ယခုတပတ်မှာတော့ ပရီးမီးယားလိဂ် ဒုတိယပတ် ပွဲစဉ်များကို ဆက်လက်ကျင်းပရာ ပွဲကြီးပွဲကောင်းတွေဖြစ်တဲ့ လစ်ဗာပူး-မန်စီးတီး၊ မန်ယူ-ဖူဟမ်၊ ချယ်ဆီး-နယူးကာဆယ်နဲ့ အိမ်ကွင်းမာတဲ့ စတုတ်-အာဆင်နယ် ပွဲစဉ်တို့ဟာ အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပါတယ်။ ပထမပတ်မှာ ရှုံးပွဲကိုယ်စီတွေ့ခဲ့ကြတဲ့ မန်ယူနဲ့ လစ်ဗာပူးအသင်းတို့ဟာ ပွဲကြပ်တွေ ထပ်မံကစားခဲ့ရပါတယ်။
တပတ်အတွင်း အကောင်းဆုံးပွဲ (လစ်ဗာပူး ၂-၂ မန်စီးတီး)
ချန်ပီယံလိဂ်ပြန်ဝင်နိုင်ဖို့ကြိုးစားနေတဲ့ လစ်ဗာပူးနဲ့ လက်ရှိချန်ပီယံ မန်စီးတီးတို့ရဲ့ စောစောစီးစီး ထိပ်တိုက်တွေ့ဆုံမှုဟာ ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ ရင်ခုန်သံကို အရှိန်မြှင့်တင်စေခဲ့တယ်ဆို မမှားပါဘူး။ မာဆေးဆိုဒ် အန်ဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ လစ်ဗာပူးအသင်းက ကွင်းလယ်မှာ အသာစီးရယူသွားပြီး ဂျာရတ်၊ အဲလန်၊ ရှယ်ဗီတို့ရဲ့ ကွင်းလယ်က တိုရေး၊ ဒီဂျွန်၊ နာစရီတို့ရဲ့ ကွင်းလယ်ကို အံ့အားသင့်လောက်အောင် ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ စကာတယ်ရဲ့ ခေါင်းတိုက်ဂိုးဟာ လစ်ဗာပူးအတွက် အဖွင့်လှစေခဲ့သလို ဒုတိယပိုင်းမှာ တိုရေးရဲ့ ချေပဂိုးဟာလည်း ပွဲကိုပိုမိုမြန်ဆန်လာခဲ့ပါတယ်။
လစ်ဗာပူးအသင်းက လူငယ်ကစားတွေဖြစ်တဲ့ စတာလင်၊ ကိုအာတက်စ်၊ ကယ်လီတို့ဟာ အကောင်းဆုံး ကြိုးစားသွားခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆွာရက်စ်ရဲ့ ဖရီးကစ် ကန်ချက်က မန်စီးတီးဂိုးသမား ဟတ်ကို လက်မှိုင်ကျစေခဲ့သလို စကာတယ်ရဲ့ ဘောလုံးနောက်ပြန်ပေးမှုကို ကောင်းကောင်း အခွင့်အရေးယူခဲ့တဲ့ တေးဗက်စ်ရဲ့ ဂိုးဟာလည်း လစ်ဗာပူးပရိတ်သတ်တွေကို ခဏတာတိတ်ဆိတ်စေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးက “ကျနော် အင်္ဂလန် ရောက်ပြီးကတည်းက ကန်ခဲ့တဲ့ပွဲစဉ်တွေထဲမှာ ဒီပွဲဟာ အခက်ခဲဆုံးပါပဲ။ အန်ဖီးကနေ သရေ တမှတ်ရယူနိုင်ခဲ့တာကို ကျေနပ်မိပါတယ်” ဆိုပြီး ပြောသွားပါတယ်။
လစ်ဗာပူးနည်းပြ ရော့ဂျားစ်ကတော့ “ကျနော်တို့ ကစားသမားတွေ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် စတာလင်နဲ့အဲလန်ဟာ သူတို့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့လို့ အနိုင်သာရသင့်ပေမယ့် စကာတယ်ရဲ့ ဒီလိုအမှားဟာလည်း ဖြစ်တတ်တာမို့ကျနော်တို့ ဘယ်လိုမှ အပြစ်မမြင်ပါဘူး။ နောက်ပွဲတွေမှာ ဒီ့ထက်ပိုကောင်းဖို့သင်ခန်းစာလို့သာ မှတ်ယူပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။
ကစားသမားအသစ်တွေရဲ့ ဂိုးနဲ့ နိုင်ပွဲရတဲ့ မန်ယူ (မန်ယူ ၃-၂ ဖူဟမ်)
ဒီပွဲစဉ်မှာတော့ အာဆင်နယ် တိုက်စစ်မှူး ဟောင်းဗန်ပါစီဟာ ဂျပန်ကွင်းလယ်လူ ကာဂါဝါနဲ့အတူ တိုက်စစ်မှာ ပွဲထွက်လာခဲ့ပြီး ရွန်းနီ၊ ဝယ်ဘက်၊ ချီချာရီတိုတို့ဟာ အရန်မှာ သာထိုင်နေခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးနိမ့်ပြီး ဖိအားများနေတဲ့ မန်ယူအသင်းနဲ့ ပထမပွဲစဉ်မှာ နော်ဝစ်အသင်းကို ၅ ဂိုးပြတ် အနိုင်ရထားတဲ့ ဖူဟမ် အသင်းတို့ရဲ့ ပွဲစဉ်ဟာ အပြန်အလှန် ဂိုးသွင်းပြီး ကြည့်ကောင်းခဲ့ပါတယ်။
အဖွင့်ဂိုးကို ပထမဆုံးရရှိသွားတဲ့အသင်းကတော့ ဖူဟမ်အသင်းဖြစ်ပြီး ဘရိုင်ယန် ရူးဝစ်ရဲ့ ဘောလုံးပေးပို့မှုကို ဒပ်ဖ်က အသာအယာပိတ်ပြီး သွင်းယူသွားခဲ့ပါတယ်။ ၁၀ မိနစ်အကြာမှာပဲ မန်ယူတိုက်စစ်မှူးအသစ် ဗန်ပါစီက အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ တဆက်တည်းမှာ ကာဂါဝါကလည်း ဗန်ပါစီနည်းတူ အသင်းသစ်အတွက် ပရီးမီးယားလိဂ် ပထမဆုံးဂိုးကို သွင်းယူပေးကာ မန်ယူအသင်းဟာ ဖူဟမ်အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ခြေစွမ်းပြနေတဲ့ မန်ယူညာနောက်ခံလူ ရာဖေးလ်ကတော့ တတိယဂိုးကို အပိုင် ခေါင်းတိုက်ပြီး သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ မန်ယူအသင်းဟာ ၃-၁ နဲ့ အနိုင်ရရှိနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဖူဟမ်အသင်းက ပိုမိုတိုက်စစ်ဆင်ကစားလာခဲ့ပြီး မန်ယူအသင်းမှာတော့ ကာဂါဝါအစား ရွန်းနီလည်း ဝင်ကစားခဲ့ပါတယ်။ ဖူဟမ်ကွင်းလယ်လူ ဒမ်ဘီလီဟာ မန်ယူနောက်တန်းကို တချိန်လုံး ဒုက္ခပေးနေခဲ့ပြီး မန်ယူဂိုးသမား ဒီဂေးယား ကာကွယ်နိုင်၍သာ မန်ယူသက်သာရာ ရခဲ့တာပါ။ ဖူဟမ် အသင်းအတွက် ဒုတိယဂိုးကိုတော့ ဒမ်ဘီလီ ထောင်ပေးလိုက်တဲ့ ဘောလုံးကို မန်ယူနောက်ခံလူ ဗီဒစ်နဲ့ ဒီဂေးယားတို့ နားလည်မှုလွဲပြီး ထွက်ယူတာကြောင့် ဘောလုံးဟာ ချော်ထွက်ပြီး ဗီဒစ်ရဲ့ နောက်ခြေထောက်ဖြင့်ထိကာ ဂိုးထဲဝင်သွားခဲ့ပါတယ်။ ဖူဟမ်အသင်းဟာ ချေပဂိုးရဖို့ ထပ်မံကြိုးစားခဲ့ပေမယ့် မန်ယူအသင်းနောက်တန်းရဲ့ ဖျက်ထုတ်မှုတွေကြောင့် ဂိုးထပ်မရရှိတော့ဘဲ အရှုံးပေးလိုက်ရပါတယ်။
ပွဲအပြီးမှာတော့ ဖာဂူဆန်က ပွဲချိန်အတွင်း ဒဏ်ရာရရှိကာ ထွက်သွားရတဲ့ ရွန်းနီနဲ့ပတ်သတ်ပြီး ၄ ပတ် နီးပါးမျှ နားရဖွယ်ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သလို တိုက်စစ်အတွဲသစ်တွေဖြစ်တဲ့ ဗန်ပါစီနဲ့ ကာဂါဝါတို့ ခြေစွမ်းပြနိုင်တာနဲ့ ပတ်သတ်ပြီး ဝမ်းသာမိကြောင်း ပြောဆိုခဲ့ပါတယ်။
တခြား ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ
စတုတ် ဝ-၀ အာဆင်နယ်
ဆွမ်ဆီး ၃-၀ ဝက်ဟမ်း
အက်စတွန်ဗီလာ ၁-၀ အဲဗာတွန်
နော်ဝစ် ၁-၁ ကျူပီအာ
ဆောက်သမ်တမ် ဝ-၂ ဝီဂန်
တော့တမ်ဟမ် ၁-၁ ဝက်ဘရွန်း
ချယ်ဆီး ၂-ဝ နယူးကာဆယ်