အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရတဲ့သူများ
ရာဖာ ဘန်နီတက်စ်ရဲ့ တကျော့ပြန် အန်ဖီးခရီး၊ လီဗာပူး ပရိသတ် အချစ်တော် ဂိုးသွင်းအကျော်အမော် ဖြစ်ခဲ့တဲ့ တောရက်ရဲ့ တကျော့ပြန်ခရီးနဲ့အစ္စရေးလ် ကစားသမား ဘီနာယောင်တို့ဟာ အန်ဖီးလ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ချယ်လ်ဆီး အသင်းသားတွေအဖြစ် ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲစဉ်ဟာ ပွဲမစခင်ကတည်းက အားကစား ဂျာနယ် ခေါင်းကြီးတွေမှာ နေရာယူထားခဲ့ပါတယ်။
အလားတူ ချယ်လ်ဆီးအသင်းမှာ ကစားဖူးပြီး လီဗာပူးအသင်းသို့ပြောင်းရွှေ့လာတဲ့ ဂလင်းဂျွန်ဆန်နဲ့ စတားရစ်တို့အပြင် အရင်က မော်ရင်ညိုအောက်မှာ လက်ထောက်နည်းပြ လုပ်ခဲ့ဖူးတဲ့ ရော်ဂျားစ်တို့ဟာလည်း သူတို့ရဲ့အသင်းဟောင်း ချယ်လ်ဆီးကို ရင်ဆိုင်ခဲ့ရတာဟာ ကြေးစား ဘောလုံးလောကရဲ့ အပြောင်းအလဲ မြန်ဆန်မှုကို ထင်ဟပ်စေပါတယ်။
ပွဲအခြေအနေ
လီဗာပူးအသင်းဟာ အိမ်ကွင်းဖြစ်ပေမယ့်လို့ ကွင်းလယ်မှာ တဦးချင်းအသာစီး ကစားသွားနိုင်တာက ချယ်လ်ဆီး အသင်းပါ။ မာတာ၊ အော်စကာ၊ ဟာဇက် တို့ရဲ့ တဦးချင်းစီ ရုန်းအားဟာ လီဗာပူးအသင်းကို ဒုက္ခပေးနိုင်ပေမယ့် ဂိုးသွင်းခြိမ်းခြောက်မှုတော့ ကြီးကြီးမားမား မလုပ်နိုင်ခဲ့ပါဘူး။
လီဗာပူး အသင်းဟာ ပထမပိုင်းမှာ အမှားများပေမယ့် အခွင့်အရေးတွေ ပိုမိုရရှိခဲ့ပြီး ခါတိုင်း ခြေစွမ်းပြတဲ့ ကူးတီးညို မလှုပ်နိုင်တာကြောင့် ဘယ်တောင်ပံ တိုက်စစ်ဟာ သေနေခဲ့ပါတယ်။ ပထမပိုင်း ၂၆ မိနစ်မှာ အော်စကာက ထောင့်ကန်ဘောကနေတဆင့် ဂိုးသွင်းယူပေးပြီး ချယ်လ်ဆီး ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာ ဒုတိယပိုင်း စတားရစ်ကို ကူးတီးညို အစား ထည့်ကစားစေပြီး ကစားကွက် အပြောင်းအလဲ လုပ်စေတာဟာ အလုပ်ဖြစ်ခဲ့ပြီး ဆွာရက်စ်ရဲ့ ဖန်တီးမှုနဲ့ ချယ်လ်ဆီး ကစားသမား ၂ ယောက်ကြားမှ ပြေးထွက်ကာ အပိုင် ကန်သွင်းယူတာကြောင့် လီဗာပူး ချေပဂိုး ရရှိပါတယ်။ ၅ မိနစ်အကြာမှာပဲ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးကို ဆွာရက်စ် လက်နဲ့ဟန့်တားတာကြောင့် ပယ်နတီ ပေးရတာကို ချယ်လ်ဆီး ကစားသမား ဟာဇက် သွင်းယူပြီး ချယ်လ်ဆီးက ဦးဆောင်ကစားခဲ့တာဟာ ပွဲပြီးခါနီးအထိပါပဲ။ ပွဲချိန်အချိန်ပို ၆ မိနစ်ရဲ့ နောက်ဆုံးစက္ကန့်ကျမှ စတားရစ်ရဲ့ ဖြတ်တင်ဘောကို ဆွာရက်စ်က ခေါင်းတိုက် သွင်းယူးပေးတာကြောင့် ၂ ဖက်အသင်းစလုံး ၁ မှတ်စီ ခွဲယူသွားကြပါတယ်။
သတင်းစာခေါင်းစီးပေါ်က ပြဿနာများစွာနဲ့ ဆွာရက်စ်
ဟီးရိုးကနေ ဗီလိန်၊ ဗီလိန်ကနေ ဟီးရိုးအဖြစ် ပွဲတပွဲတည်းမှာ အသုံးတော်ခံသွားတဲ့ ဆွာရက်စ်ဟာ ဒီပွဲမှာ ပြိုင်ဘက် ကစားသမား အီဗာနိုဗစ်နဲ့ ယှဉ်ပြိုင်ပြေးရင်း လက်မောင်းကို ကိုက်တယ်လို့ ဝေဖန်ခံနေရပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ပွဲအပြီးမှာ ဆွာရက်စ်က “ကျနော့်ရဲ့ ဆင်ခြေမပေးနိုင်တဲ့ အပြုအမူအတွက် အလေးအနက် တောင်းပန်ပါတယ်။ ကျနော် အီဗာနိုဗစ်ကို သွားရောက် တောင်းပန်ပြီးဖြစ်သလို ကျနော့်ရဲ့ မန်နေဂျာနဲ့ အသင်းဖော်တွေကိုလည်း တောင်းပန်ပြီးပါပြီ” ဆိုပြီး လီဗာပူးဝက်ဘ်ဆိုဒ်မှာ ပရိသတ်ကို တောင်းပန်သွားပါတယ်။
ကိုးကား – BBC