အင်္ဂလိပ် ပရီးမီးယားလိဂ်ပွဲစဉ် (၆) မှာတော့ ပြင်းထန်တဲ့ လန်ဒန် ဒါဘီပွဲစဉ် အာဆင်နယ်-ချယ်ဆီးပွဲစဉ်ကို အီမီရိတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့သလို ချယ်ဆီးအသင်းက အဝေးကွင်းမှာ အဖိုးတန် ၃ မှတ် ရယူသွားနိုင်ပြန်ပါတယ်။ မန်ယူအသင်းဟာလည်း အိမ်ကွင်းအိုးထရက်ဖို့ထ်မှာ လန်ဒန် ကလပ်အသင်းကြီး စပါးနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ၁၉၈၉ နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ အရှုံးပေးလိုက်ရပါတယ်။ ဖူဟမ်အသင်းက အိမ်ကွင်းမှာ ချန်ပီယံမန်စီးတီးကို လက်ခံကစားခဲ့ပြီး ရောဘတ်တိုမန်ချီနီရဲ့ မန်စီးတီးအသင်းက ၃ မှတ် ရယူနိုင်ခဲ့သလို နိုင်ပွဲရှာဖွေနေတဲ့ လစ်ဗာပူးအသင်းဟာလည်း ဆွာရက်စ်ရဲ့ ဟက်ထရစ် ဂိုးတွေနဲ့ အဝေးကွင်းမှာ ပေါက်ကွဲခဲ့ပြီး နောဝစ် အသင်းကို ၅ ဂိုးသွင်းယူခဲ့ပါတယ်။ ပြောရရင်တော့ အဝေးကွင်းမှာ ကစားခဲ့တဲ့ အသင်းကြီးတွေ ခြေစွာခဲ့တဲ့ပွဲစဉ်တွေ ဖြစ်ခဲ့ပါတယ်။
လန်ဒန် ဒါဘီပွဲစဉ်မှာ အနိုင်ရသွားပြန်တဲ့ ချယ်ဆီး
(အာဆင်နယ် ၁ – ၂ ချယ်ဆီး)
အာဆင်နယ်နည်းပြ ဝင်းဂါးဟာ ဒီပွဲမှာ (ဂိုး) မန်နှုန်း၊ ဗာမယ်လန်၊ ကိုစီယန်နီ၊ ဂျန်ကင်ဆန်၊ ဂစ်ဘ်၊ ဒီယာဘီ၊ အာတီတာ၊ ရမ်ဆေး၊ ကာဇိုလာ၊ ပိုဒေါစကီးနဲ့ ဂါဗင်ဟိုတို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ (ဂိုး) ချက်၊ အီဗာနိုဗစ်၊ ကိုး၊ ဒေးဗစ် လူးဝစ်၊ တယ်ရီ၊ ရာမီရက်စ်၊ အော့စကာ၊ မီကေးလ်၊ တောရက်စ်၊ မာတာတို့နဲ့ ပွဲထွက်လာပြီးလမ်းပတ်နဲ့ ကာဟေးလ်တို့ကို အရန်မှာ အနားပေးထားခဲ့ပါတယ်။
ရောဘတ်တိုဒီမက်တီယိုရဲ့ ချယ်ဆီးအသင်းဟာ ယခုပွဲအနိုင်ရပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ရှိနေပြန်ပါတယ်။
လူမျိုးရေးခွဲခြားမှုစွဲချက် ပြဿနာနဲ့ကြုံတွေ့နေရတဲ့ ချယ်ဆီးအသင်းခေါင်းဆောင် တယ်ရီဟာလည်း ပွဲထွက်ကစားခဲ့ပြီး အသင်းရဲ့ ဟန်ချက်ကို ထိန်းကစားပေးခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ပထမဂိုးဟာ တယ်ရီရဲ့ ပါးနပ်မှုကတဆင့် တောရက်စ်အတွက် ကန်သွင်းခွင့်ရအောင် ဖန်တီးပေးခဲ့တာဖြစ်ပြီး တောရက်စ်ဟာလည်း ကိုစီယန်နီနဲ့ တိုးတိုက်ရင်း မထင်မှတ်ဘဲရအောင် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမပြီးခင် ၄၂ မိနစ်မှာပဲ ဂါဗင်ဟိုက အာဆင်နယ်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာကြောင့် ပွဲဟာပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှာတော့ ပထမဂိုးလိုပဲ ချယ်ဆီးကွင်းလယ်လူ မာတာ ပြစ်ဒဏ်ဘော ကန်တင်ရာမှတဆင့် ဂိုးထောင့်ကျဉ်းထဲကို လိမ့်ဝင်သွားတာကြောင့် ချယ်ဆီးအသင်းဟာ ဦးဆောင်ဂိုး ရသွားပြန်ပါတယ်။
အာဆင်နယ် အသင်းဟာ အိမ်ကွင်းပီပီ ချေပဂိုးရဖို့ အသည်းအသန် ပြန်လည်တိုက်စစ်ဆင် ကစားခဲ့ပေမယ့် တိုက်စစ်မှူးဂျီးရော့ဒ် အပိုင်လုံးကို ဘေးချော်ကန်မှု၊ ပိုဒေါစကီးရဲ့ လှပတဲ့ ခေါင်းတိုက်ချက်ကို ပီတာချက် ဖျက်ထုတ်ခဲ့တာတွေကြောင့် ပွဲအပြီးမှာ ချယ်ဆီးအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။ ဒရော့ဘာနေရာမှာ ဆက်ခံတဲ့ တောရက်စ်ကတော့ ဒီပွဲမှာ သူရဲ့ ပရီးမီးယားလိဂ် ၇၅ ဂိုးမြောက်ကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးအင်တာဗျုးမှာတော့ အာဆင်ဝင်းဂါးက မပေးသင့်တဲဂိုးတွေ ပေးလိုက်ရခြင်းကြောင့် ရှုံးနိမ့်တာကို ဝေဖန်ခဲ့ပြီး ဖလားရဖို့ မျှော်မှန်းနေတဲ့ ဝင်းဂါးအတွက် ထိုးနှက်ချက်တခု ဖြစ်ခဲ့ပါတယ်။
ချယ်ဆီးအသင်းနည်းပြ ဒီမက်တီယိုကတော့ ချယ်ဆီးအသင်း စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး ချီးကျုးသွားခဲ့သလို အသစ်ဝယ်ယူထားတဲ့ ကစားသမားတွေ အခြေကျသွားရင် ဒီထက်ပိုမို ကောင်းမွန်လာဖို့ ရှိကြောင်း ပြိုင်ဖက်အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။
၁၉၈၉ နောက်ပိုင်း အိုးထရက်ဖို့ထ်မှာ ပထမဦးဆုံး နိုင်ပွဲရှာတွေ့တဲ့ စပါး
(မန်ယူ ၂ – ၃ စပါး)
တော့တမ်ဟမ် ဟော့စပါးအသင်းဟာ ၂၃ နှစ်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ထ် ကွင်းမှာ နိုင်ပွဲရှာတွေ့ခဲ့ပါတယ်။ စပါးအသင်းဟာ ဂျန်ဗာတိုဟန်၊ ဂါရက်ဘေးလ်တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ အသာစီးရခဲ့ပြီး အနိုင်ကိုထိန်းကစားခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ (ဂိုး) လင်ဒီဂတ်၊ ရာဖီရယ်၊ အီဗရာ၊ ဖာဒီနန်၊ အီဗန်စ်၊ ဂစ်၊ ကာရစ်၊ နာနီ၊ စခိုးလ်၊ ကာဂါဝါနဲ့ ဗန်ပါစီတို့ ပွဲထွက်လာခဲ့ပြီး ရွန်းနီ၊ ချီချာရီတို၊ ဝယ်ဘက်၊ ကလေဗာလေတို့ဟာ အရန်မှာပါဝင်ခဲ့ပါတယ်။
စပါးအသင်းမှာတော့ (ဂိုး) ဖရီဒယ်၊ ဗာတိုဟမ်၊ ဂါးလက်စ်၊ ဝေါကာ၊ ကော်ကာ၊ ဒမ်ဆေး၊ လန်နွန်၊ ဘေးလ်၊ ဆန်ဒရို၊ ဒီဖိုး၊ ဒမ်ဘီလီတို့နဲ့ ပွဲထွက်လာခဲ့ပြီး အသစ်ဝယ်ယူထားတဲ့ ဟူဂိုလောရစ်ဟာ အရန်မှာသာ ဆက်လက်ပါဝင်လာခဲ့ပါတယ်။
ပွဲအစမှာတင် စပါးအသင်းက ခါ်ယူထားတဲ့ ဗာတိုဟမ်ဟာ ဘယ်တောင်ပံမှာ နောက်ခံလူတွေကြားက တဦးတည်း ဖြတ်ဆွဲလာပြီး မန်ယူအသင်းဂိုးစည်းထဲအရောက် ကန်သွင်းရာမှာ မန်ယူဂိုးသမား ဘယ်လိုမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးကြောင့် စပါးအသင်းဟာ အားတက်လာပြီး ပိုမိုဖိကစားလာခဲ့ကာ ကွင်းလယ်မှာ အပြေးမြန်တဲ့ ဂါရက်ဘေးလ်က သူရဲ့ ပင်ကိုယ်ဟန်အတိုင်း တဦးတည်းဆွဲပြေးကာ မန်ယူနောက်ခံလူတွေကို ကျော်ဖြတ်ပြီး မန်ယူဂိုးထောင့်ထဲကို ကန်သွင်းပြန်တာကြောင့် ၃၂ မိနစ်မှာတင် စပါးအသင်းဟာ ၂ ဂိုးနဲ့ ဦးဆောင်နိုင်နေခဲ့ပါတယ်။
စပါးအသင်းဟာ ကွင်းလယ်မှာ ဒမ်ဆေး၊ ဒမ်ဘီလီတို့အတွဲနဲ့ တဖက်အသင်းမှ ဂစ်နဲ့ စခိုးလ်တို့ကို စိုးမိုးထားခဲ့ပြီး မန်ယူအသင်း တိုက်စစ်ဆင်ခွင့်မရအောင် ပထမပိုင်းမှာ ဟန့်တားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရွန်းနီက ဂစ်အစား ဝင်လာတာကြောင့် မန်ယူအသင်း ပိုမိုတိုက်စစ်အားတက်လာခဲ့သလို နာနီအတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ တဆက်တည်းမှာ ဒမ်ဆေးက စပါးအသင်းအတွက် ၃ ဂိုးမြောက် သွင်းယူလိုက်သလို ၁ မိနစ်အကြာမှာပဲ မန်ယူအသင်းမှ ကာဂါဝါက ချေပဂိုးတဂိုး ပြန်သွင်းယူပေးခဲ့ပါတယ်။ ပွဲဟာ ပိုမိုအကြိတ်အနယ် ရှိလာပြီး မန်ယူအသင်းဟာ တတိယချေပဂိုးရဖို့ ကြိုးစားပေမယ့် စပါးအသင်းဟာ ခံစစ်ပုံစံ ကစားကာကွင်းလယ်မှာတင် ပိတ်ကစားတာကြောင့် ဖာဂူဆန်ရဲ့ မန်ယူအသင်း ဘယ်လိုမှ မတတ်နိုင်ဘဲ အရှုံးပေးလိုက်ရပါတယ်။ စပါးနည်းပြသစ် ဘိုးအားစ်အတွက်တော့ ကြီးကျယ်တဲ့ နိုင်ပွဲဖြစ်ခဲ့သလို တော့တမ်ဟမ် အသင်းရဲ့အနိုင်ဟာ ကွင်းအတွင်းရှိ မန်ယူပရိသတ် ၇ သောင်းကျော်ကို တိတ်ဆိတ်စေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၆ ပွဲမြောက်မှာ ဂိုးတွေနဲ့အတူ နိုင်ပွဲတွေ့သွားတဲ့ လီဗာပူး
နော်ဝစ် ၂ – ၅ လစ်ဗာပူး
ပွဲကျပ်တွေ ရင်ဆိုင်ကစားရပြီး ဖိအားအောက်ရောက်နေတဲ့ ဘရန်ဒန် ရော့ဂျားစ်အတွက် ကစားသမားတွေ ခြေစွမ်းပြတဲ့ ပွဲဆိုလျှင်မမှားပါဘူး။ အထူးသဖြင့် တိုက်စစ်မှူး ဆွာရက်စ်ဟာ ၂ နှစ်ဆက်တိုက် နော်ဝစ်ကွင်းမှာ ဟက်ထရစ် သွင်းတဲ့ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
နော်ဝစ် အသင်းကတော့ (ဂိုး) ရူဒီ၊ မာတင်၊ တာနာ၊ ဂါရစ်ဒို၊ ဘားနက်၊ ဂျွန်ဆန်၊ ဟောင်းဆန်၊ ဆာမန်၊ စနော့ဂရက်၊ ဂျက်ဆန်၊ မောရစ်ဆန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
လီဗာပူးအသင်းမှာ (ဂိုး) ရီနာ၊ ဂျွန်ဆန်၊ အက်ဂါ၊ စကာတယ်၊ ဝစ်ဒမ်၊ ဂျာရတ်၊ အဲလန်၊ ဆာဟင်၊ စတာလင်၊ ဆူဆိုနဲ့ ဆွာရက်စ်တို့ ပွဲထွက်လာခဲ့ပြီး အရန်မှာတော့ ဘိုရီနီ၊ အက်ဆိုက်ဒီ၊ ဟန်ဒါဆန်၊ ဒေါင်းနင်းတို့ ပါဝင်လာခဲ့ပါတယ်။လစ်ဗာပူးအသင်းနည်းပြ ဘရန်ဒန် ရော့ဂျားစ်ဟာ အသက် ၂၀ အောက် ကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဝစ်ဒမ်၊ ဆူဆိုတို့ ပွဲထွက်ကစားစေခဲ့တာလည်း ဒီပွဲမှာထူးခြားခဲ့ပါတယ်။
ပွဲအစ ၂ မိနစ်မှာတင် ဆွာရက်စ်က လီဗာပူးအသင်းအတွက် ဧရိယာအပြင်ဘက်မှတဆင့် ဂိုးထောင့်ထဲသို့ ကန်ကာသွင်းယူပေးခဲ့သလို ၃၈ မိနစ်မှာလည်း ထပ်မံဂိုးသွင်းယူပေးတာကြောင့် ပထမပိုင်းမှာ လီဗာပူးအသင်းက ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းဟာ တိုက်စစ် အားမချဘဲ တိုက်စစ်ဆင်ကစားရာမှာ ဆွာရက်စ်နဲ့ စတာလင် တွဲလုံးကနေ ဆာဟင်က သူ့အတွက် တပတ်အတွင်း ၃ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပါတယ်။
၁၀ မိနစ်အကြာမှာ လီဗာပူးအသင်းမှာ ခြေစွမ်းပြနေတဲ့ ဆာဟင် နောက်ခံလူတွေကြားက ပေးတာကို ဆွာရက်စ်က ဧရိယာအပြင်ဘက်ကနေ မထင်မှတ်ဘဲ ထောင့်ကျဉ်းထဲကို ကန်သွင်းယူတာကြောင့် ဟက်ထရစ် ရရှိသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ နောက်ဆုံးဂိုးကိုတော့ အသင်းခေါင်းဆောင် ဂျာရတ်က လှလှပပ သွင်းယူပေးခဲ့ ပြန်ပါတယ်။ နောဝစ် အသင်းအတွက် ချေပဂိုးတွေကိုတော့ မောရစ်ဆန်နဲ့ ဟော့တို့က ၆၁ နဲ့ ၈၇ မိနစ်တွေမှာ သွင်းယူပေးခဲ့ပါတယ်။
ဘောလုံးဝေဖန်ရေးသမားတွေကတော့ လီဗာပူးအသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ချီးကျုးပြောဆိုခဲ့သလို ဂျာရတ်ကလည်း လူငယ်ကစားသမားတွေကို ယုံယုံကြည်ကြည် ထုတ်ကစားရဲတဲ့ ရော့ဂျားစ်ရဲ့သတ္တိနဲ့ လုပ်ရပ်ကို ချီးကျူးသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် (၆) ရလဒ်များ
မန်ယူ ၂ – ၃ တော့တမ်ဟမ်
အဲဗာတန် ၃ – ၁ ဆောက်သမ်ပတန်
ဖူဟမ် ၁ – ၂ မန်စီးတီး
နော်ဝစ် ၂ – ၅ လီဗာပူး
ရီးဒင်း ၂ – ၂ နယူးကာဆယ်
စတုတ် ၂ – ၀ ဆွမ်ဆီး
ဆန်းဒါးလန်း ၁ – ၀ ဝီဂန်
အာဆင်နယ် ၁ – ၂ ချယ်ဆီး
အက်စတွန်ဗီလာ ၁ – ၁ ဝက်စ်ဘရွန်း
ကိုးကား ။ ။ BBC