အင်အားကြီး နှစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ မနေ့ညက အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒုတိယပိုင်း ၄၅ မိနစ်ကျမှ အပြန်အလှန် ဂိုးတွေသွင်းကြကာ ရော်နယ်ဒိုရဲ့ဂိုးနဲ့ ရီးယဲလ်အသင်းက အဖွင့်ပွဲမှာ ၃ မှတ် ရယူသွားခဲ့ပါတယ်။ ပွဲဟာ အုပ်စုတွင်း ပွဲစဉ်ဖြစ်ပေမယ့် နှစ်သင်းစလုံးမှ ကစားသမားတွေရဲ့ အရည်အချင်းအပြင် နည်းပြကောင်းနှစ်ဦးဖြစ်တဲ့ မော်ရင်ညိုနဲ့ မန်ချီနီတို့ရဲ့ ဗျူဟာပြိုင်မှုကြောင့် ဖိုင်နယ်အလား ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
ရီးယဲလ်အသင်းမှာ (ဂိုး) ကာဆီးလက်စ်၊ ဗဲရိန်း၊ ပီပီ၊ မာဆယ်လို၊ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ရော်နယ်ဒို၊ အလွန်ဆို၊ အက်ဆီယန်၊ ဒီမာရီယာ၊ ဟီဂူအင်တို့ ပွဲထွက်ကစားခဲ့ပြီး ကာကာ၊ မော်ဒရစ်၊ အိုဇေးလ်၊ ဘန်ဇီမာတို့က အရန်မှာသာ ပါဝင်လာခဲ့ပါတယ်။
မန်စီးတီးအသင်းမှာတော့ (ဂိုး) ဂျိုးဟတ်၊ မိုင်ကွန်၊ ကွန်ပနီ၊ ကလစ်ချီ၊ မက်တီဂျာ၊ နာစရီ၊ ဂါးစီးယား၊ ဘယ်ရီ၊ ဆေးဗား၊ တိုရေး၊ တေးဗက်စ်တို့ ပွဲထွက်လာပြီး အဂူရို၊ ဂျက်ကို၊ ရော့ဒ်ဝယ်တို့က အရန်မှာ ပါဝင်လာခဲ့ပါတယ်။
ပွဲဟာ စတာနဲ့ အရှိန်မြင့်ခဲ့ပြီး နှစ်သင်းစလုံးဟာ ဘောလုံးကို မနားတမ်းပေးပြီး တိုက်စစ်ဆင် တာကြောင့် ကြည့်ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ခြေပျက်နေတဲ့ ရော်နယ်ဒို ဒီပွဲမှာ ခြေမှန်ပြန်ရပြီး အဝေးကစ် ကန်ချက်တွေနဲ့ မန်စီးတီး နောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီး အသင်းဟာ တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် တေးဗက်စ်ကို လူကပ်ကစားခဲ့တာကြောင့် တိုက်စစ် သေနေခဲ့ပါတယ်။ ပထမပိုင်း ၃၆ မိနစ်မှာ နာစရီ ကြွက်သားဒဏ်ရာကြောင့် ထွက်လိုက်ရတဲ့ အချိန်မှာတော့ မန်စီးတီးအသင်းဟာ သိသိသာသာကို ကစားအားကျသွားခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စလို့ ၆၃ မိနစ်မှာတော့ မန်ချီနီက ဆေးဗားအစား ဂျက်ကို ထည့်ကာ တိုက်စစ်မြှင့်ဖို့ ကြိုးစားတာ အလုပ်ဖြစ်သွားတာကြောင့် မန်စီးတီးအသင်း ၆၉ မိနစ်မှာ ဂျက်ကိုရဲ့ဂိုးနဲ့ အဖွင့်ဂိုး ရရှိသွားပါတယ်။ ရီးယဲလ်အသင်းကလည်း လူစားလဲတဲ့အနေနဲ့ အက်ဆီယန်အစား အိုဇေးလ်၊ ခက်ဒီရာအစား မော်ဒရစ်တို့ကိုထည့်ပြီး ပိုမိုတိုက်စစ်ဆင်ကစားစေခဲ့ရာ ၇၆ မိနစ်မှာ မာဆယ်လိုက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီး အသင်းရဲ့ မထင်မှတ်ဘဲ တချက်တချက် တိုက်စစ်ဆင်မှုဟာ ရီးယဲလ်အသင်းကို အငိုက်မိစေခဲ့ပြီး ၈၅ မိနစ်မှာ ကိုလာရော့ဗ်က ပြစ်ဒဏ်ဘော ဖရီးကစ်မှ မန်စီးတီးအသင်းအတွက် ထပ်မံဂိုးသွင်းယူခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ၃ မှတ်ရရှိဖို့ နီးစပ်နေခဲ့ပါတယ်။
ပွဲဟာ ပြီးခါနီးလေ ပိုမိုအရှိန်မြင့်တက်လာခဲ့ပြီး ဘန်ဇီမာက ချေပဂိုး သွင်းယူပေးခဲ့ကာ မိနစ် ၉၀ မှာတော့ ရော်နယ်ဒိုရဲ့ ကန်ချက်က မန်စီးတီး ဂိုးပေါက်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားခဲ့တာကြောင့် ပွဲအပြီးမှာ အိမ်ရှင် ရီးယဲလ်အသင်းက အမှတ်ပြည့်ယူကာ အဖွင့်လှသွားခဲ့ပါတယ်။ ယခုပွဲမှာ အရှုံးရလဒ်ကနေ ပွတ်ကာသီကာ လွတ်သွားတဲ့ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် အိမ်ကွင်းအဖွင့် ပွဲစဉ်တွေမှာ ရှုံးပွဲမရှိတဲ့စံချိန်ကို ဆက်ထိန်းသွားပြီး ၄၁ ပွဲအနိုင်၊ ၂ ပွဲသရေနဲ့ စံချိန်ကို ဆက်လက်ပြီး ရယူနေဆဲဖြစ်ပါတယ်။
ချန်ပီယံလိဂ် ပထမနေ့ ပွဲစဉ်များ ရလဒ်
ဒိုင်နမို ဇာဂရက် ဝ-၂ ပေါ်တို
ပီအက်စ်ဂျီ ၄-၁ ဒိုင်နမို ကီးယဗ်
အေစီမီလန် ဝ-၀ အန်ဒါလက်
မာလာဂါ ၃-၀ ဇင်းနစ်
ဘရုရှားဒေါ့မွန် ၁-၀ အိုင်းယက်
ရီးရဲယ် ၃-၂ မန်စီးတီး
အိုလံပီယာကော့စ် ၁-၂ ရှော်ကေး
မောင့်ပယ်လီယာ ၁-၂ အာဆင်နယ်