ရီးယဲလ်မက်ဒရစ် အသင်းဟာ ၃ နှစ်ကြာ လက်တွဲခဲ့တဲ့ နာမည်ကျော်နည်းပြ မော်ရင်ညိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲကာ စာချုပ်ဖျက်သိမ်းလိုက်ကြောင်း အတည်ပြုသွားပါတယ်။ ၃ နှစ်တာ ကာလအတွင်း ရီးယဲလ်အသင်းကို ဘာကာအသင်းအား ကျော်ဖြတ်ပြီး လိဂ်ဖလား ၁ ကြိမ်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးရာသီမှာတော့ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားမှာ အရေးနိမ့်ပြီးကတည်းက ရီးယဲလ်အသင်း တာဝန်ရှိသူတွေက မကျေမနပ် ဖြစ်နေခဲ့ကြတာပါ။
အသက် ၅၀ ရှိပြီဖြစ်တဲ့ မော်ရင်ညိုဟာ လက်ရှိအချိန်မှာ ချယ်လ်ဆီးအသင်းမှာ ပြန်လည်ကိုင်တွယ်ဖို့ ရေပန်းစားနေသလို နည်းပြသစ်ရှာနေတဲ့ မန်စီးတီးဟာလည်း မော်ရင်ညိုကို အသည်းအသန် လိုချင်နေပါတယ်။ ရီးယဲလ်ဥက္ကဌ ပီးရက်စ် ကတော့ “ဘယ်သူကမှ အဖြုတ်ခံရတာ မဟုတ်ပါဘူး။ ဒါဟာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခြင်းပါပဲ။ ကလပ်နဲ့ နည်းပြတို့ဟာ ဒီအချိန်မှာ လမ်းခွဲဖို့ သင့်တော်ပြီထင်လို့ ဒီလို ဆုံးဖြတ်လိုက်ရတာပါ။ ဘောလုံးအဖွဲ့ချုပ် ဒါရိုက်တာအစား မော်ရင်ညိုကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မော်ရင်ညိုကတော့ ယခုနှစ် လာလီဂါ ရာသီဟာ သူ့နည်းပြ သက်တမ်းအတွင်း အဆိုးရွားဆုံးရာသီလို့ ညည်းတွား ပြောဆိုသွားပါတယ်။ မော်ရင်ညိုဟာ လာလီဂါ ပထမဦးဆုံး ရာသီမှာ ဘာစီလိုနာအသင်းရဲ့ နောက်မှာ ၄ မှတ် ဖြတ်ခံရပြီး ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပေမယ့် ဒုတိယနှစ်မှာတော့ လာလီဂါ ဖလားရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီရာသီမှာတော့ ရီးယဲလ်အသင်းမှ ကစားသမားတွေဖြစ်တဲ့ ကာဆီးလက်၊ ရာမို့စ်နဲ့ပီပီတို့လို ကစားသမားတွေနဲ့ ပြဿနာဖြစ်ပြီး အသင်းတွင်း အခက်အခဲတွေရှိခဲ့သလို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့အပြီး အင်္ဂလန်သို့ပြန်လာဖွယ်ရှိနေကြောင်း ဖွင့်ဟပြောဆိုဖူးပါတယ်။
လက်ရှိအချိန်မှာ ချယ်လ်ဆီး ပရိသတ်က မော်ရင်ညိုကို ပြန်လည်ခေါ်ယူဖို့ တောင်းဆိုနေပေမယ့် ပိုင်ရှင် အီဗရာမိုဗစ် အနေနဲ့မော်ရင်ညိုနဲ့ ဆက်ဆံရေးကို ပြန်လည် ထူထောင်ဖို့က မလွယ်ကြောင်းလည်း သုံးသပ်နေကြပါတယ်။ နည်းပြမဲ့ဖြစ်နေတဲ့ မန်စီးတီး အသင်းကတော့ မော်ရင်ညိုကို လိုချင်နေပြီး ပိုက်ဆံ အင်အားကောင်းကောင်း သုံးနိုင်တဲ့ အပြင် မန်ယူရဲ့ ယှဉ်ပြိုင်ဘက်ပါ ဖြစ်လာတဲ့ မန်စီးတီးကို ပြောင်းရွှေ့ဖို့ မော်ရင်ညိုက စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ကိုကား – BBC