မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို မူလသတ်မှတ်ထားတဲ့ မွန်ထောင် ဘောလုံးကွင်းမှာ မကန်တော့ဘဲ ဘန်ကောက်မြို့လယ်ရှိ စူပါချာလဆိုင်ကွင်းမှာ ည ၈း၂၀ မှာ ယှဉ်ပြိုင်သွားမယ်လို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က AFF Suzuki ဝက်ဘ်ဆိုဒ်မှာ ကြောယသွားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ ၂ ပွဲကစားထားပြီး ဗီယက်နမ်အသင်းနဲ့ ၁-၁ ရလဒ် သရေကျထားပါတယ်။ ထိုင်းအသင်းကိုတော့ ၄-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။
ဒါပေမယ့် မြန်မာအသင်းဟာ အုပ်စုတက်ရေး ကံကြမ္မာ ကိုယ့်လက်ထဲမှာ ရှိနေဆဲဖြစ်ပြီး ဖိလစ်ပိုင်အသင်းကို အနိုင်ရရင် အုပ်စုတက်ဖို့ အခွင့်အရေးရှိပါတယ်။ တဖက်ပွဲစဉ်မှာ ထိုင်းအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗီယက်နမ် အသင်းကလည်း ထိုင်းအသင်းကို နိုင်ရင် အုပ်စုတက်ဖို့အခွင့်အရေးက မြန်မာနဲ့ တန်းတူရှိပါသေးတယ်။
မြန်မာအသင်းရဲ့ နောက်ဆုံးရသတင်းများ
မြန်မာအသင်းရဲ့ လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က “ကျနော်တို့ အကောင်းဆုံး ကြိုးစားကစားပြီး အနိုင်ရမှဖြစ်မှာပါ။ နည်းပြ ပါ့ဆောင်ဟွာနဲ့ ကျနော်တို့ဟာ ထိုင်းအသင်းကို ရှုံးနိမ့်အပြီးမှာ ကစားသမားတွေ စိတ်ဓာတ်ပြန်လည် တက်ကြွလာစေဖို့ ကြိုစားနေပါတယ်။ ကျနော်တို့ ကိုယ့်နိုင်ငံ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရပါမယ်။ ကျနော်တို့ ဒီပွဲကို အနိုင်ရရှိမှဖြစ်မယ်” ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာအသင်းရဲ့ ကြယ်ပွင့်ကစားသမား ကြည်လင်းကလည်း ထိုင်းအသင်းကို ဂိုးပြတ် ရှုံးနိမ့်တဲ့အတွက် မြန်မာပရိတ်သတ်ကြီး တောင်းပန်ပါကြောင်းနဲ့ ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်အသင်းရဲ့ နောက်ဆုံးရသတင်းများ
ဖိလစ်ပိုင်အသင်းဟာ ဗီယက်နမ်အသင်းကို အနိုင်ရရှိသွားတဲ့အတွက် တအားကို စိတ်ဓာတ်တက်ကြွနေပြီး ဆူဇူးကီး ဖလားမှာ ၂ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်တက်ဖို့ မျှော်လင့်နေပါတယ်။ ဖိလစ်ပိုင်အသင်းနည်းပြ ဝေ့စ်ကတော့ “ကျနော်တို့ ဗီယက်နမ်ကို နိုင်လိုက်တဲ့အတွက် နောက်တဆင့်တက်ရေးဟာ ကျနော်တို့လက်ထဲ ရောက်ရှိလာပါပြီ။ ဒီအကောင်းဆုံး ပုံစံကိုသာ ဆက်ထိန်းနိုင်ရင် နောက်တဆင့်တက်ဖို့ ကျနော်တို့မှာ အခွင့်အရေးရှိပါတယ်။ အခုအချိန်မှာ အသင်းတိုင်းဟာ အုပ်စုတက်ဖို့ အခွင့်အရေး ကိုယ်စီရှိနေပါတယ်။ အဲ့ဒါကြောင့် ပွဲတိုင်းကို ဂရုစိုက်ဖို့ လိုအပ်နေပြီး တခြားအသင်းတွေရဲ့ ရလဒ်ကို ကြည့်နေဖို့မလိုအောင် တဖက်အသင်းကို အနိုင်ကန်သွားမှာပါ” ဆိုပြီး ပြောသွားပါတယ်။
နှစ်ဖက်အသင်းရဲ့ ထပ်တိုက်တွေ့ဆုံမှုများ
ဖိလစ်ပိုင်အသင်းဟာ ဆူဇူးကီးဖလား သမိုင်းတလျှောက် မြန်မာအသင်းကို လက်ရှိအချိန်အထိ အနိုင်မရဖူးသေးတာက မြန်မာအသင်းအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေမှာပါ။ မြန်မာအသင်းဟာ ဖိလစ်ပိုင်အသင်းနဲ့ ဆူဇူးကီး သမိုင်းတလျှောက် ၄ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ်တွေ ရရှိထားပြီး ဒီတစ်ကြိမ်မှာလည်း အုပ်စုတက်ဖို့အတွက် ဖိလစ်ပိုင်အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။
ယနေ့ပွဲစဉ်မှာလည်း မြန်မာဘောလုံးအဖွဲ့ချုပ်က လာအားပေးတဲ့ ထိုင်းနိုင်ငံရောက် မြန်မာ ဘောလုံးပရိသတ်တွေကို လက်မှတ် အလကားဝေပေးသွားဖို့ရှိပြီး အုပ်စုတက်ဖို့ အခွင့်အရေးရှိသေးတဲ့ မြန်မာအသင်းကို လာအားပေးကြဖို့ နှိုးဆော်နေတာကိုလည်း တွေ့ရပါတယ်။
ဆူဇူးကီးဖလား အုပ်စု (A) နောက်ဆုံးပွဲစဉ်
မြန်မာ-ဖိလစ်ပိုင် ( စူပါချာလဆိုင် ဘောလုံးကွင်း – ထိုင်းစံတော်ချိန် ည ၈း၂၀)
ထိုင်း-ဗီယက်နမ် (ရာဇမင်္ဂလာ ဘောလုံးကွင်း – ထိုင်းစံတော်ချိန် ည ၈း၂၀)
ကိုးကား – AFF Suzuki Website