ဘာစီလိုနာနဲ့အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို မနေ့ညက ပြုလုပ်တဲ့ဆုပေးပွဲမှာ ၄ ကြိမ် ဆက်တိုက် အကောင်းဆုံးဆု ရရှိသွားပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၁၂ အတွင်း အံ့အားသင့်ဖွယ် ၉၁ ဂိုး သွင်းယူထားပြီးစံချိန်များကို ချိုးဖျက်ခဲ့တာကြောင့် အင်နီယေစတာနဲ့ ခရစ်တီယာနို ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး သမိုင်းတလျှောက် ၄ ကြိမ်ဆက်တိုက်ရတဲ့ ကစားသမား ဖြစ်လာပါတယ်။
၂၀၁၂ မှာမက်ဆီဟာ ၉၁ ဂိုးရရှိခဲ့ပေမယ့် စပိန်လိဂ်ဖလားနဲ့ ချန်ပီယံလိဂ် ဖလားတို့မှာ အောင်မြင်မှု မရရှိခဲ့ဘဲ ဖလားလက်မဲ့နဲ့ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီဟာ အကောင်းဆုံးကစားသမား ဆန်ကာတင် ၃ ယောက်စာရင်းမှာ ပါဝင်လာပြီး ယူရိုဖလားကို အောင်မြင်မှုရအောင် စွမ်းဆောင်ပေးထားတဲ့ အင်နီယေစတာ၊ ရီးရဲယ်မက်ဒရစ် အသင်းကို ၂၀၀၈ ခုနစ်ကတည်းက ဝေးကွာနေတဲ့ လာလီဂါဖလား ရရှိအောင် အဓိက စွမ်းဆောင်ခဲ့တဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မက်ဆီဟာ ၄ ကြိမ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရရှိတဲ့ ပထမဦးဆုံးရရှိတဲ့ ကစားသမား ဖြစ်လာသလို အခု ယူအီးအက်ဖ်အေ အဖွဲ့ချုပ်မှ ပလာတီနီရဲ့ ၃ ကြိမ်မြောက် စံချိန်ကို ချိုးဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။ အားကစားဂျာနယ်လစ်၊ နိုင်ငံတကာအသင်းနည်းပြများ၊ အသင်းခေါင်းဆောင်များက မဲပေးပြီးရွေးချယ်ခဲ့တဲ့ ဒီဆုမှာ မက်ဆီဟာ ၄၁ ရာခိုင်နှုန်း မဲရရှိခဲ့ပြီး ရော်နယ်ဒိုက ၂၃ ရာခိုင်နှုန်းနဲ့ အင်နီယေစတာ က ၁၀ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြတာဖြစ်ပါတယ်။
မက်ဆီက ဆုလက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားရာမှာ “အမှန်အတိုင်း ပြောရရင်တော့ ဒါဟာတကယ့်ကို မယုံနိုင်စရာပါပဲ၊ ၄ ကြိမ်ဆက်တိုက် ဒီလိုအကောင်းဆုံးဆု ချီးမြှင့်ခံရတာဟာ ဝမ်းသာလွန်းလို့စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။
“ကျနော့်ရဲ့ ဘာစီလိုနာ အသင်းဖော်များကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ အင်နီယေစတာလို ကစားသမားမျိုးနဲ့ နေ့စဉ်နေ့တိုင်း တွဲကစားခွင့်ရတာဟာ အလွန်ကြီးကျယ်ပါတယ်။ ကျနော့်ရဲ့ အာဂျင်တီးနားအသင်းမှ ကစားဖော်များကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်ရဲ့ မိသားစုနဲ့သူငယ်ချင်းများ၊ အသင်းမှာကျနော့်ကို ဝိုင်းဝန်းပံ့ပိုးပေးတဲ့ နည်းပြနဲ့အဖွဲ့ဝင်တွေအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်” လို့ ဆက်ပြောပါတယ်။
“နောက်ဆုံးအနေနဲ့တော့ ကျနော့်ရဲ့ ချစ်ဇနီးနဲ့သားလေးကို ကျေးဇူးတင်ပါတယ်” လို့ ဆိုကာ ဝမ်းမြောက်ဝမ်းသာ ဆုလက်ခံရရယူခဲ့ပါတယ်။
ဆုပေးပွဲမှာ တခြားဆုတွေဖြစ်တဲ့ အကောင်းဆုံးနည်းပြဆုကို စပိန်နည်းပြ ဒယ်ဘော့စကေးက ဘာစီလိုနာနည်းပြ ဂါဒီယိုလာ၊ ရီးရဲယ်မက်ဒရစ် နည်းပြမော်ရင်ညိုတို့ကို ဖြတ်ကျော်ကာ ဆုရရှိခဲ့ပါတယ်။
အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆုကိုတော့ အမေရိကန် တိုက်စစ်မှူး ဝမ်ဘက်က ရရှိခဲ့ပြီး ၂၀၀၂ နောက်ပိုင်း ဆုလက်ခံရရှိတဲ့ အမေရိကန် အမျိုးသမီးဘောလုံးသမား ဖြစ်လာပါတယ်။ အမျိုးသမီးအသင်းရဲ့ အကောင်းဆုံး နည်းပြကိုတော့ အမေရိကန်နည်းပြ ပီယာဆွန်းဒါဟေးက ရရှိခဲ့ပါတယ်။
တနှစ်တာအတွင်း အကောင်းဆုံဂိုးဆုဖြစ်တဲ့ ပွတ်ရှ်ကတ်ဆုကိုတော့ တူရကီကလပ် ဖာနာဘာချီအသင်းမှ ဆလိုဗေနီယန်း တိုက်စစ်မှူး မီရိုဆလက် စတော့ချ်က ရရှိခဲ့ပါတယ်။
အောက်ပါစာရင်းကတော့ ၂၀၁၂ ရဲ့ ဖီဖာ ကမ္ဘာ့လက်ရွေးစင်အသင်းပါ။ ပရိသတ်ကြီး နှစ်ခြိုက်တဲ့ ကစားသမားပါရဲ့လားဆိုတာ ကြည့်လိုက်ပါဦး။
ဂိုး – ကာဆီးလက်
နောက်တန်း – ဒန်နီအယ်ဗက်၊ ဂျာရတ် ပီကေး၊ ရာမို့စ်၊ မာဆယ်လို
အလယ်တန်း – အင်နီယေစတာ၊ အလွန်ဆို၊ ဇာဗီ
တိုက်စစ်မှူး – ခရစ်တီယာနို ရော်နယ်ဒို၊ ဖယ်ကာအို ၊ မက်ဆီ