အာဂျင်တီးနား ကစားသမား မက်ဆီဟာ သူရဲ့ ကြေးစားဘောလုံးသမား စတင်ရာ ဘာစီလိုနာကလပ်နဲ့ပဲ ၂၀၁၈ အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၁၂ ဟာ သူရဲ့ အထွန်းတောက်ဆုံး ကာလလို့ ဆိုရလောက်အောင် နိုင်ငံနဲ့ ကလပ်အတွက် ဂိုးပေါင်း ၉၀ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။
ဘာစီလိုနာ ဝက်ဘ်ဆိုဒ်က ကြေညာသွားတာကတော့ လာမယ့်အပတ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဆီနဲ့အတူ ဇာဗီနဲ့ ပူယိုးလ်တို့ကိုလည်း လစာတိုးပေးပြီး စာချုပ်သက်တမ်း ထပ်မံချုပ်ဆိုမယ်လို့ အတည်ပြု ကြေညာသွားပါတယ်။ ဒီသတင်းကြောင့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေကို ဆက်လက် ထိန်းသိမ်းထားပြီး ကမ္ဘာ့အကောင်းဆုံး ကလပ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် ဆက်လက် ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
မက်ဆီရဲ့ စာချုပ်ဟာ ၂၀၁၆ ခုနစ်မှာ ကုန်မှာဖြစ်ပေမယ့် မက်ဆီကိုရယူဖို့ ကြိုးပမ်းနေတဲ့ ကလပ်တွေရှိတာကြောင့် အသင်းအနေနဲ့ လစာတိုးပေးပြီး ၂၀၁၈ အထိ ထပ်မံ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ပိုက်ဆံကို ရေလိုသုံးပြီး လူအင်အားဖြည့်တင်းနေတဲ့ မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ မက်ဆီကိုခေါ်ယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဘာစီလိုနာ အသင်းအနေနဲ့ ကြိုတင်ပြီး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာအသင်းကို အသက် ၁၃ နှစ်သားကတည်းက စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနစ်၊ အောက်တိုဘာလမှာ စတင် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ စတင်ပွဲထွက်တုန်းက မက်ဆီရဲ့အသက်ဟာ ၁၇ နှစ်သာ ရှိခဲ့ပြီး ရော်နယ်ဒင်ဟိုတို့လို ကြီးကျယ်တဲ့ ကစားသမားတွေနဲ့ ရင်ပေါင်တန်းပြီး စတင်ခြေစွမ်းပြခဲ့တာ ယခုအချိန်အထိပါပဲ။
ယခင်အပတ်က အက်သလက်တီကို မက်ဒရစ်နဲ့ ကစားပြီးချိန်အထိ မက်ဆီဟာ ၂၀၁၂ ခုနှစ်အတွင်း သွင်းဂိုး ၉၀ ပြည့်သွားပြီဖြစ်လို့ အရင်တုန်းက စံချိန်တင်ထားခဲ့တဲ့ ဂျာတ်မူလာရဲ့ တနှစ်အတွင်း ၈၅ ဂိုးသွင်းတဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။
မက်ဆီဟာ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိဖို့ စီရော်နယ်ဒို၊ အသင်းဖော် အင်နီယေစတာ တို့နဲ့အတူ စာရင်းဝင်နေပြီး သူရဲ့ အံ့မခန်း ဂိုးသွင်းစွမ်းရည်ကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၄ ကြိမ်ဆက်တိုက် ရယူဖို့ ရေပန်းစားနေပါတယ်။
Source : FC Barcelona Website