၂၀၀၄ ခုနစ် ကနေ ၂၀၀၇ အထိ ပရီးမီးယားလိဂ်မှာ စပယ်ရှယ်ဝမ်း ဆိုတဲ့ နာမည်နဲ့အတူ မော်ကြွားစွာနဲ့ ချယ်လ်ဆီး အသင်းမှာ နည်းပြလုပ်ခဲ့တဲ့ မော်ရင်ဟိုဟာ ၆ နှစ်အကြာမှာ ချယ်လ်ဆီးရဲ့ စတမ်းဖော့ဘရစ် အားကစားကွင်းသို့ အပြာရောင် ခြင်္သေတွေကို ဦးစီးဖို့ ပြန်လည် ရောက်ရှိလာပါပြီ။
အင်္ဂလိပ် ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ချယ်လ်ဆီးသို့ တကြော့ပြန် ရောက်ရှိလာတဲ့ ပေါ်တူဂီ နည်းပြ ဟိုဆေး မော်ရင်ဟိုက ပြန်လည် ရောက်ရှိလာတဲ့အတွက် ပျော်ရွှင်နေသူတဦးပါလို့ ပြောဆိုသွားပါတယ်။ ဆက်လက်ပြီး မော်ရင်ဟိုက သူဟာ ပိုမိုရင့်ကျက်တည်ငြိမ်ပြီး အရင်ကထက် ပိုတော်တဲ့ နည်းပြ ဖြစ်လာပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
အသက် ၅၀ ရှိပြီဖြစ်တဲ့ ပေါ်တူဂီ နည်းပြ မော်ရင်ဟိုဟာ အပြာရောင်တပ်သားတွေကို ၂၀၀၄ ခုနစ်ကနေ ၂၀၀၇ အထိ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပေမယ့် ပိုင်ရှင် အေဗရာမိုဗစ်နဲ့ အဆင်မပြေဖြစ်ကာ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ နည်းပြဖြစ်ပါတယ်။
ချယ်လ်ဆီး အသင်းက မော်ရင်ဟို အသင်းကို ပြန်လာပြီး နည်းပြအဖြစ် တာဝန်ယူတော့မယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ကြေညာအပြီး ဇွန်လ ၁၀ ရက်နေ့မှာတော့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
မော်ရင်ဟိုက “ကျနော်ဟာ ချယ်လ်ဆီးကို ပြန်လာခွင့်ရတဲ့အတွက် ပျော်ရွှင်နေတဲ့သူတဦးပါ။ ကျနော်ဟာ ပိုမိုတည်ငြိမ်လာပြီး အခုအချိန်ဟာ ကျနော့်ရဲ့ နည်းပြသက်တမ်းမှာ အသိပညာ အစုံဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ကျနော်ဟာ နည်းပြလောကထဲကို ၂၀၀၀ ခုနစ်ထဲမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကျနော်ဟာ အဲဒီအချိန်တုန်းက ငါ အားလုံးသိတယ်ဆိုတဲ့ မာနရှိခဲ့ပေမယ့် ၁၃ နှစ်အကြာမှာတော့ ကျနော် ဘာမှ မသိသေးကြောင်းနဲ့ နေ့စဉ်နေ့တိုင်း သင်ယူစရာတွေ ရှိသေးတယ်ဆိုတာ သိလာပါတယ်။ ဥရောပမှာ ကျင်လည်ခဲ့ရတဲ့ စွန့်စားခန်းတွေဟာ ကျနော့်အတွက် အံ့မခန်းပါပဲ။ မတူကွဲပြားတဲ့နိုင်ငံတွေ၊ ရိုးရာယဉ်ကျေးမှုနဲ့ ကွဲပြားတဲ့ မီဒီယာတွေကြားမှာ သင်ခန်းစာတွေ အတော်ရလိုက်ပါတယ်။”
“အသက် ၅၀ ပြည့်ပေမယ့် ကျနော်ဟာ ကျနော့်ကိုယ်ကျနော် ငယ်ရွယ်တဲ့ နည်းပြတဦးအဖြစ် ထင်တုန်းပါပဲ။ အခုအချိန်ဟာ နောက်ထပ် စွန့်စားခန်းရဲ့ ခြေလှမ်းသစ်တခုလို့ ယူဆထားပါတယ်။ အခုအချိန်မှာ ကျနော်ဟာ အရင်ကနဲ့ မတူတဲ့သူတဦး ဖြစ်နေမယ်လို့ ထင်လား၊ ကျနော်ကတော့ အဲဒီလို မထင်ပါဘူး။ အရင်တုန်းက မော်ရင်ဟိုနဲ့ အခုမော်ရင်ဟိုဟာ အတူတူပဲဖြစ်ပြီး နည်းဗျူဟာ ပိုင်းချဉ်းကပ်မှုတွေမှာသာ ရှုထောင့်တွေ မတူတော့ဘဲ ပိုမိုရင့်ကျက်တဲ့နည်းပြ တဦး ဖြစ်လာမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ စာချုပ်သစ်
မော်ရင်ဟိုဟာ ယာယီနည်းပြ ဘန်နီတက်စ် ဆီကနေ တာဝန် လွှဲပြောင်းယူမှာဖြစ်ပြီး ချယ်လ်ဆီး အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “ကျနော်ဟာ စာချုပ်သက်တမ်း ကုန်တဲ့အထိ ချယ်လ်ဆီးကို တာဝန်ယူရဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အသင်းကသာ ကျနော့် ကိုင်တွယ်မှုကို ကျေနပ်ပြီး အသင်းမှာ ဆက်ရှိနေစေချင်ဆိုရင် ကျနော့်ကလည်း အတိုင်းမသိ ပျော်ရွှင်မိမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
သတင်းထောက်များကလည်း အခွင့်အရေးရတုန်း မော်ရင်ဟိုကို မန်ချက်စတာမြို့ခံ ပြိုင်ဘက် ၂ သင်းဖြစ်တဲ့ မန်ယူနဲ့ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ခွင့် ရှိခဲ့လားဆိုတာ မေးမြန်းရာ မော်ရင်ဟိုက “ကျနော်ဟာ ကျနော်ချစ်တဲ့အသင်းကို ရောက်ရှိလာတာပါ။ ဒီ့အတွက်နဲ့ ကျနော်ဘာကိုမှ မပြောင်းလဲနိုင်ပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။ ပေါ်တိုနဲ့ အင်တာမီလန် နည်းပြဟောင်းတဦး ဖြစ်တဲ့ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းမှာ ကိုင်တွယ်ခဲ့တုန်းက ဖလား ၅ ခု ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ အက်ဖ်အေ ဖလားတို့ကို ရရှိခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ ပိုင်ရှင် အေဗရာမိုဗစ်တို့ရဲ့ ဆက်ဆံရေးအခြေအနေ
“အရင်လို အောင်မြင်မှု ရရှိဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျနော်ဟာ အမြဲတမ်း ကျနော့်ရဲ့ အလုပ်အပေါ်ကို ယုံကြည်မှုရှိပါတယ်။ ဒီကလပ်မှာရှိတဲ့ လူအများစုကို ကျနော် ရင်းနှီးစွာသိထားပြီး သူတို့ရဲ့ ရည်မှန်းချက်နဲ့ စိတ်ဓာတ်မာကျောမှုတွေဟာ အသင်းရဲ့ အောင်မြင်မှုကို အထောက်အပံ့ ဖြစ်စေမှာပါ။ ကျနော့်ရဲ့ နည်းပြသက်တမ်းမှာ အသင်းကို စနစ်တကျ တည်ဆောက်ပြီး အောင်မြင်မှုတွေ ရရှိလာခဲ့တာပါ။ ကျနော်ဟာ ရောက်ရှိတဲ့အသင်းတိုင်းမှာ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီး အခု ချယ်လ်ဆီးအသင်းမှာလည်း အောင်မြင်မှုတွေကို ရယူပေးနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မော်ရင်ဟို ၂၀၀၇ ခုနစ် ရာသီအစမှာ ချယ်လ်ဆီးအသင်းကနေ ရုတ်တရက် ထွက်ခွာခဲ့စဉ်က ဘောလုံးပရိသတ်တွေ အံ့အားသင့်ခဲ့ရပြီး သတင်းတွေအရ ပိုင်ရှင် အေဗရာမိုဗစ်ရဲ့ အမျက်ရှမှုနဲ့အတူ ဆက်ဆံရေး ဆိုးရွားလာတာကြောင့် မော်ရင်ဟိုနဲ့ လမ်းခွဲခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အခု သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုဟာ ဒီသတင်းကို ရှင်းလင်းသွားခဲ့ပါတယ်။ ကျနော်ဟာ သတင်းစာတိုင်းမှာ ပိုင်ရှင်နဲ့ကျနော် အဆင်မပြေလို့ ကျနော် အထုတ်ခံခဲ့ရတယ်လို့ပဲ ဖတ်ခဲ့ရပါတယ်။ အမှန်တကယ်က အဲဒီလို မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို နှစ်ဦး သဘောတူ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပြီး နှစ်ဦးစလုံးအတွက် အလွန်ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဆက်ဆံရေး ပျက်ပြားသွားတယ်ဆိုတာ လုံးဝမဟုတ်ဘဲ အခုထက်ထိ ပိုင်ရှင် အေဗရာမိုဗစ်နဲ့ ဘောလုံးအကြောင်း ဆွေးနွေးနေဆဲပါလို့ ပြောဆိုသွားခဲ့ပါတယ်။
ဂျွန်တယ်ရီကိုသာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးမည်
ယခုအချိန်မှာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီဟာ ပြီးခဲ့နှစ်မှာ ပြဿနာပေါင်း များစွာနဲ့အတူ ခြေစွမ်းပိုင်းပါ ကျဆင်းခဲ့တာကြောင့် အသင်းရဲ့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး မော်ရင်ဟိုက ကျနော် ဘန်နီတက်စ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ရာ အကြောင်းမရှိပါဘူး။ ကျနော် ပြောနိုင်တာကတော့ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘာတွေကို လုပ်ဆောင်သွားမယ် ဆိုတာဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့မှာ တယ်ရီ အပါအဝင် ကစားသမား အားလုံးနဲ့ တွေ့ဆုံသွားမှာပါလို့ ပြောဆိုသွားခဲ့ပါတယ်။
မော်ရင်ဟို ပြန်လာတာနဲ့ ပတ်သက်ပြီး ချယ်လ်ဆီး အသင်းပရိသတ်များက အလွန်ဝမ်းသာနေကြသလို တခြား ပရီးမီးယားလိဂ် ကလပ်များကလည်း ချယ်လ်ဆီး အသင်း ပိုက်ဆံ ဘယ်လောက် သုံးဦးမယ်ဆိုတာ စိတ်ဝင်စားနေကြပါတယ်။ မော်ရင်ဟိုနဲ့အတူ ပရီးမီးယားလိဂ် အသင်းကြီးတွေဖြစ်တဲ့ မန်ယူမှာ မိုးယက်စ်နဲ့ မန်စီးတီးမှာ ပယ်လီဂရီနီ တို့လည်း နည်းပြသစ်တွေအဖြစ် ရောက်ရှိလာပြီး မကြာခင်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ သေချာတာကတော့ မော်ရင်ဟိုဟာ အင်္ဂလန်ကို ပြန်ရောက်လာချင်းမှာပဲ မီဒီယာကို ဆွဲဆောင်နိုင်ခဲ့ပြီး “စပယ်ရှယ်ဝမ်း” ကနေ “စပယ်ရှယ်ပျော်ရွှင်တဲ့လူသား” တဦးပါလို့ ကိုယ်တိုင်နာမည်တပ်ကာ သတင်းစာရှင်းလင်းပွဲကို ရယ်ရယ်မောမောနဲ့ အဆုံးသတ်ခဲ့ပါတယ်။
နည်းပြသက်တမ်း တလျှောက် မော်ရင်ဟို ရရှိဖူးတဲ့ ဖလားများ
ချန်ပီယံလိဂ် ဖလား (၂၀၀၄၊ ၂၀၁၀)
ယူအီးအက်ဖ်အေ ဖလား (၂၀၀၃)
ပေါ်တူဂီလိဂ် ဖလား (၂၀၀၃၊ ၂၀၀၄)
အင်္ဂလိပ် ပရီးမီးယားလိဂ် (၂၀၀၅၊ ၂၀၀၆)
အီတလီ စီးရီးအေ (၂၀၀၉၊ ၂၀၁၀)
စပိန် လာလီဂါ (၂၀၁၂)
ပေါ်တူဂီ ရှုံးထွက် ဖလား (၂၀၀၃)
အက်ဖ်အေ ဖလား (၂၀၀၇)
အင်္ဂလိပ်လိဂ် ဖလား (၂၀၀၄၊ ၂၀၀၆)
ကိုပါ အီတလီ ဖလား (၂၀၁၀)
ကိုပါဒယ်ရေး စပိန်ဖလား (၂၀၁၁)
ကိုးကား – ဘီဘီစီ