ယခု အပတ်မှာတော့ ဘောလုံး ပရိသတ်တွေ အကြိုက်တွေ့မယ့် ဥရောပရဲ့ မှော်ဝင် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပြန်လည်စတင် ယှဉ်ပြိုင်ခဲ့ကြပြီးအသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံမှုအဖြစ် လေဗာကူဆင်-ဘာစီလိုနာ၊ အေစီမီလန်-အာဆင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့တဲ့အပြင် လီယွန်-အေပိုအယ်၊ ဇင်းနစ်-ဘန်ဖီကာ ပွဲစဉ်တွေဟာလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။
အေစီမီလန် ၄-၀ အာဆင်နယ်
အေစီမီလန်ဟာ ခြေစွမ်းအကောင်းကြီး မဟုတ်ခဲ့ပေမယ့် အာဆင်နယ် နောက်တန်းရဲ့ အမှားတွေကို ရအောင်အသုံးချသွားပြီး နောက်တဆင့်တက်ဖို့အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ နိုင်သွားခဲ့ပါတယ်။ ဘုတ်တန်း၊ ရော်ဘင်ဟို၊ အီဗရာဟီမိုဗစ်တို့ရဲ့ တိုက်စစ်ဟာ အာဆင်နယ် နောက်တန်းကို တချိန်လုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အီဗရာဟီမိုဗစ်ဟာ သူ့ကို လူကပ်ကစားတာကြောင့် တောင်ပံတွေပြေးထွက်ပြီး ဂိုး ၂ ဂိုး ကို ဖန်တီးပေးခဲ့တယ်။ ဒါ့အပြင် ပယ်နတီ တလုံးပါ သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။
အာဆင်နယ်မှာတော့ နောက်တန်းမှာ လူငယ်ကစားသမား ကီယန်ဂစ် ပြန်လည်ပါဝင်လာပြီး ဗာမယ်လန်က နောက်ခံအလယ်လူအဖြစ် ကိုစီယန်နီနဲ့တွဲဖက်ကစားခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ခြေစွမ်းပြနေတဲ့ ချိန်ဘာလင်ဟာ အရန်မှာသာ ပါဝင်လာပြီး ဆွန်း၊ ရမ်ဆေး၊ အာတီတာ၊ ရိုဆစ်စကီး တို့နဲ့ ကွင်းလယ်မှာ ပွဲထွက်လာပြီး ရှေ့တန်းမှာ ဗန်ပါစီနဲ့ ဝယ်ကော့တို့ပါဝင်လာပါတယ်။
အေစီက ပွဲစတယ်ဆိုရင်ပဲ တိုက်စစ်ကို တင်ကစားပြီး သမ္ဘာရင့် ကစားသမား ဆီးဒေါ့ဖ်ရဲ့ ဦးဆောင်မှုနဲ့ကွင်းလယ်ပိုင်းမှာ အသာစီးယူနိုင်ခဲ့ပါတယ်။ အေစီအတွက် အဖွင့်ဂိုးကို တော့တမ်ဟမ် ကစားသမားဟောင်း ဘုတ်တန်းက သွင်းယူပေးပြီး ဒုတိယဂိုးကို အီဗရာဟီမိုဗစ် တောင်ပံကနေ လူကျော်ထောင်ချောက်ကို ဖောက်ထွက်ကာ ဘော်လုံးကို လှလှပပ ဖြတ်သယ်လာပြီး ဂိုးအရှေ့ချပေးတာကို ရော်ဘင်ဟိုက ခေါင်းတိုက်ပြီး သွင်းယူသွားပါတယ်။ ပထမပိုင်းမှာတော့ အေစီအသင်းဟာ ၂ ဂိုးနဲ့ ဦးဆောင်နေပြီး ဒုတိယပိုင်း စတယ်ဆိုရင်ပဲ ရော်ဘင်ဟိုက တတိယမြောက် ဂိုးကို အဝေးကနေ ကန်သွင်းပေးခဲ့ပါတယ်။ ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာတော့ ဒီပွဲမှာ အကောင်းဆုံး ဘောလုံးသမား ဆုရသွားတဲ့ အီဗရာဟီမိုဗစ်က ပယ်နတီမှတဆင့် ကန်သွင်းယူပြီး အေစီမီလန်သားတွေအတွက် နောက်တဆင့်ကို ကျိန်းသေစေမယ့် ဂိုးကို ရယူပေးခဲ့ပါတယ်။ လာမယ့် အပတ်မှာတော့ စီအက်စ်ကေအေ မော်စကို-ရီးရဲယ်မက်ဒရစ်၊ နာပိုလီ-ချယ်ဆီး၊ ဘာဆယ်-ဘိုင်ယန်မြူးနစ်၊ မာဆေး-အင်တာမီလန်တို့ပွဲတေ ွကန်ကြမှာဖြစ်ပါတယ်။
လေဗာကူဆင် ၁-၃ ဘာစီလိုနာ
ဂွါဒီယိုလာရဲ့ ဘာစီလိုနာ အသင်းဟာ လက်ရှိချန်ပီယံ ဂုဏ်ပုဒ်ကို ဆက်ထိန်းဖို့အတွက် အဝေးကွင်းမှာ အကောင်းဆုံး ကစားသွားပြီး ဂျာမနီကလပ် လေဗာကူဆင်ကို အနိုင်ရရှိခဲ့ပါတယ်။ ချီလီကစားသမား ဆန်းချက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ မက်ဆီရဲ့ ဂိုးတွေနဲ့ ဂွါဒီယိုလာရဲ့ ဘာကာအသင်းဟာ ပြီးခဲ့တဲ့အပတ်က လာလီဂါ ရှုံးပွဲကို ချေဖျက်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လေဗာကူဆင်အသင်းဟာ ဘာကာရဲ့ တိုက်စစ်ကို အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပေမယ့် ၄၁ မိနစ်မှာ မက်ဆီရဲ့ ဘောလုံးပေးမှုကတဆင့် ဆန်းချက်စ်က နောက်တန်း ၂ ယောက်နဲ့အပြိုင် ယှဉ်ပြေးပြီး ဂိုးသမား ပေါင်ကြားထဲကနေ လျင်လျင်မြန်မြန် သွင်းယူသွားခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ လေဗာကူဆင်ဟာ ချေပဂိုးရရေး တိုက်စစ် ပြန်လည်မြင့်လာတာပြီး ၅၂ မိနစ်မှာ ကာဒလက်က ဘာစီလိုနာ ဂိုးသမား ဗယ်ဒက်စ်ရဲ့ ဘယ်ဘက်ကို ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ပွဲဟာ ပိုကြည့်ကောင်းလာပါတယ်။ ချေပဂိုး ပေးရပြီး ၄ မိနစ်အကြာမှာပဲ ဖာဘရီဂက်စ် ပေးပို့မှုကတဆင့် ဆန်းချက်စ်ဟာ ဂိုးသမားကိုပါ လိမ်ပြီး လှလှပပ သွင်းယူသွားတာကြောင့် ဘာစီလိုနာဟာ ဦးဆောင်ဂိုး ပြန်ရသွားပါတယ်။ နောက်ပိုင်းမှာ တဖက်နဲ့တဖက် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ဘာစီလိုနာကသာ ဘောလုံးပိုင်ဆိုင်မှုများခဲ့ပါတယ်။ ပွဲပြီးခါနီး ၃ မိနစ်အလိုမှာတော့ မက်ဆီ တကိုယ်တော်ပြေးဆွဲလာပြီး အဲဗက်စ်ကို ချပေးရာမှာ အဲဗက်စ်က မကန်ဘဲ ထောင့်ဖြတ်ဘော ပြန်ချပေးလိုက်တာကို မက်ဆီကပဲ ပိတ်သွင်းပြီး ပွဲသိမ်းဂိုးကို သွင်းယူပေးသွားပါတယ်။
တခြား ချန်ပီယံလိဂ် ရလဒ်များ
လီယွန် ၁-၀ အေပိုအယ်
ဇင်းနစ် ၃-၂ ဘန်ဖီကာ