ပရီးမီးယားလိဂ် ပွဲစဉ် (၉) ကို ပြီးခဲ့တဲ့အပတ် ဆက်လက်ကျင်းပရာမှာ အသင်းကြီးတွေထဲက အာဆင်နယ်က နောက်ကျဂိုးနဲ့ နိုင်ပွဲ ပြန်ရခဲ့သလို၊ လက်ရှိချန်ပီယံ မန်စီးတီး အသင်းကလည်း ဆွမ်ဆီး အသင်းကို အကြိတ်အနယ် ကန်ပြီး အနိုင် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။ စူပါဆန်းဒေး ပွဲစဉ်တွေမှာတော့ အဲဗာတန်နဲ့လစ်ဗာပူးတို့ အကြိတ်အနယ်ကန်ကြတဲ့ ဒါဘီ ပွဲစဉ်မှာ ၂-၂ ဂိုးနဲ့ သရေကျခဲ့ပြီး ပွဲပြီးခါနီး ဆွာရက်စ် ရဲ့ နောက်ကျဂိုးကို ဂိုးမပေးခဲ့တာကြောင့် ဝေဖန်သံတေ ွဆူညံခဲ့သလို၊ စတမ်းဖို့ဒ်ဘရစ်ဂျ် မှာကစားတဲ့ ချယ်ဆီး-မန်ယူတို့ ပွဲစဉ်မှာ ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ် ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်မှုတွေနဲ့အတူ ပွဲအပြီးမှာ နှစ်ဖက်အသင်း ပရိသတ်တွေကြား အငြင်းအခုံတွေ ဆူညံလို့နေပါတယ်။
ဒိုင်လူကြီးကြောင့် အရုပ်ဆိုးဆုံးဖြစ်သွားခဲ့တဲ့ပွဲ (ချယ်ဆီး ၂ – မန်ယူ ၃)
မန်ယူအသင်းဟာ ယခုပွဲ အနိုင်ကြောင့် လက်ရှိဇယားထိပ်မှာ ဦးဆောင်နေတဲ့ ချယ်ဆီး အသင်းကို အမှီလိုက်လာပြီး ၁ မှတ်အကွာနဲ့ဒုတိယနေရာမှာ ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ ချယ်ဆီး အသင်းကတော့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ် မှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရကာ ဇယားထိပ်မှာ ဆက်လက်ဦးဆောင်ဖို့ရုန်းကန်ရတော့မှာဖြစ်ပါ တယ်။
ဒီမက်တီယို ရဲ့ ချယ်ဆီး အသင်းမှာ ဂိုး ပီတာချက်။ နောက်တန်း အီဗာနိုဗစ် ၊ ဒေးဗစ်လူးဝစ် ၊ ကာဟေးလ် ၊ ကိုး။ ကွင်းလယ် ရာမီရက်စ်၊ မာတာ၊ အော်စကာ၊ မီခေးလ်၊ ဟာဇက်။
ရှေ့တန်း တောရက်စ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ နည်းပြ ဖာဂူဆန် ကတော့ အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ပြီး ဂိုး ဒီဂီယာ။ နောက်တန်း ရာဖေးလ် ၊ အီဗရာ ၊ ဖာဒီနန်၊ အီဗန်စ်။ ကွင်းလယ် ဗလင်စီယာ၊ ကာရစ်၊ ကလေဗာလေ၊ ယန်း။ ရှေ့တန်း ရွန်းနီ၊ ဗန်ပါစီ တို့နဲ့ ပွဲထွက်လာခဲ့ပြီး ဘယ်တောင်ပံ ကစားသမား အက်ရှလေယန်းဟာ ၂ လအကြာ ဒဏ်ရာနဲ့ နားနေရာက ပြန်သက်သာလာပြီး ချက်ချင်း ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပွဲစစခြင်း ချယ်ဆီး အသင်းဟာ အထနှေးခဲ့ပြီး တောင်ပံတွေကနေ ထိုးဖောက်ခံရပါတယ်။ အထူးသဖြင့် မန်ယူအသင်းဟာ တိုက်စစ်မှာ လူချဲကစားပြီး ဗန်ပါစီ ၊ ရွန်းနီ နဲ့အက်ရှလေ ယန်းတို့က နေရာစုံ ကစားသွားတာကြောင့် ချယ်ဆီးနောက်တန်း အငိုက်မိပြီး ၄ မိနစ်မှာတင် မန်ယူ အသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ညာတောင်ပံကနေ ရွန်းနီ ချပေးတဲ့ ဘောလုံးကို ဗန်ပါစီ အပိုင် ပိတ်သွင်းရာမှာ တိုင်ထိပြန်ထွက်လာပြီး လူးဝစ် ရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးပေါက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအစမှာ ကစားပုံကောင်းမွန်နေတဲ့ မန်ယူ အသင်းဟာ ၁၂ မိနစ်မှာလည်း ညာတောင်ပံကနေ ဗလင်စီယာ က မြေရှပ်ဘော ခပ်ပြင်းပြင်း ပို့ပေးတာကို ဗန်ပါစီ က ညာခြေဖြင့်ပိတ်ကာ ဒုတိယ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ ဗန်ပါစီ ရဲ့ နေရာယူကောင်းမွန်မှုကြောင့် ရခဲ့တာ ဖြစ်ပါတယ်။
ဒုတိယ ဂိုးပေးပြီးချိန်မှာ ချယ်ဆီး အသင်းက ပြန်တိုက်စစ်ဆင်လာပြီး ကွင်းလယ်ကို စီးထားနိုင်လာပါတယ်။ အထူးသဖြင့် မာတာ၊ အော်စကာနဲ့ ဟာဇက်တို့ရဲ့ တိုက်စစ်ဆင်ပုံဟာ အလွန်ကောင်းမွန်ခဲ့ပြီး မန်ယူအသင်း မနားတမ်း ဖျက်ထုတ်နေခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီး ၄၄ မိနစ်မှာတော့ ဒီပွဲမှာ ခြေစွမ်းပြနေတဲ့ မာတာက ဖရီးကစ်ကနေ လှလှပပ ကန်သွင်းယူပြီး ချယ်ဆီးအသင်းအတွက် မျှော်လင့်ချက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ချယ်ဆီးကပဲ မန်ယူကို ဆက်ဖိကစားပြီး အခွင့်အရေး တော်တော်များများ ရရှိခဲ့ပါတယ်။ ၅၃ မိနစ် မှာ အော်စကာနဲ့ မာတာ တို့ရဲ့ ဖန်တီးမှုကနေ ရာမီးရက်စ်က ခေါင်းတိုက်သွင်းယူပေးပြီး ချယ်ဆီး အသင်းအတွက် ချေပဂိုး သွင်းယူပေးတာကြောင့် ပွဲဟာ ပိုကြည့်ကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တာကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ချယ်ဆီး ကစားသမား ၂ ယောက်ကို ၅ မိနစ်အတွင်း ထုတ်ပယ်ခဲ့တာဟာ ရုပ်ဆိုးစေခဲ့သလို မန်ယူအသင်းရဲ့ လူကျွံဂိုး ကို ခွင့်ပြုခဲ့တာဟာ ပွဲအပြီးမှာ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အနိုင်ဂိုးကို ချီချာရီတိုက ၇၅ မိနစ်မှာ လူကျွံအနေအထားကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ဒီမက်တီယိုက “တောရက်စ်ကို ပြခဲ့တဲ့ ဒုတိယ အဝါကတ်ဟာ မဖြစ်သင့်သလို ပေးလိုက်ရတဲ့ နောက်ဆုံးဂိုးဟာလည်း လူကျွံဘောပါ။ ဒီလို ပွဲမျိုးဟာ ဒိုင်လူကြီး ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေကို တွေ့ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်ကို အထူးပြုပြီး ကစားနေခဲ့လို့ ပွဲဟာ ကြည့်ကောင်းနေခဲ့ပေမယ့် ပွဲရဲ့ ရသ ကို ဒိုင်လူကြီးတွေက ဖျက်ဆီးလိုက်ပါတယ် ” လို့ မကျေမနပ် ဆိုခဲ့ပါတယ်။ ပွဲအပြီး သတင်းအရ ချယ်ဆီး အသင်းတာဝန်ရှိသူတွေက ဒိုင်လူကြီး မာ့ခ်ကလက်တန် ဘတ် အပေါ် စုံစမ်းစစ်းဆေးမှု ုလုပ်ပေးဖို့ တိုင်ကြားစာ ပို့ခဲ့ကြောင်း သိရပါတယ်။ ချယ်ဆီးအသင်းရဲ့ ကစားသမား ၂ ယောက် ကို လူမျိုးရေး ခွဲခြားတဲ့ စကားလုံးတွေ သုံးခဲ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ အတူ တိုင်ကြားစာပို့ခဲ့တာပါ။
မန်ယူနည်းပြ ဖာဂူဆန် ကတော့ မန်ယူအသင်း ကံ အနည်းငယ် လိုက်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ချီချာရီတို ရဲ့ ဂိုးဟာ လူကျွံဘော ဖြစ်နိုင်တယ်လို့ဝန်ခံပါတယ်။ တောရက်စ်ရဲ့ အနီကတ်နဲ့ ပတ်သတ်ပြီးတော့ ပြောရာမှာ “သူ ဘာကြောင့်လှဲချလဲဆိုတာ နားမလည်နိုင်ပါဘူး။ အီဗန်ကို သူကျော်ဖြတ်ဖို့အကောင်းဆုံး အခွင့်အရေးရှိခဲ့ပေမယ့် သူလှဲချခဲ့တာကြောင့် အဝါကတ် ထပ်ရခဲ့တာဟာ သူ့အပြစ်ပါပဲ” လို့ ဆိုပါတယ်။ မန်ယူ အသင်းဟာ လာမယ့် အပတ်မှာ အာဆင်နယ် အသင်းနဲ့ ထိပ်တိုက်ကန်ရအုံးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဘောလုံးပရိသတ်တွေ လက်မလွတ်သင့်တဲ့ပွဲကောင်းတပွဲ ဖြစ်လာဦးမှာပါ။
ပရီးမီးယားလိဂ် ပွဲစဉ် (၉) ရလဒ်များ
မန်စီးတီး ၁-၀ ဆွမ်ဆီး
အာဆင်နယ် ၁ – ၀ ကျူပီအာ
ရီးဒင်း ၃ – ၃ ဖူဟမ်
စတုတ် ၀ – ၀ ဆန်းဒါးလန်း
ဝီဂန် ၂ – ၁ ဝက်ဟမ်း
အက်စတွန်ဗီလာ ၁ – ၁ နောဝစ်
အဲဗာတွန် ၂ – ၂ လစ်ဗာပူး
နယူးကာဆယ် ၂ – ၁ ဝက်ဘရွန်း
ဆောက်သမ်ပတန် ၁ – ၂ တော့တမ်ဟမ်
ချယ်ဆီး ၂ – ၃ မန်ယူ