာဂတ် ဘောလုံး တိုးတက်စေဖို့ရာ ဖူဆယ် အားကစားနည်းဟာ အခြေခံအကျဆုံး ကစားနည်းဖြစ်ပြီး မြန်မာပြည်အနှံ့ ဖူဆယ် အားကစားနည်းကို စနစ်တကျ ကစားတတ်လာအောင် အသိပညာ ဖြန့်ဝေပေးခြင်းဖြင့် နောင်အနာဂတ်မှာ အရည်အချင်းရှိတဲ့ ဘောလုံးသမားတွေ ထွက်ပေါ်လာစေဖို့တဖက်တလမ်းကနေ ကြိုးစားစေချင်မိကြောင်း ပြောပါရစေခင်ဗျာ။