“မြန်မာ့စပါးကြီးမြွေ” ဟု ကမ္ဘာတဝှမ်းတွင် အမည်တွင်ခဲ့သည့် ကချင်လက်ဝှေ့သမား အောင်လ အန်ဆိုင်း သည် မတ်လ ၁၈ ရက်နေ့ ၊ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံတွင် ကျင်းပမည့် ဘက်စုံ ကိုယ်ခံပညာ သုံးပြိုင်ပွဲ(Mixed Martial Art-MMA) ONE Chanpionship ပြိုင်ပွဲတွင် မြန်မာကိုယ်စား ပြု ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၇ ရက်နေ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရသည့်အတွက် ဂုဏ်ယူ ကြောင်း ပြောဆိုသည်။
“လက်ဝှေ့က ကောင်းမွန်တဲ့ အားကစား တခုပါ။ မြန်မာပြည် မှာ ပြန်ကစားရတဲ့ အတွက် ဂုဏ်လည်း ဂုဏ်ယူတယ်။အရမ်းပျော်ပြီး ဝမ်းသာတယ်။ အိပ်မက်တခု လည်းဖြစ် နေတယ်။ ကြိုးစားရင် ဘာမှဆို ဖြစ်နိုင်တယ်။“ ကမ္ဘာအဆင့်မှီ ကိုယ်ခံပညာ အားကစား Mixed Martial Arts ( MMA) မကျင်းပမီ ကျနော် အသင်းနဲ့ ကျနော်လေ့ကျင့်ပါမယ်။ ပြီးမှာ မြန်မာပြည်ကို ပြန်လာမယ်” ဟု အောင်လအန်ဆိုင်း ကဆိုသည်။
ONE Championship ကမ္ဘာ့အဆင့်မီ ကိုယ်ခံ ပညာ စုပေါင်း အားကစား ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ် နှင့် အတူ ပူးပေါင်း ကျင်းပခြင်းဖြစ်ကြောင်း ONE Championship (ONE) ၏ CEO Victor Cui က ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
“ ဒီနှစ်ကတော့ ကျနော်တို့ Partner အသစ်ဖြစ်တဲ့ AGDဘဏ်ရဲ့ ပံ့ပိုးကူညီမှု နဲ့အတူ မြန်မာအားကစား လောကအတွက် အကြီးမားဆုံး အထောက်အကူ ဖြစ်လာမယ့် ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်သွားရန် ရည်ရွယ်ပြီး ပြန်ရောက်လာတာပါ” ဟု Victor Cui က ဆိုသည်။
AGDဘဏ် ၏ မန်းနေဂျင်း ဒါရိုက်တာ ဦးထူးထက်တေဇက ONE Championship အဖွဲ့ အစည်းနှင့် ပူးပေါင်း ဆောင်ရွက် ရသည့် အဓိက ရည်ရွယ်ချက် ၃ချက်မှာ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ တည်တံ့ရေး၊ ဆုံးဖြတ်ချက် တည်မြဲရေး နှင့် တိုးတက်ဖွံ့ဖြိုးရေး တို့ဖြစ်ကြောင်း ပြောကြားသည်။
ONE Championship အဖွဲ့အစည်း သည် အာရှ တွင် အကြီးမားဆုံး နှင့် အကျော်ကြားဆုံး Mixed Martial Arts အားကစားပွဲများကို စီစဉ်ကျင်းပ နေသည့် အဖွဲ့ အစည်း တခုဖြစ်သည်။ အာရှ ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းခန့် ရရှိပိုင်ဆိုင်ထား နိုင်သော အဖွဲ့ အစည်း တခုဖြစ်ပြီး စင်္ကာပူ နိုင်ငံ အခြေစိုက် အဖွဲ့ အစည်း တခုဖြစ်ကြောင်း သိရသည်။