ပရိသတ်အများစု သိထားတဲ့ ကာလင်းဖလား ခေါ် အင်္ဂလန် လိဂ်ဖလားဟာ ယခုနှစ်မှာတော့ (Capital One Cup) ဆိုတဲ့ နာမည်အသစ်နဲ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီ Capital One ရဲ့ စပွန်ဆာပေးမှုကြောင့် နာမည်အသစ်ပြောင်းကာ ကျင်းပမယ့် ၂၀၁၂-၂၀၁၃ လိဂ် ရှုံးထွက် ဖလားဟာ မနေ့ညကစပြီး စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ယခုလက်ရှိ လိဂ်ဖလား ချန်ပီယံကတော့ လီဗာပူးလ် သင်းဖြစ်ပြီး မနှစ်က ဖိုင်နယ်ပွဲစဉ်မှာ ကားဒစ်အသင်းကို ပယ်နယ်တီနဲ့ အနိုင်ရရှိကာ လိဂ်ဖလားမှာ ၈ ကြိမ်တိတိ အများဆုံးရရှိထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။
မန်စီးတီး ၂ – ၄ အက်စတွန်ဗီလာ
အင်္ဂလန် ပြည်တွင်းဖလားတွေထဲက ရောဘတ်တို မန်ချီနီ မရဖူးသေးတဲ့ ဖလားဖြစ်တဲ့ လိဂ်ဖလားဟာ ဒီနှစ်မှာလည်း ပွဲဦးထွက်မှာတင် အခြေမလှဘဲ အိမ်ကွင်းမှာတင် အရှုံးပေးလိုက်ရပါတယ်။ လူအင်အားကောင်းကောင်းနဲ့ပွဲထွက်လာတဲ့ မန်စီးတီးအသင်းဟာ ဘာလော့တယ်လီ၊ ကိုလာရော့တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု၊ အက်ဘလွန်ဟောရဲ့ ဂိုးတွေကြောင့် သရေကျကာ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာ အန်ဇော့ဘီယားနဲ့ အက်ဘွန်လဟောတို့က ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ လိဂ်ဖလား ရယူရေးဟာ ပွဲဦးထွက်မှာတင် ကုန်ဆုံးသွားခဲ့ရပါတယ်။
ပွဲအပြီးမှာ ပြိုင်ဘက် နည်းပြနဲ့လည်း ရန်ဖြစ်ခဲ့တဲ့ မန်ချီနီဟာ ကျနော်တို့အသင်း ကစားပုံကောင်းမွန်ဖို့ လိုအပ်နေပါတယ်။ အထူးသဖြင့် အသင်းရဲ့ကစားပုံဟာ နှေးကွေးနေပြီး ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းရပါလိမ့်မယ်။ ဒီဖလားဟာ ဖလားတွေအာလုံးထဲက ၄ ခုမြောက် အရေးအကြီးဆုံး ဆိုပေမယ့် ကျနော် မရရှိဖူးသေးတဲ့ ဖလားဖြစ်တာကြောင်း သေချာ ဂရုစိုက် ပြိုင်ပွဲဝင်ခဲ့တာပါ။ ဒီ ရလဒ်နဲ့ပတ်သတ်ပြီး စိတ်ပျက်မိပါတယ်ဟု ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ၆ – ၀ ဝုဗ်ဖ်
မနေ့ညက ကစားသွားတဲ့ ပွဲစဉ်တွေထဲမှာ ချယ်ဆီးအသင်းက လူအင်အားအပြည့်သုံးပြီး ဂိုးမိုးရွာခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ဂိုးတွေကိုတော့ ကာဟေးလ်၊ ဘားထရန့်၊ မာတာ၊ ရိုမီယူ၊ တောရက်စ်နဲ့ မို့စစ်တို့က တဂိုးစီ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းရှိခဲ့ပြီး ပွဲချိန်တော်တော်များများမှာ ဝုဗ်ဖ်အသင်းကို ဖိကစားသွားခဲ့တာကို တွေ့ရပါတယ်။ ချယ်ဆီး လက်ထောက်နည်းပြ အက်ဒ်ဝက်နယူတန်ကတော့ အခုရလဒ်နဲ့ပတ်သတ်ပြီး “ကျေနပ်မိပါတယ်။ ကစားသမားတွေဟာ အထူးကြိုးစားခဲ့သလို နည်းစနစ်ကျကျ ကစားနိုင်ခဲ့လို့ ဒီလို ဂိုးပြတ်ရလဒ်ကို ရရှိခဲ့တာပါ။ ဒီပွဲမှာ အဓိက ကစားသမား တချို့ကို အနားပေးပြီး အနိုင်ရရှိတာကိုလည်း ကျေနပ်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယခုည လိဂ်ဖလား ရှုံးထွက် ပွဲစဉ်များ
အာဆင်နယ် – ကွန်ဗန်ထရီ
မန်ယူ – နယူးကာဆယ်
ဝက်ဘရွန်း – လစ်ဗာပူး
ကျူပီအာ – ရီးဒင်း
ကာလစ် – တော့တမ်ဟမ်