မနေ့က ချယ်လ်ဆီးအသင်းနဲ့ ဆွမ်ဆီးအသင်းတို့ အင်္ဂလိပ် Capital One ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာ ဘောလုံးလောကမှာ မြင်ရခဲတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သလို တပတ်အတွင်း လူပြောအများဆုံး ဘောလုံးသတင်းလည်း ဖြစ်သွားပါတယ်။
ဆွမ်ဆီးနဲ့ ချယ်ဆီးအသင်းတို့ရဲ့ ဒုတိယအကျော့ ရလဒ်ဟာ ပွဲပြီးဆုံးရန် ၁၅ မိနစ်အထိ သရေနဲ့ ယှဉ်ပြိုင် ကစားနေခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ ဆွမ်ဆီးကို ရှုံးနိမ့်ထားတာကြောင့် ဂိုးရရှိရေး ရုန်းကစားနေတဲ့အချိန်မှာ ဘောလုံးဟာ ဆွမ်ဆီးအသင်းဖက်ခြမ်းမှာ ဂိုးစည်း ကျော်သွားတဲ့အချိန် ဟာဇက်နဲ့ဘောကောက်လူငယ်တို့ရဲ့ အကျည်းတန်ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ဘောလုံးဟာ ဘောကောက်လူငယ်ရဲ့ လက်ထဲမှာ အချိန်အနည်းငယ်ကြာ ကိုင်ထားတာကြောင့် ဟာဇက်က ဘောလုံးကို သွားအယူမှာ ဘောကောက် လူငယ်လေးက ဘောလုံးကို သူ့ကိုယ်လုံးနဲ့ကာပြီး လှဲချလိုက်သလို ဟာဇက်ကလည်း ချယ်လ်ဆီး အသင်းအတွက် အသည်းအသန် ဖြစ်နေတဲ့အချိန်မှာ သွေးပူပြီး အတင်းလိုက်ယူပါတယ်။ ဒါပေမယ့် ဘောလုံးကောက် လူငယ်လေးက ကိုယ်နဲ့အတင်းကာပြီး ဘောလုံးကို မပေးတာကြောင့် ဟာဇက်က ဘောလုံးကို ခြေထောက် နဲ့ကန်ပြီး ရအောင် ကြိုးစားယူရာမှာ ဘောကောက်လူငယ်ရဲ့ ရင်ဘတ်ကို ကန်မိတာကြောင့် တဖက်အသင်း ကစားသမားတွေနဲ့ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဟာဇက်ဟာ ဒိုင်လူကြီးရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။
အချိန်စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် ပရိသတ်နဲ့ကစားသမား တော်တော်များများဟာလည်း ဖြစ်ရပ်ကို သေချာမြင်လိုက်ခြင်း မရှိပေမယ့် ဒီဖြစ်ရပ် ဗီဒီယိုကတော့ အင်တာနက် Youtube ပေါ်မှာ ခဏအတွင်း ပြန့်သွားပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပရီးမီးယားလိဂ် အဖွဲ့ ဥက္ကဌ ဂေါ်ဒန် တေလာက “ဟာဇက်ဟာ သူလုပ်ချင်တဲ့အတိုင်း လုပ်လို့ မရပါဘူး။ သူဟာအဲဒီ အချိန်မှာ အသိစိတ်ပျောက်ပြီး ဒီလိုလုပ်ခဲ့တဲ့အတွက် ပြစ်ဒဏ် ခံယူရပါလိမ့်မယ်။ အဲဒီအချိန်မှာ ချယ်လ်ဆီးအသင်းအတွက် အလွန် အရေးကြီးတာကြောင့် ဘောလုံးကို အမြန်လိုချင်တာ မှန်ပေမယ့် သူ့လုပ်ရပ်ဟာ မှားခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဒိုင်လူကြီးဟာ အနီကတ်ပြခဲ့ပြီး ဆုံးဖြတ်တာဟာ မှန်ကန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပရီးမီးယားလိဂ် ဘောလုံးသမားတွေကလည်း တွစ်တာမှာ ထင်မြင်ချက် ပေးကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖာဒီနန်က “ကျနော်ဟာ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် မျက်စိထဲမှာတော့ ဒါဟာ အနီကတ်ပါပဲ” လို့ ရေးထားပါတယ်။
လက်ရှ ိစတုတ် အသင်းမှာ ကစားနေတဲ့ မိုက်ကယ်အိုဝင်ကတော့ “ဘောကောက် လူငယ်ရော ဟာဇက်ပါ မှားခဲ့ပါတယ်။ ဟာဇက်ဟာ သူ့ကိုနာကျင်အောင် တမင်လုပ်တယ်လို့မထင်ပါဘူး။ ဘောလုံးကို ထိပြီးရယူဖို့ကြိုးစားတဲ့ အချိန်မှာသူရဲ့ ရင်ဘတ်နားကို ကန်မိသွားတယ် ထင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဝါရင့် အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက် ကလည်း “မျှတစွာပြောရမယ်ဆိုရင် နှစ်ယောက်လုံးရဲ့ အမှားမကင်းပါဘူး။ ဒီလိုဖြစ်ရပ်မျိုး မြင်ရဖို့မလွယ်ပါဘူး။ ဆွမ်ဆီးအသင်းရဲ့ အောင်မြင်မှုအတွက်တော့ ဝမ်းသာပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဒီဖြစ်ရပ်အပြီး သတင်းသမားတွေက ဘောလုံးကောက် လူငယ်လေးရဲ့ ခြေရာခံရာမှာတော့ သူ့နာမည်က ချာလီမော်ဂန် ဖြစ်ပြီး ဆွမ်ဆီးအသင်းရဲ့ ရှယ်ယာအများစုကို ပိုင်တဲ့သူဌေးကြီးရဲ့သား ဖြစ်နေပါတယ်။ အသက် ၁၇ နှစ်ရှိ ဘောကောက် လူငယ်ဟာ ဘောလုံးပွဲ မစခင်မှာလည်း “အချိန်ဆွဲဖို့လိုတယ်” ဆိုတဲ့ စာသားကို ရေးတင်ခဲ့ပါသေးတယ်။
ချယ်လ်ဆီး ကစားသမား ဟာဇက်ကတော့ ပွဲအပြီးမှာ ချာလီမော်ဂန်ကို ကိုယ်တိုင်သွားရောက် တောင်းပန်ခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေကိုလည်း တောင်းပန်စကား ဆိုသွားပါတယ်။
ဒီဖြစ်ရပ်ရဲ့ ဗီဒီယိုကို ဒီနေရာမှာ (http://www.youtube.com/watch?v=TT5ogjqgghI) ကြည့်နိုင်ပါတယ်။