ပါလက်စတိုင်း ဒေသမှာ ယှဉ်ပြိုင်နေတဲ့ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စုအဆင့်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ထိုင်ဝမ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး သရေရလဒ်၊ ဂိုးကွာခြားချက် အသာနဲ့ အာရှခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီး အသင်းဟာ အုပ်စုပွဲစဉ် ပထမပွဲမှာ အိန္ဒိယကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ပါလက်စတိုင်းကို ၉ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ ဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထိုင်ဝမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ နှစ်သင်းစလုံး ဂိုးမသွင်းနိုင်တာကြောင့် ဂိုးကွာခြားချက်ကိုယူပြီး နောက်တဆင့်ကိုတက်ဖို့ ဆုံးဖြတ်ခဲ့ရာမှာ မြန်မာအသင်းက ၃ ပွဲကစား ပေးဂိုးမရှိဘဲ ၁၁ ဂိုးတိတိ သွင်းယူနိုင်ခဲ့တာကြောင့် ထိုင်ဝမ်အသင်းထက် ၄ ဂိုးအသာရကာ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
တဖက်အုပ်စုတွေကနေ မြန်မာအသင်းနဲ့အတူ ခြေစစ်ပွဲ အောင်သွားတာကတော့ ဗီယက်နမ်နဲ့ ထိုင်းတို့ ဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီး အသင်းဟာ ခြေစစ်ပွဲ အောင်သွားတာကြောင့် အာရှထိပ်သီး အမျိုးသမီးအသင်းတွေဖြစ်တဲ့ သြစတေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး မကြာခင်မှာ မဲခွဲပြီးတော့ အုပ်စု ၂ စုစီခွဲကာ ၂၀၁၄ အာရှဖလားပြိုင်ပွဲအတွက် ပွဲစဉ်အချိန်စာရင်းများကို ထုတ်ပြန်တော့မှာပါ။
မြန်မာအမျိုးသမီး ဘောလုံးအသင်းရဲ့ အောင်မြင်မှုကို ချီးမြှင့်တဲ့အနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဌနဲ့ မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များက ဆုကြးငွေ သိန်း ၅၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုဒ်မှာ ကြေညာထားပါတယ်။
ကိုးကား – AFC, MNL / facebook