ယခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့တော့တမ်ဟမ် ဟော့စပါးတို့ရဲ့ ထပ်တိုက်တွေ့ဆုံပွဲတွေ ရှိခဲ့ပြီး မန်စီးတီးက အနောက်ကလိုက်ပြီး နောက်ကျဂိုးနဲ့အိမ်ကွင်းမှာ တန်ဖိုးရှိတဲ့ ၃ မှတ်ရယူကာ ဇယား အဆင့် ၂ ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းကတော့ အိမ်ကွင်းမှာ လစ်ဗာပူးအသင်းကို ဧည့်ခံကစားပြီး သရေ ရလဒ်သာ ရယူနိုင်တာကြောင့် အရင်တပတ်တုန်းက ဇယားထိပ်ကနေ (၂) ကို ဆင်းပေးရာကနေ ယခုတပတ်မှာတော့ အဆင့် (၃) ကို ရောက်ရှိသွားပါတယ်။ လက်ရှိဇယားထိပ်မှာ ဦးဆောင်နေဆဲ မန်ယူအသင်းကတော့ စနေနေ့တုန်းက အက်စတွန်ဗီလာ အသင်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာမှ ချီချာရီတိုရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ဇယားထိပ်မှာ ဆက်လက်ရပ်တည်လျက် ရှိပါတယ်။
ဂျက်ကိုရဲ့ နောက်ကျဂိုးနဲ့အနိုင်ရပြန်တဲ့ မန်စီးတီး
မန်စီးတီး ၂ – ၁ စပါး
ဒီပွဲမှာ သူရဲကောင်း ဖြစ်သွားပြန်တဲ့ ဂျက်ကိုဟာ သူလူစားလဲဝင်တာကနေ ဂိုးသွင်းတဲ့ပွဲတွေမှာ မန်စီးတီးက အနိုင်ရရှိတဲ့ စံချိန်ကို ထိန်းသွားပြန်ပါတယ်။ အခုအချိန်အထိ ဂျက်ကို လူစားလဲရာကနေ ဂိုးသွင်းပေးမှုကြောင့် မန်စီးတီးဟာ ၉ ပွဲ နိုင်ထားဖူးပါပြီ။
အိမ်ရှင်မန်စီးတီး အသင်းမှာ (ဂိုး) ဟတ်၊ ကွန်ပနီ၊ ဇာဘလက်တာ၊ ကိုလာရော့ဗ်၊ ကလစ်ချီ၊ နာတက်စတစ်၊ ဘယ်ရီ၊ ဆေးဗား၊ တိုရေး၊ အဂူရို၊ တေးဗက်စ်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။
စပါးအသင်းမှာတော့ (ဂိုး) ဖရီဒယ်၊ ဗာတိုဟမ်၊ ဂဲလက်စ်၊ ဝေါ့ကား၊ ကော့ကား၊ ဒမ်ဆေး၊ ဟက်ဒယ်စတုန်း၊ လန်နွန်၊ ဘေးလ်၊ ဆန်ဒရို၊ အဒီဘာရောတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။
ပွဲရဲ့ ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းခဲ့တာကတော့ ဧည့်သည်အသင်း စပါးပြီးဖြစ်ပြီး ကော့ကားရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် ကန်ချက်တွေ ပျော့နေတဲ့အပြင် စပါး ဂိုးသမား ကောင်းနေတာကြောင့် ပထမပိုင်းမှာ ဂိုးမရရှိဘဲ ဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဆေးဗား နေရာလွတ်တွေ ပိုမိုရလာပြီး စပါးအသင်းကို ဖိအားပေး ကစားတာကြောင့် စပါးအသင်းဟာ ကွင်းလယ်အဖျက်မှာသာ အချိန်ကုန်နေခဲ့ပါတယ်။ ပွဲရဲ့ ၆၅ မိနစ်မှာတော့ အဂူရိုက မန်စီးတီးအသင်းအတွက် ချေပဂိုး သွင်းယူပေးပြီး အနိုင် ၃ မှတ်ရဖို့အတင်းဖိကစားလာတာကြောင့် ပွဲဟာ ပိုကြည့်ကောင်းလာပါတယ်။ ပွဲချိန် ၇၃ မိနစ်မှာတော့ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ တေးဗက်စ် အစား ဂျက်ကို ဝင်ရောက်လာပြီး မန်စီးတီးအသင်း တိုက်စစ်ဟာ ပိုမိုအသက်ဝင်လာပါတယ်။ မိနစ် ၉၀ ပြည့်ဖို့ ၂ မိနစ်အလိုမှာတော့ ဂျက်ကိုနဲ့ဆေးဗားတို့ အချိတ်အဆက်လုပ်ပြီး လွတ်ထွက်လာတဲ့ဘောလုံးကို ဂျက်ကိုကပဲ အချိန်ကိုက်ပြေးထွက်ကာ စပါးနောက်ခံလူ ဒေါ်ဆန်နဲ့ ယှဉ်ပြေးရင်း ဘယ်ခြေထောက်နဲ့ အပြင်းကန်သွင်းရာ စပါး ဂိုးသမား ဘာမှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။ ဒီဂိုးကြောင့် မန်စီးတီး အသင်းဟာ ၂၀၁၀ ကတည်းက စံချိန်တင်လာတဲ့ အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ပြီး အခုအခါမှာ ၃၅ ပွဲဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ မန်ချီနီကတော့ ဒီပွဲရဲ့ အနိုင်ဂိုးသွင်းရှင် ဂျက်ကို ကို အားရနေပြီး ဒီပွဲအနိုင်ကြောင့် နောက်ပွဲတွေမှာ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံ ပိုမိုကောင်းလာဖို့ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ စပါးနည်းပြ ဘိုးအာစ့်ကတော့ အနိုင်ကနေ အရှုံးရလဒ် ဖြစ်သွားတာကို စိတ်ပျက်မိကြောင်းနဲ့ မန်စီးတီးအသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ဆွာရက်စ်ရဲ့ ချေပဂိုးနဲ့ ချယ်ဆီးကွင်းမှာ သရေကျတဲ့ လစ်ဗာပူး
ချယ်ဆီး ၁ – ၁ လစ်ဗာပူး
ချယ်ဆီးအသင်းဟာ ဒီပွဲမှာ အနိုင်ကစားပြီး ၃ မှတ်ပြန်ယူဖို့ လူအင်အားပြည့် ပြန်ထွက်လာပြီး ရှေ့တန်းလူ တောရက်စ်ဟာ သူ့ရဲ့အသင်းဟောင်း လစ်ဗာပူးအသင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာ ဖြစ်သလို လစ်ဗာပူး နောက်ခံလူ ဂျွန်ဆင်ဟာလည်း သူ့ရဲ့ အသင်းဟောင်း ချယ်ဆီးနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။
ချယ်ဆီး အသင်းမှာ (ဂိုး) ပီတာ ချက်၊ အီဗာနိုဗစ်၊ တယ်ရီ၊ အက်ဇ်ပေးကွေးတာ၊ ဘားထရန့်၊ ရာမီရက်စ်၊ မာတာ၊ အော်စကာ၊ မီခေးလ်၊ ဟာဇက်၊ တောရက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
လစ်ဗာပူး အသင်းကတော့ ကစားကွက် ပြောင်းပြီး (ဂိုး) ဂျုန်းစ်၊ ဂျွန်ဆန်၊ ဝစ်ဒမ်၊ ကာရက်ဂါ၊ အက်ဂါ၊ အန်နရစ်ကေး၊ ဆာဟင်၊ ဂျာရတ်၊ အဲလန်၊ စတာလင်နဲ့ ဆွာရက်စ်တို့ပွဲထွက်လာပါတယ်။
ချယ်ဆီး အသင်းမှာတေ့ လူမျိုးရေးခွဲခြားမှု စွဲချက်ကြောင့် ၄ ပွဲပယ်ခံရတဲ့ တယ်ရီ ပထမဦးဆုံး ပြန်လည်ပါဝင်လာပြီး မိနစ် ၂၀ မှာတင် သူရဲ့ အသင်းအတွက် ထောင့်ကန်ဘောကနေ ခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့ပါတယ်။ ဒီ ဂိုးဟာ လစ်ဗာပူး နောက်ခံလူတွေ တယ်ရီကို လူကပ်မကစားမှုကြောင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်းစလုံးဟာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ သိပ်မပြုလုပ်နိုင်ဘဲ ကွင်းလယ်မှာသာ အချိန်ကုန်နေခဲ့ပါတယ်။ အထူးသဖြင့် လစ်ဗာပူး အသင်း က ၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာတာကြောင့် ချယ်ဆီး အသင်းကလည်း ကစားပုံပျက်သွားသလို လစ်ဗာပူး အသင်းဟာလည်း ခံစစ်ကစားပုံသာ တိုးတက်လာပြီး တိုက်စစ်မှာ ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ပထမပိုင်းမှာ အော်စကာနဲ့ မာတာတို့ အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့တာဟာလည်း လစ်ဗာပူးအသင်းအတွက် ကံကောင်းစေခဲ့ပါတယ်။ ပထမပိုင်းပြီးဖို့ မိနစ်ပိုင်းအလိုမှာတော့ ဆွာရက်စ်နဲ့ တယ်ရီတို့ မတော်တဆ ထိခိုက်မိပြီး တယ်ရီ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တာကြောင့် ကားဟေးလ်နဲ့လူစားလဲခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ လစ်ဗာပူအသင်းက အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ပြီး မိနစ် ၆၀ မှာ ဆာဟင်အစား ဆူဆို ဝင်လာကာ ပုံမှန်ကစားကွက် ၄-၃-၃ ပုံစံနဲ့ ကစားပြီး ချယ်ဆီးအသင်းကို စတင်ဖိကစားလာခဲ့ပါတယ်။ မိနစ် ၇၃ မှာတော့ ဆူဆိုက ထောင့်ကန်ဘောကနေ တဆင့် ထောင်ပေးတဲ့ဘောလုံးကို ကာရက်ဂါက ခေါင်းနဲ့ ရှပ်တိုက်ရာကနေ အသင့်ကျလာတဲ့ ဘောလုံးကို ဆွာရက်စ်က အပိုင်သွင်းယူပေးပြီး လစ်ဗာပူးအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ လစ်ဗာပူး အသင်းဟာ ချေပဂိုး သွင်းယူခဲ့ပေမယ့် ကွင်းလယ်မှာသာ ထိန်းကစားခဲ့သလို ချယ်ဆီးအသင်းကတော့ တိုက်စစ်ဆင်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နှစ်ဖက်အသင်းစလုံး ဂိုးထပ်မံ မသွင်းနိုင်တော့ဘဲ သရေ ရလဒ်နဲ့သာ ပွဲဟာပြီးဆုံးခဲ့ပါတယ်။
ပွဲအပြီးမှာ ချယ်ဆီးနည်းပြ ဒီမက်တီယိုက ဂိုးသွင်းခွင့်တွေ လွဲချော်ခဲ့တာနဲ့ပတ်သတ်ပြီး စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သလို လစ်ဗာပူးနည်းပြ ရော်ဂျားစ်ကလည်း ရှုံးနေရာကနေ စိတ်ဓာတ်မကျဘဲ သရေ ရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ချယ်ဆီးအသင်းဟာ အဆင့် (၃) သို့ဆင်းပေးခဲ့ရပြီး လစ်ဗာပူး အသင်းဟာလည်း အဆင့် (၁၃) မှာသာ ဆက်လက် ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) ရလဒ်များ
အက်စတွန်ဗီလာ ၂ – ၃ မန်ယူ
အာဆင်နယ် ၃ – ၃ ဖူဟမ်
အဲဗာတွန် ၂ – ၁ ဆန်းဒါးလန်း
ရီးဒင်း ၀ – ၀ နော်ဝစ်
ဆောက်သမ်ပတမ် ၁ – ၁ ဆွမ်ဆီး
စတုတ် ၁ – ၀ ကျူပီအာ
ဝီဂန် ၁ – ၂ ဝက်ဘရွန်း
ချယ်ဆီး ၁ – ၁ လစ်ဗာပူ
နယူးကာဆယ် ၀ – ၁ ဝက်ဟမ်း
မန်စီးတီး ၂ – ၁ တော့တမ်ဟမ် ဟော့စပါး
ကိုးကား – BBC