အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းအပြီး မြန်မာနိုင်ငံက လာမည့် ဒီဇင်ဘာတွင် ကျင်းပရန်ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် အားကစားနည်း သုံးမျိုးကိုသာ ဖြုတ်ရန် ဇန်နဝါရီ ၂၉ရက် နေပြည်တော်တွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ဆီးဂိမ်းဖယ်ဒရေးရှင်းကောင်စီ (SEAGF) အစည်းအဝေးတွင် သဘောတူလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် “အကျိုးမရှိ”သည့် အားကစားများဖြစ်သည့်အတွက် ဖြုတ်လိုက်ခြင်းဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် နာမည်မဖော်လိုသူ ဆီးဂိမ်း ကျင်းပရေး ကော်မတီအဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောဆိုသည်။
“ဖြုတ်လိုက်တဲ့ သုံးမျိုးက တော့ အင်ဒိုနီးရှား သိုင်းအားကစား၊ ဂျွမ်းဘားနဲ့ တင်းနစ်ပါ။ စားပွဲတင် တင်းနစ်ကတော့ ထည့်ထားပါတယ်။ ကျန်တဲ့ ဟာတွေကတော့ အရင်အတိုင်းပါပဲ။ မြန်မာရိုးရာ အားကစားကတော့ တမျိုးတည်း ထည့်ထားတယ်။ ခြင်းလုံးပဲ ထည့်ထားပါတယ်” ဟု အဆိုပါ ကော်မတီဝင်က ဆိုသည်။
နေပြည်တော် အစည်းအဝေးတွင် မြန်မာက ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ကျွမ်းဘား၊ မြေကွင်းဟော်ကီနှင့် တင်းနစ်တို့ကို လာမည့် ဆီးဂိမ်းတွင် ဖြုတ်ရန် စီမံခဲ့သည်ကို မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းတို့က ကန့်ကွက်ခဲ့ခြင်းကို အပြီးသတ် ညှိနှိုင်းခဲ့ကြသည်။
သို့ရာတွင် ကျွမ်းဘားတွင် ထူးချွန်ပြောင်မြောက်ပြီး ၂၆ မြောက် ဆီးဂိမ်း၌ ရွှေတံဆိပ် ၁၁ခု ယူနိုင်ခဲ့သော ဗီယက်နမ်အဖို့ စိတ်ထိခိုက်ရကြောင်း VietNamNet အွန်လိုင်းသတင်းစာက ရေးသားခဲ့သည်။
ယခုအခါ ဆီးဂိမ်းတွင် ကြက်တောင်၊ ပြေးခုန်ပစ်၊ ရေကူး၊ ဒိုင်ဗင်၊မြှားပစ်၊ ဘတ်စကက်ဘော၊ ဘိလိယက်/ စနူကာ၊ စက်ဘီး၊မြင်းစီး၊ ဘောလုံး/ ဖူဆယ်၊ လက်ဝှေ့၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေးဒို၊ အနောက်တိုင်းလှေ၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး ၊ဂေါက်သီး၊ သေနတ်ပစ်၊ ရွက်လှေ၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ အလေးမ၊ နပန်း၊ ဝူရှူး၊ ကာယ ဗလ၊ ရိုးရာ လှေ၊ စစ်တုရင် စသည့် အားကစားနည်း စုစုပေါင်း ၃၃ မျိုးကို ထည့်သွင်း ကျင်းပရန် နေပြည်တော်တွင် ကျင်းပသည့် ဆီးဂိမ်းဖယ်ဒရယ်ကောင်စီ အစည်းအဝေးတွင် အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံ များ သဘောတူညီခဲ့ကြောင်း သိရသည်။
ကစားပွဲများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ခွဲကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။ ၂၀၁၃ ဒီဇင်ဘာလအတွင်း ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲသည် နှစ်ပေါင်း ၄၀ ကျော်ကြာမှ မြန်မာနိုင်ငံတွင် ပြန်လည် ကျင်းပနိုင်ခြင်း ဖြစ်ပြီး ပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲနှင့် ဖျော်ဖြေ တင်ဆက်မှု အ စီအစဉ်များ၊ ပြိုင်ပွဲဝင်မည့် အားကစားများကို လေ့ကျင့်ပြုလုပ်နေပြီ ဖြစ်သည်။
ယခုအပတ်ထွတ် မြန်မာတိုင်းမ် သတင်းစာက လှေလှော်ရွက်တိုက် ပြိုင်ပွဲအတွက် ငွေဆောင်တွင် မြေသိမ်းမှုကြောင့် ဒေသခံတို့ နစ်နာမှုများ ကြုံတွေ့နေရသည်ဟု ရေးသားထားသည်။