တောင်ကိုရီးယား လက်ရွေးစင်ဟောင်း နည်းပြ ပါ့ဆောင်ဟွာ ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ ဂျပန်နိုင်ငံ ဒုတိယတန်း ကလပ်ဖြစ်တဲ့ ဖာဂီယာနို အိုကာယာမအသင်းနဲ့ ဆူဇူကီးဖလားအကြို ခြေစမ်းပွဲ ၂ ပွဲကို ရန်ကုန်မြို့သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
ခြေစမ်းပွဲ ပထမပွဲစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ တပွဲ၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တပွဲ ခြေစမ်းကာ အပြီးသတ် လူရွေးသွားမယ်လို့ သိရပါတယ်။
မြန်မာ အသင်းဟာ အောက်တိုဘာလ အတွင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဆူဇူကီးဖလား ခြေစစ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၃ ပွဲနိုင်၊ ၁ပွဲ သရေနဲ့ ယှဉ်ပြိုင်ကစားကာ ရှုံးပွဲမရှိခဲ့ဘဲ အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်လာခဲ့တာကြောင့် အခုဆိုရင် ကမ္ဘာ့ဘောလုံး သတ်မှတ်ချက်မှာလည်း သိသိသာသာကို တိုးတက်လာခဲ့ကာ အာဆီယံအတွင်းမှာ အဆင့် ၄ အထိ တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့ စတင်ယှဉ်ပြိုင်ရမယ့် အုပ်စု (A) ပွဲစဉ်တွေထဲမှာ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ ပါဝင်နေပြီး အဖွင့်အနေနဲ့ မြန်မာအသင်းက လက်ရှိ အာဆီယံတွေအသင်းတွေထဲမှာ ခြေစွမ်း အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မြန်မာအသင်း ပရိသတ်များကတော့ ယခုအချိန်အထိ မြန်မာရှေ့တန်းလူ ကျော်ကိုကိုရဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာမှု သတင်းကို နားစွင့်နေကြပြီး ဆူဇူးကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းအတွက် ကစားပေးနိုင်ဖို့ မျှော်လင့်နေကြကြောင်း ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တွေ့နေရပါတယ်။ နိုင်ငံခြားမီဒီယာများကပါ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကျော်ကိုကိုဟာ မြန်မာအသင်းနဲ့ အိုကာယာမတို့ရဲ့ ခြေစမ်းပွဲမှာ ပါဝင်လာနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
ကိုးကား – Aseanfootball.org