တနှစ်တာအတွင်း ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို ချီးမြှင့်ဖို့အတွက် ဆန်ကာတင် ကစားသမား ၆ ယောက်စာရင်းကို အက်ဖ်အေက တရားဝင်ကြေညာသွားခဲ့ပါပြီ။
ကစားသမား ၆ ယောက်စာရင်းမှာ မန်ယူမှ ဗန်ပါစီ၊ ကားရစ်တို့ပါဝင်လာပြီး စပါးအသင်းမှ ဂါရက်ဘေးလ်၊ ချယ်ဆီးအသင်းမှ မာတာနဲ့ဟာဇက်၊ လစ်ဗာပူးအသင်းမှ လူးဝစ် ဆွာရက်စ်တို့ပါဝင်လာတာ ဖြစ်ပါတယ်။
အကောင်းဆုံး လူငယ်ကစားသမား စာရင်းမှာတော့ ဘေးလ်နဲ့ဟာဇက်တို့ထပ်မံပါဝင်လာပြီး အက်စတွန်ဗီလာမှ ဘန်တီကီ၊ ဝက်ဘရောင်းမှ လူကာကူ၊ မန်ယူမှ ဒန်နီဝဲယ်ဘက်နဲ့ အာဆင်နယ်မှ ဂျက် ဝဲယ်ရှိုင်းယားတို့ ပါဝင်လာပါတယ်။
ဂါရက် ဘေးလ်က ၂၀၁၁ တုန်းက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ရရှိထားပြီး အရင်နှစ်ကတော့ ဗန်ပါစီက ရရှိထားပါတယ်။ ယခုနစ်ဟာ ဒီဆုကို စတင်ချီးမြှင့်လာတာ နှစ် ၄၀ မြောက် နှစ်ပတ်လည်ဖြစ်ပြီး ပထမဦးဆုံး ဆုကို လိဒ်ယူနိုက်တက် ကစားသမား နော်မန် ဟန်တာက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကို ယခုလ ၂၈ ရက်နေ့မှာ ကြေညာပြီး ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
ဒီဆုကို ပရီးမီးယားလိဂ်မှ ကစားသမားများက မိမိတို့ကြိုက်နှစ်သက်တဲ့ တဖက်အသင်းမှ ကစားသမားကို မဲပေးရတာဖြစ်ပြီး မိမိအသင်းမှ ကစားသမားကို မဲပေးပိုင်ခွင့် မရှိပါဘူး။ ဆန်ကာတင်စာရင်းမှာ ထူးခြားစွာ ပါလာတဲ့ မိုက်ကယ် ကားရစ်နဲ့ ပတ်သက်ပြီး ဂေါ်ဒန်တေလာက “သူဟာ ကစားသမားတွေရဲ့ စိတ်ကြိုက် ကစားသမား တယောက်ပါပဲ၊ အားကစား သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ သူ့ကိုမတွေ့ရပေမယ့် သူဟာသူနဲ့ဘဝတူ ဘောလုံးသမားတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရတဲ့ ကစားသမားတဦးပါ” ဆိုပြီး ချီးကျူးပြောဆိုသွားပါတယ်။
အသက် ၂၃ နှစ်ရှိ ဂါရက်ဘေးလ်ဟာ တော့တမ်ဟမ်အတွက် လက်ရှိအချိန် ၃၉ ပွဲကစားပြီး ၂၃ ဂိုး သွင်းယူပေးထားသလို စပါးအသင်း ချန်ပီယံလိဂ် ပြန်ဝင်ရေးအတွက် အဓိက တိုက်ပွဲဝင်နေသူတဦး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဂေါ်ဒန်တေလာက သူဟာကွင်းထဲမှာ ထင်ရှားနေအောင် ကစားတတ်တဲ့သူပါ။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး ကလပ်တွေက သူ့ကိုရယူဖို့ ကြိုးစားနေတာကို မအံ့သြပေမယ့်လို့ပရီးမီးယားလိဂ်မှာပဲ ဆက်နေမယ်လို့ မျှော်လင့်ပါတယ်။
အာဆင်နယ်အသင်းနဲ့ နောက်ဆုံးရာသီမှာ ၃၇ ဂိုးသွင်းပြီး မန်ယူအသင်းသို့ ပြောင်းရွှေ့လာတဲ့ ဗန်ပါစီဟာလည်း ဆုရရှိဖို့ ရေပန်းစားနေပြီး မန်ယူအသင်းအတွက် ဖလားရရှိရေးမှာ သူရဲ့ ဂိုးတွေက အခရာကျနေပါတယ်။
နောက်ထပ် ရေပန်းစားနေတဲ့ ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၂၃ ဂိုး သွင်းယူထားတဲ့ ဆွာရက်စ်ဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၂၉ ဂိုး သွင်းယူထားပါတယ်။ ဥရုဂွေး ကစားသမား ဆွာရက်စ်နဲ့ပတ်သတ်ပြီး ဂေါ်ဒန်တေလာက ပြဿနာပေါင်းစုံနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ ဆွာရက်စ်ကို ပြဿနာတွေနဲ့သူရဲ့အရည်အချင်းကို ခွဲမြင်တတ်ဖို့လိုပါလိမ့်မယ်။ ဒါဟာ ဘောလုံးကစားရာမှာ ထူးချွန်တာကို ပေးတဲ့ဆုပါလို့ ပြောကြားသွားခဲ့ပါတယ်။
ချယ်လ်ဆီးကစားသမား ၂ ဦးဖြစ်တဲ့ မာတာနဲ့ဟာဇက် တို့ဟာလည်း အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နေတဲ့ ကစားသမားတွေဖြစ်ပြီး ဂေါ်ဒန်တေလာက မာတာဟာ ချယ်ဆီးအသင်းအတွက် ဒီနှစ်မှာလည်း အဓိက အင်ဂျင်စက် တလုံးပါဆိုပြီး ချီးကျုးပြောဆိုသွားပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဆုရရှိခဲ့တဲ့ အကောင်းဆုံး ကစားသမားများ
၂၀၁၁-၂၀၁၂ (ဗန်ပါစီ – အာဆင်နယ်)
၂၀၁၀-၂၀၁၁ (ဘေးလ် – စပါး)
၂၀၀၉-၂၀၁၀ (ဝိန်း ရွန်နီ – မန်ယူ)
၂၀၀၈-၂၀၀၉ (ရိုင်ယန်ဂစ် – မန်ယူ)
၂၀၀၇-၂၀၀၈ (စီရော်နယ်ဒို – မန်ယူ)
ကိုကား – BBC