ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပလျက်ရှိနေတဲ့ အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ အုပ်စုခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းက အိန္ဒိယအသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ Play-off ရှုံးထွက်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ တချိန်တည်းကန်တဲ့ တဖက်ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက ထိုင်ဝမ် အသင်းကို ၃ – ၁ နဲ့ အနိုင်ရရှိသွားတာကြောင့် မြန်မာအသင်းနဲ့အတူ အုပ်စုတက်ဖို့ အခွင့်အရေးရှိခဲ့တဲ့ ထိုင်ဝမ်အသင်းဟာ နောက်ဆုံးပွဲစဉ်မှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်တဆင့်တက်ဖို့အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ပွဲစဉ်မှာ မြန်မာအသင်းအတွက် ပွဲထွက်လာတဲ့ ကစားသမားတွေကတော့ –
ဂိုး-မေဇင်နွယ်
နောက်တန်း – သက်နှင်းစိုး၊ အေးအေးမိုး၊ ခင်ဇာဇာဝင်း၊ လင်းဥမ္မာထွန်း၊ ခင်သန်းဝေ (အသင်းခေါင်းဆောင်)
အလယ်တန်း – ဝင်းသိင်္ဂီထွန်း၊ မေစံပယ်ဖူး၊ ရူပါခိုင်
ရှေ့တန်း – ခင်နွေးနွေးရွှေ၊ မေသူကျော်တို့ ဖြစ်ကြပါတယ်။
မြန်မာအသင်းမှာ လူစားဝင်ကစားတဲ့ နီလာဝင်းဟာ ၂၈ မိနစ်မှာ ရူပါခိုင် အစား ဝင်ကစားပြီး ၄၇၊ ၆၄ နဲ့ ၈၃ မိနစ်တွေမှာ မြန်မာအသင်းအတွက် ၃ ဂိုး သွင်းယူပေးခဲ့ကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။ ကွင်းလယ်လူ ဝင်းသိင်္ဂီထွန်းကတော့ မြန်မာ အသင်းအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး မြန်မာအသင်းရဲ့ အတင်းတိုက်စစ်ဆင်မှုကြောင့် အိန္ဒိယကစားသမား ဆာဟူးက ၁၈ မိနစ်မှာ ကိုယ့်ဂိုးကိုယ် သွင်းသွားပါတယ်။ သိပ်မကြာခင်မှာတော့ မြန်မာအသင်းအတွက် အဖိုးတန် ဂိုးတွေ သွင်းယူပေးနေတဲ့ ခင်နွေးနွေးရွှေက ၂၆ မိနစ်မှာ နောက်တဂိုး သွင်းယူပေးခဲ့ပါတယ်။ နောက်တန်းလူ အေးအေးမိုး ဟာလည်း ၆၁ မိနစ်မှာ မြန်မာအသင်းအတွက် တဂိုးသွင်းယူပေးခဲ့ပြီး မြန်မာအသင်းဟာ သက်တောင့်သက်သာနဲ့ အိန္ဒိယကို အနိုင်ရရှိခဲ့ပေမယ့် ပွဲပြီးတဲ့အထိ မလျှော့တမ်း ဂိုးရဖို့ကြိုးစားခဲ့တာကို တွေ့ရပါတယ်။
မြန်မာအသင်းဟာ ယခုပွဲ အနိုင်ရရှိတာကြောင့် အုပ်စု (B) မှာ ပထမနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး တဖက်က တက်လာတဲ့ အုပ်စု (A) ပထမနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။ အခုကျင်းပနေတဲ့ ခြေစစ်ပွဲစဉ်တွေဟာ ဒုတိယ အကျော့ အုပ်စုခြေစစ် ပွဲစဉ်တွေဖြစ်ပြီး အုပ်စု ၂ စုခွဲကာ ကျင်းပနေခြင်းဖြစ်ပါတယ်။ အသင်းအားလုံးထဲမှ ရှုံးထွက်အဆင့် တက်ရောက်ပြီး ပထမရတဲ့အသင်းသာ ၂၀၁၃ မှာ ကျင်းပမယ့် အာရှ အသက် ၁၉ နှစ်အောက် ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
ခြေစစ်ပွဲအောင်ဖို့ မြန်မာနဲ့ ထိုင်း ထိပ်တိုက်တွေ့ကြပြီ
မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက်နေ့မှာ အိန္ဒိယကို အနိုင်ရရှိတာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်ပြီး ဖြစ်ပေမယ့် တဖက်အုပ်စုက တက်လာမယ့် အသင်းတွေရဲ့ နောက်ဆုံး ပွဲစဉ်တွေဟာ ဒီဇင်ဘာ ၆ ရက်နေ့ညနေကမှ ယှဉ်ပြိုင်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ တဖက်အုပ်စုမှ ထိုင်းအသင်းဟာ နောက်ဆုံးပွဲစဉ်မှာ ဥဇဘက်ကစ္စတန်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်လာကာ မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးအသင်းနဲ့ ထိုင်း အမျိုးသမီးအသင်းဟာ ဒေသတွင်းပြိုင်ပွဲတွေမှာ ခြေသိပ်မကွာဘဲ သူတင်ကိုယ်တင် ယှဉ်ပြိုင်နေတဲ့ ပြိုင်ဖက်တွေ ဖြစ်ကြပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ ဟိုချီမင်းမြို့ ထွန်ငှက်ကွင်းမှာ မြန်မာအသင်းဟာ ဗီယက်နမ် စံတော်ချိန် ၇ နာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ယခုပွဲမှာသာ အနိုင်ရရှိခဲ့ပါက ၂၀၁၃ ခုနစ်မှာ ကျင်းပမယ့် အာရှ အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲကြီးမှာ နာမည်ကြီး အသင်းတွေဖြစ်တဲ့ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတေးလျ စတဲ့နိုင်ငံကြီးတွေနဲ့ ယှဉ်ပြိုင်ခွင့် ရတော့မှာဖြစ်ပြီး မြန်မာပရိသတ်တွေဟာလည်း အခုလို ဗီယက်နမ်နိုင်ငံမှာ ရလဒ်ကောင်းတွေ ရရှိနေတဲ့ မြန်မာအမျိုးသမီးလေးတွေ အာရှအထိ ဆက်လက်ပြီး အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။
မြန်မာအသင်းရဲ့ အုပ်စုပွဲစဉ်အတွင်း ရလဒ်များ
မြန်မာ ၂ – ၁ ဗီယက်နမ်
မြန်မာ ၁ – ၁ ထိုင်ဝမ်
မြန်မာ ၈ – ၀ အိန္ဒိယ
ထိုင်းအသင်းရဲ့ အုပ်စုပွဲစဉ်အတွင်း ရလဒ်များ
ထိုင်း ၃ – ၀ ဂျော်ဒန်
ထိုင်း ၃ – ၃ အီရန်
ထိုင်း ၃ – ၀ ဥဇဘက်ကစ္စတန်
ပွဲချိန်
မြန်မာ – ထိုင်း (ဒီဇင်ဘာ ၉ ရက်၊ ဗီယက်နမ် စံတော်ချိန် ည ၇ နာရီ)
ကိုးကား – AFC