ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံး ပွဲစဉ်ဖြစ်သလို အင်္ဂလန် ဘောလုံးလောကမှာ လက်ရှိအချိန်အထိ အအောင်မြင်ဆုံး ကလပ်အသင်း ၂ ခုလို့ ဆိုနိုင်တဲ့ မန်ယူနဲ့လစ်ဗာပူး အသင်းတို့ရဲ့ ပွဲစဉ်ဟာအတိုင်း ပုံမှန်အတိုင်း အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရပြီး အိမ်ကွင်း အိုးထရက်ဖို့မှာ မန်ယူအသင်းက ၂ – ၁ နဲ့ လစ်ဗာပူးအသင်းကို အနိုင်ရရှိခဲ့ပါတယ်။
မန်ယူအသင်းဟာ ဒီပွဲမှာ ၄-၄-၂ ပုံစံနဲ့အံ့အားသင့်ဖွယ်ရာ ပွဲထွက်လာပြီး ရှေ့မှာ ဝဲဘက်နဲ့ဗန်ပါစီ တို့ကို တွဲကစားစေပြီး တောင်ပံတွေမှာ ကာဂါဝါနဲ့အက်ရှလေ ယန်းတို့ကို ထုတ်ကစားစေပြီး ကွင်းလယ်ဗဟိုမှာတော့ ကလက်ဗာလေနဲ့ ကာရစ်တို့ နှစ်ဦးကစားသွားပါတယ်။ နောက်တန်းမှာတော့ အသင်းခေါင်းဆောင် ဗီဒစ် ပြန်လည် ပါဝင်လာပြီး ဖာဒီနန်နဲ့ အတွဲညီညီ ထိန်းဆော့သွားသလို ညာနဲ့ဘယ်တောင်ပံ နောက်ခံလူတွေအဖြစ် ရာဖေးလ်နဲ့ အီဗရာတို့က ကစားခဲ့ကာ စပိန်ဂိုးသမား ဒီဂီယာ ပွဲထွက်လာခဲ့ပါတယ်။
လစ်ဗာပူး အသင်းမှာတော့ ပုံမှန် ကစားကွက် ၄-၂-၃-၁ ကစားကွက်အတိုင်း ဆွာရက် တယောက်တည်းကို အထောင်ထား ကစားစေပြီး စတာလင်နဲ့ဒေါင်းနင်းတို့ကို ရံကစားစေကာ ကွင်းလယ်မှာ ဂျာရတ်၊ လူးကပ်၊ အဲလန်တို့အတွဲ ပွဲထွက်လာပါတယ်။ နောက်ခံလူတွေအဖြစ် အက်ဂါနဲ့စကာတယ် ပွဲထွက်လာပြီး ညာနောက်ခံ နေရာမှာ ဝစ်ဒမ် ပါဝင် ကစားသွားပြီး ဘယ်နောက်ခံနေရာကိုတော့ ဂျွန်ဆင် ကစားသွားခဲ့ပါတယ်။
ပွဲဟာ အသင်းကြီး ၂ နှစ်သင်းကြီး ဖြစ်တာကြောင့် ထိန်းကစားခဲ့ပြီး ပထမပိုင်းမှာ ပွဲဟာ အနည်းငယ် အေးနေခဲ့ပါတယ်။ အထူးသဖြင့် မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ လစ်ဗာပူးအသင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး လစ်ဗာပူး ကွင်းလယ်လူ ဂျိုးအဲလန် အမှားများနေတာကြောင့် လစ်ဗာပူးအသင်းရဲ့ ကစားကွက်ဟာ အလုပ်မဖြစ်ခဲ့ဘဲ ၁၉ မိနစ်မှာ ဗန်ပါစီရဲ့ဂိုးနဲ့ ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ မန်ယူအသင်းဟာ ဂိုးရပြီးနောက်ပိုင်း ဆက်လက် ဖိအားပေးကစားခဲ့သလို လစ်ဗာပူး အသင်းရဲ့ ဆွာရက်ဟာလည်း ရှေ့တန်းမှာ တဦးတည်း ဘာမှမလုပ်နိုင်ဘဲ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက အက်ရှလေ ယန်းအစား ဗလင်စီယာကို လူစားလဲသလို လစ်ဗာပူး အသင်းကလည်း လူးကပ်အစား အသစ်ဝယ်ယူထားတဲ့ စတားရစ်ကို ထည့်ကစားစေခဲ့ပါတယ်။ စတားရစ် ဝင်လာပြီးနောက်ပိုင်း လစ်ဗာပူး ကွင်းလယ်နဲ့တိုက်စစ်ဟာ ပြန်လည် အသက်ဝင်လာပြီး ဘိုရီနီ ပါဝင်လာတာကြောင့် တိုက်စစ်ဟာ ပိုမို ထက်မြက် လာခဲ့ပါတယ်။ ဒါပေမယ့် ၅၆ မိနစ်လောက်မှာ ဗန်ပါစီ ဖြတ်တင်ပေးတဲ့ ဘောလုံးကို အီဗရာ ခေါင်းတိုက်သွင်းရာမှာ ဗီဒစ်နဲ့ထိပြီး ဂိုးဝင်သွားတာကြောင့် မန်ယူအသင်း ဒုတိယမြောက်ဂိုး ရရှိသွားပါတယ်။ ဂိုးဝင်အပြီး အနှေးပြကွက်နဲ့ ပြန်ပြရာမှာတော့ ဗီဒစ်ဟာ လူကျွံနေခဲ့တာကို တွေ့ရပြီး ဒိုင်လူကြီးဟောင်း ဂရေဟမ် ပူးလ်ကလည်း ဒီ ဂိုးဟာ လူကျွံဘော ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
လစ်ဗာပူး အသင်းဟာ ဂိုးပေးရအပြီး တိုက်စစ်ကို ဖွင့်ကစားရာမှာ မန်ယူ အသင်းရဲ့ ကွင်းဖက်ထိ တသင်းလုံး တိုက်စစ်ဆင် ကစားတာကြောင့် ၅၇ မိနစ်မှာပဲ ဂျာရတ် ရဲ့ကန်ချက်ကို မန်ယူဂိုးသမား ပုတ်ထုတ်ရာမှာ ပြန်လည်ထွက်လာတဲ့ ဘောလုံးကို အသင့်နေရာယူထားတဲ့ စတားရစ်က အသာအယာ ပိတ်သွင်းလိုက်တာကြောင့် လစ်ဗာပူးအသင်း ချေပဂိုး တဂိုးရရှိသွားပါတယ်။ နောက်ပိုင်းမှာတော့ လစ်ဗာပူးအသင်းဟာ အတင်းတိုက်စစ်ဆင် ကစားခဲ့သလို အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဂိုးမရရှိခဲ့တာကြောင့် မန်ယူအသင်းဟာ လစ်ဗာပူးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ထိပ်ဆုံးကနေ ဆက်လက်ပြေးနေပါတယ်။ အဆိုပါပွဲစဉ်မှာ ဒိုင်လူကြီး ဟောင်းဝက် ဝက်ဘ် ဟာ သမာသမတ်ကျကျ ဒီ ပွဲကို အကောင်းဆုံး ထိန်းနိုင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ဒုတိယ ဂိုး လူကျွံဘောကို မမြင်ဘဲ ပေးခဲ့တာကြောင့် ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေအနေနဲ့အနှေးပြကွက်တွေကို ကြည့်ပြီး ဆုံးဖြတ်ချက်တွေ ပိုမိုကောင်းမွန်အောင် ပြုလုပ်သင့်တယ်လို့ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဂရေဟမ် ပူးလ် က ထောက်ပြ ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မန်ယူအသင်းရဲ့ တည်ငြိမ်တဲ့ ကစားဟန်ကြောင့် ထိုက်တန်တဲ့ ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပြီး မန်ယူ နည်းပြ ဖာဂူဆန်က ပြင်းထန်တဲ့ပြိုင်ပွဲကနေ ၃ မှတ်ရတဲ့အတွက် ကျေနပ်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။ လစ်ဗာပူး နည်းပြ ရော့ဂျားစ်ကတော့ လစ်ဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိပြီး အနည်းဆုံး သရေ ရရှိခဲ့သင့်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။