မနေ့ညက အင်္ဂလန် လိဂ်ဖလား ရှုံးထွက်ပွဲစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အသင်းကြီး တော်တော်များများ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး မန်ယူအသင်းက နယူးကာဆယ် အသင်းကို ၂-၁၊ အာဆင်နယ်က ကွန်ဗင်ထရီကို ၆-၁၊ လီဗာပူး အသင်းက ဝက်စ်ဘရွန်း အသင်းကို ၂-၁ နဲ့ နိုင်ပွဲကိုယ်စီရရှိခဲ့သလို တော့တမ်ဟမ် ဟော့စပါး အသင်းကလည်း ကာလစ် အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ကြပါတယ်။
အိမ်ကွင်းမှာ အနိုင်ရသွားတဲ့ မန်ယူအသင်း
မန်ယူ ၂ – ၁ နယူးကာဆယ်
မန်ယူအသင်းဟာ နောက်တန်းမှာ လူငယ် ကစားသမားတွေနဲ့ ပွဲထုတ်လာတာကလွဲရင် ကွင်းလယ်နဲ့ ရှေ့တန်းမှာ အန်ဒါဆင်၊ ကလေဗာလေ၊ ဖလက်ချာ၊ ရွန်းနီ၊ ချီချာရီတို၊ ဝယ်ဘက်တို့နဲ့ အင်အားပြည့် ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ် အသင်းကလည်း အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး ကိုလော့ချီနီ၊ တီယိုတီနဲ့ မန်ယူကွင်းလယ်လူဟောင်း အိုဘာတန် တို့ကိုသာ အရန်ကစားသမားတွေနဲ့ ရံကာ ကစားသွားခဲ့တာကို တွေ့ရပါတယ်။ မန်ယူအသင်းအတွက် ဂိုးကိုတော့ ဘရာဇီး ကွင်းလယ်ကစားသမား အန်ဒါဆင်က နယူးကာဆယ် နောက်တန်းလူတွေကို ဖြတ်ကျော်ပြီး ပထမပိုင်းပြီးခါနီး ၄၄ မိနစ်မှာ သွင်းယူခဲ့သလို ကလေဗာလေကလည်း မန်ယူအသင်းအတွက် သူရဲ့ ပထမဆုံးဂိုးကို ၅၈ မိနစ်မှာ သွင်းယူခဲ့ကာ နယူးကာဆယ် အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။
နယူးကာဆယ်အသင်းက လူစားလဲအနေနဲ့ မိနစ် ၆၀ မှာ ဆစ်စီ ဝင်လာပြီး ဝင်ဝင်လာခြင်းပင် ဂိုးသွင်းယူခဲ့တာကြောင့် နယူးကာဆယ်အသင်းဟာ မျှော်လင့်ချက်နဲ့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ဆေးမမီတော့ဘဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။ မန်ယူအသင်းဟာ ယခုပွဲ အနိုင်ရရှိသွားတာကြောင့် နောက်တဆင့်မှာ ချယ်ဆီးအသင်းရဲ့ စတမ်းဖော့ဘရစ်မှာ သွားရောက်ကစားရတော့မှာ ဖြစ်ပါတယ်။
ဂိုးမိုးရွာကောင်းဆဲ အာဆင်ဝင်းဂါးရဲ့ အာဆင်နယ်
အာဆင်နယ် ၆ – ၁ ကွန်ဗင်ထရီ
အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ ကန်တုန်းက လူစာရင်းကို အပြောင်းအလဲ တော်တော်များများ ပြုလုပ်ခဲ့ပြီး ဒီပွဲမှာ ဂိုးမိုးခေါင်နေတဲ့ ဂျီးရော့ဒ်က အာဆင်နယ်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးကတော့ ဝယ်လ်ကော့၊ ဂျိုရှူး၊ ချိန်ဘာလိန်၊ အာရှာဗင်၊ ဂျီးရောဒ် စတဲ့ နာမည်ကြီး ကစားသမားတွေကို အသုံးပြုပြီး အနိုင်ရရှိဖို့ ကြိုးစားခဲ့သလို အာဆင်နယ်အသင်းရဲ့ တိုက်စစ် ကောင်းလွန်းတာကြောင့် ဂျီးရော့ဒ်က ၃၉ မိနစ်၊ ချိန်ဘာလိန် ၅၇ မိနစ်၊ အာရှာဗင် ၆၃ မိနစ်၊ ဝယ်လ်ကော့ ၇၄မိနစ်နဲ့ မိနစ် ၉၀၊ မီကွယ် က မိနစ် ၈၀ တို့မှာ သွင်းယူခဲ့ကာ ကွန်ဗင်ထရီရဲ့ နှစ်သိမ့်ဂိုးကိုတော့ ၇၈ မိနစ်မှာ ဘောလ်က သွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြ အာဆင်ဝင်းဂါးက “ကျနော်တို့ အလုပ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်ထင်ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ နောက်တန်း ခံစစ်မှာ အမှားတွေရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်ကစားပုံ ပိုမိုထက်မြက်ခဲ့လို့ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ အာရှာဗင်၊ ဝယ်လ်ကော့၊ ချိန်ဘာလိန်၊ ဂျီးရော့ဒ် တို့ရဲ့ တွဲလုံးတွေဟာ ထိရောက်ခဲ့ပြီး ဒီပွဲရဲ့ ရလဒ်အပေါ် အထူးသက်ရောက်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လူငယ်သွေးသစ်တွေနဲ့ ခြေစွမ်းပြ အနိုင်ရတဲ့ လီဗာပူး
ဝက်စ်ဘရွန်း ၁ – ၂ လီဗာပူး
လီဗာပူး လက်ထောက်နည်းပြဟောင်း ကလက်ခ် ကိုင်တွယ်နေတဲ့ ဝက်စ်ဘရောင်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် အဖွင့်ပွဲတုန်းက ရလဒ်ကို ပြန်ရယူနိုင်ဖို့ လူအင်အားအပြည့်နဲ့ ပွဲထွက်ခဲ့ပါတယ်။ လီဗာပူးအသင်းကတော့ မန်ယူနဲ့ ပွဲစဉ်က ကစားသမား ၁၁ ယောက်လုံးကို ပြောင်းကာ လူငယ်သွေးသစ်တွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဝါရင့်ကစားသမားထဲက ဂျုန်း၊ ဒေါင်နင်း၊ ကာရက်ဂါတို့သာ ပါလာပြီး အသစ်ခေါ်ယူထားတဲ့ ဆာဟင်နဲ့ အက်ဆိုက်ဒီတို့ကိုလည်း ပွဲထွက်စေခဲ့ကာ အသင်းဟန်ချက်ညီအောင် ထိန်းဆော့သွားခဲ့တာ တွေ့ရပါတယ်။ လီဗာပူး ဂိုးသမား ဂျုန်းစ်ရဲ့ အမှားကြောင့် ဝက်စ်ဘရွန်း အသင်းဟာ ပွဲစပြီး ၃ မိနစ်ကြာမှာပဲ တာမက်စ်ရဲ့ဂိုးနဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး လစ်ဗာပူးအသင်းဟာ ပွဲအစမှာ ကစားကွက်တည်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ပွဲစဉ်နည်းနည်း ကြာလာတာနဲ့အမျှ အက်ဆိုက်ဒီရဲ့ ဘယ်ဘက်ခြမ်းမှ အလိမ်အခေါက်များဖြင့် တိုက်စစ်ဆင်မှုကြောင့် ဝက်စ်ဘရွန်း နောက်တန်းတွေ အသည်းအသန် ဖျက်ထုတ်ခဲ့ရပါတယ်။ ၁၇ မိနစ်မှာတော့ တူရကီ ကစားသမား ဆာဟင်က အဝေးမှ ကန်ချက်ပြင်းပြင်းဖြင့်ကန်ရာ ဘန်ဖော်စတာရဲ့ လက်နဲ့ ချော်ထွက်ပြီး ဂိုးဝင်သွားခဲ့ပါတယ်။
ပထမပိုင်းမှာ ၁-၁ ဂိုးနဲ့ သရေကျနေခဲ့ပြီး လစ်ဗာပူးအသင်းဟာ အနိုင်ဂိုး ရရှိရေးအတွက် တိုက်စစ်ဆင် ကစားနေခဲ့ရာ ၈၁ မိနစ်မှာတော့ ဆာမတ် ရေးဆယ်နဲ့ ပါချီကို တို့အစား ဆူဆိုနဲ့ အသက် ၁၆ သာရှိသေးသူ ဆင်ကလဲယားတို့ ဝင်ကစားကြပါတယ်။ သိပ်မကြာခင်မှာပဲ မန်ယူနဲ့ ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ စပိန်လူငယ်ကစားသမား ဆူဆိုရဲ့ ဖန်တီးပေးမှုကို အက်ဆိုက်ဒီက ဂိုးရှေ့ဖြတ်တင်ပေးရာမှာ အသင့်ရောက်နေတဲ့ ဆာဟင်က ပြေးဝင်ပိတ်ပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ယခုပွဲအနိုင်ကြောင့် ဖိအားတွေအောက် ရောက်နေတဲ့ ရော့ဂျားစ်ကို ဘောလုံးဝေဖန်ရေးသမားတွေက လူငယ်တွေနဲ့ ပွဲထုတ်ရဲတဲ့ သတ္တိကို ချီးကျူးသွားခဲ့ပါတယ်။
အင်္ဂလိပ်လိဂ် ဖလား စတုတ္ထအကျော့ ပွဲစဉ်များ
ဆန်းဒါးလန်း – မစ်ဒယ်ဘိုရီ
ဆွင်ဒန် – အက်စတွန်ဗီလာ
ဝီဂန် – ဘရတ်ဖော့ထ်
လိဒ် – ဆောက်သမ်ပတန်
နောဝစ် – တော့တမ်ဟမ်
လစ်ဗာပူး – ဆွမ်ဆီး
ချယ်ဆီး – မန်ယူ
ရီးဒင်း – အာဆင်နယ်
Source: BBC