၁၉၆၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အကြောင်း တင်ပြခဲ့ပြီး ဖြစ်သည်။
အင်္ဂလိပ် အက္ခရာစဉ် အလိုက် (B) ” BURMA” ပြီးလျှင် (C) ”CAMBODIA” ကမ္ဘောဒီးယား နိုင်ငံက ၁၉၆၃ ခုနှစ်တွင် တတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ကျင်းပရန် အလှည့်ကျသည်။ ကမ္ဘောဒီးယား နိုင်ငံကလည်း သဘောတူညီခဲ့သည်။
သို့ရာတွင် ၁၉၆၂ ခုနှစ်တွင် စတုတ္ထ အကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် လျာထားခဲ့ကြ သည်။ သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အိုလံပစ် အားကစားပွဲနှင့် အပြိုင် အာရှ၊ အာဖရိက အားကစားပွဲတော် (GANEFO) တရပ် ကျင်းပခဲ့သည်။ ယင်းလုပ်ရပ်ကြောင့် အင်ဒိုနီးရှား နိုင်ငံကို ပြစ်ဒဏ်ချသည့် အနေဖြင့် နိုင်ငံတကာ ပြေးခုန်ပစ်အဖွဲ့ချုပ်က အင်ဒိုနီးရှား အားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ် အားကစား နည်းကို ထည့်သွင်းကျင်းပခွင့် မပြု တော့ပါ။ ယင်း ပြဿနာကို ကန့်ကွက် ဆန္ဒပြသည့် အနေဖြင့် တတိယအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် ပြိုင်ပွဲကို လက်ခံကျင်းပခြင်း မလုပ်ဘဲ နေခြင်းပင်ဖြစ်သည်။
၁၉၆၃ ခုနှစ် မေလ ထဲတွင် ကမ္ဘောဒီးယားက နိုင်ငံက တတိယအကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲကို လက်ခံ ကျင်းပခြင်း မပြုတော့ကြောင်း ကျန်နိုင်ငံများကို တရားဝင် အကြောင်းကြားခဲ့သည်။
ကမ္ဘောဒီးယားပြီးလျှင် အလှည့်ကျ ကျွန်းဆွယ်ပွဲကို လက်ခံကျင်းပမည့် နိုင်ငံမှာ လာအို (LAO) နိုင်ငံဖြစ်သည်။ လာအို နိုင်ငံကလည်း တိုင်းပြည်၏ အခြေအနေ အရပ်ရပ်ကြောင့် တတိယအကြိမ်မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ လာအိုနိုင်ငံပြီးလျှင် မလေးရှားနိုင်ငံက ကျွန်းဆွယ်ပြိုင်ပွဲကို လက်ခံကျင်းပရန် အလှည့်ကျလာသည်။
ပြင်ဆင်
သို့ဖြစ်၍ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကျင်းပခွင့် ကြုံလျှင် လက်ခံကျင်းပနိုင်ရေးအတွက် မလေးရှားနိုင်ငံက ပြင်ဆင်ခဲ့သည်။ ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ကျွန်းဆွယ်ပြိုင်ပွဲ ဖက်ဒရေးရှင်း ကောင်စီ အစည်းအဝေးတွင် တတိယအကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကို မလေးရှားနိုင်ငံတွင် ကျင်းပရန် တရားဝင် ဆုံးဖြတ်ခဲ့တော့သည်။
ယင်း ဆုံးဖြတ်ချက်အရ မလေးရှားနိုင်ငံက ကျွန်းဆွယ် အားကစားပွဲတော် ကျင်းပရန် ၁၉၆၄ ခုနှစ် သြဂုတ်လတွင် စတင်ပြင်ဆင်ခဲ့သည်။
ကျွန်းဆွယ်ပြိုင်ပွကြို ၁၉၆၅ ခုနှစ် သြဂုတ်လ မလေးရှား လွတ်လပ်ရေးနေ့တွင် ကျင်းပရန် ဆုံဖြတ်ခဲ့သည်။ သို့ရာတွင် ပြိုင်ပွဲဆိုင်ရာ ပြင်ဆင်မှုများ မပြီးပြတ်သေးသဖြင့် ၁၉၆၅ ခုနှစ် ဒီဇင်ဘာသို့ ရွှေ့ဆိုင်း ကျင်းပခဲ့ရသည်။
ဒီဇင်ဘာ ၁၄ မှ ၂၁ အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ လက်ခံ ကျင်းပခဲ့ခြင်း မပြုခဲ့ သည့် ကမ္ဘောဒီးယား နိုင်ငံအပါအဝင် ကျွန်းဆွယ်နိုင်ငံ အားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာ
တတိယအကြိမ်မြောက် မလေးရှားကျွန်းဆွယ် အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၆၄ယောက်နှင့် အမျိုးသမီး အားကစားသမား ၂၄ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မလေးရှားကျွန်းဆွယ် ပြိုင်ပွဲတွင် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ ဂျူဒို၊ တင်းနစ်၊ ဆီပက်ရီဂါ (ပိုက်ကျော်ခြင်း)၊ သေနတ်ပစ်၊ ရေးကူး၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော၊ အလေးမတို့ ဖြစ်သည်။ မြန်မာနိုင်ငံက ဘတ်စကက်ဘော၊ စက်ဘီး၊ တင်းနစ်၊ ပိုက်ကျော်ခြင်းနှင့် စားပွဲတင် တင်းနစ်တို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။
မြန်မာ အားကစား အဖွဲ့သည် ရွှေ ၁၈ ၊ ငွေ ၁၄၊ ကြေး ၁၆ ဆု ဆွတ်ခူးခဲ့သည်။ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် အားကစား နည်းများမှာ ပြေးခုန်ပစ် ၆၊ လက်ဝှေ့ ၂၊ ဘောလုံး ၁၊ သေနတ်ပစ် ၂၊ ရေကူး ၁၊ ဘော်လီဘော ၁၊ အလေးမ ၅ တို့ ဖြစ်သည်။ မြန်မာနိုင်ငံက အားကစားနည်း ၉ မျိုး ယှဉ်ပြိုင်ရာ အားကစားနည်း ၇ မျိုးမှာ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခြင်း ပင်ဖြစ်သည်။
ဘောလုံး ရွှေ
မြန်မာ လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် ဘန်ကောက်ကျွန်းဆွယ်တွင် စတုတ္ထ၊ ရန်ကုန်ကျွန်းဆွယ်တွင် ဒုတိယ ရပြီးနောက် ကွာလာလမ်ပူ ကျွန်းဆွယ်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ရရှိခြင်း ဖြစ်သည်။ သို့ရာတွင် လွတ်လွတ်ကျွတ်ကျွတ်တော့ မဟုတ်၊ ထိုင်းအသင်းနှင့် ၂ ဂိုးစီ သရေကျပြီး ပူးတွဲ ဗိုလ်စွဲခြင်းဖြစ်သည်။ ဘောလုံးပြိုင်ပွဲ တွင် ကမ္ဘောဒီယားနှင့် လာအို နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိဘဲ စင်ကာပူနိုင်ငံက ပထမဆုံး ပါဝင်လာခဲ့သည်။
၅ သင်း ရှုံးထွက်စနစ်ဖြင့် ကစားရသည်။ စင်ကာပူ အသင်း စတင်ကစားရသည်။ စင်ကာပူအသင်းအား ၁း၀ ဂိုးဖြင့် နိုင်သည်။ ပွဲအစ ၃ မိနစ်မှာပင် အရ သွင်းသည်။
အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် မလေးရှားနှင့် ကစားရသည်။ ၁၉၆၁ ရန်ကုန် ကျွန်းဆွယ်ဘောလုံးပွဲ ဗိုလ်လုပွဲတွင် မြန်မာ အသင်းကို ၂း၀ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည့် မလေးရှား အသင်းကို သူ့ကွင်း သူ့ပရိတ်သတ်ရှေ့တွင် မြန်မာ လက်ရွေးစင် အသင်းက ၂း၀ ဖြင့် အနိုင်ကစားခဲ့သည်။
မောင်မြင့်နှင့် အောင်ခင်တို့ တဂိုးစီ သွင်းသည်။
ဗိုလ်လုပွဲတွင် ထိုင်းနှင့် တွေ့သည် ထိုင်းတို့က နှစ်ဂိုးသွင်းပြီးမှ မြန်မာ အသင်း တိုက်စစ်မှူး အောင်ခင်က ၂ ဂိုးစလုံး ပြန်လည် ချေပ သဖြင့် ပူးတွဲ ပထမ ရခြင်းဖြစ်သည်။
ပထမဆုံး
မြန်မာလက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်း ပင်ဖြစ်သည်။
မလေးရှားပြီးသည့်နောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လက်ခံကျင်းပရန် အလှည့်ကျသည့် နိုင်ငံမှာ စင်ကာပူ ဖြစ်သည်။
သို့ရာတွင် စင်ကာပူ နိုင်ငံကလည်း လက်ခံကျင်းပနိုင်ခြင်း မရှိသဖြင့် ထိုင်းနိုင်ငံက ၁၉၆၇ ခုနှစ် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပသည်။
အမှန်ကတော့ အက္ခရာစဉ်အလိုက် ကျင်းပရာတွင် ကျင်းပပေးရန် ရှိနေသေးသည့် နိုင်ငံမှာ ကမ္ဘောဒီးယား နိုင်ငံ ဖြစ်သည်။ စတုတ္ထအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လက်ခံကျင်းပ ပေးတော့မည့် ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသော ကျွန်းဆွယ်ကောင်စီ စည်းဝေးပွဲတွင် ကမ္ဘောဒီးယား အသင်း ခေါင်းဆောင် ပေါင်န်ဆင်အမ်က ကြေငြာခဲ့သည်။
မကျင်းပပြန်
သို့ရာတွင် ၁၉၆၇ ခုနှစ် နှစ်ဦးပိုင်းတွင် အလှည့်ကျ ကျွန်းဆွယ် အားကစားပွဲ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်လွန်ဗိုလ်က ကမ္ဘောဒီးယား နိုင်ငံအား ကျွန်းဆွယ် အားကစား ဖက်ဒရေးရှင်းကောင်စီမှ နုတ်ထွက်ရန် ကမ္ဘောဒီးယား အားကစား အဖွဲ့ချုပ်များနှင့် ကမ္ဘောဒီးယား အိုလံပစ်ကော်မတီသို့ သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားကြောင်းဖြင့် ကျန်နိုင်ငံများသို့ စာပို့ အကြောင်းကြားခဲ့သည်။
ဒုတိယအကြိမ်မြောက် ကမ္ဘောဒီးယားနိုင်ငံက ကျွန်းဆွယ် အားကစားပြိုင်ပွဲ လက်ခံကျင်းပရန် ပျက်ကွက်ခဲ့ခြင်းပင် ဖြစ်သည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံက ၁၉၆၇ ခုနှစ် ဒီဇင်ဘာ ၉ မှ ၁၆ အထိ စတုတ္ထအကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လက်ခံ ကျင်းပ ပေးခြင်းဖြစ်သည်။
မြန်မာ
စတုတ္ထအကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် မြန်မာနိုငံက အားကစား သမားပေါင်း ၁၅၀ ဖြင့် ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ ဂျူဒို၊ တင်းနစ်၊ သေတ်ပစ်၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေ အားကစားနည်းတို့ ပါဝင်သည်။ စီပက်တာကရော နှင့် ရာ့ဂ်လီ ဘောလုံးတို့တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါ။ မြန်မာ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်း ၁၄ မျိုးမှာ နိုင်ငံတကာ အားကစား ပြိုင်နည်းများဖြစ်သည်။ မြန်မာနိုင်ငံ တဝှမ်းလုံး လေ့လာလိုက်စား ယှဉ်ပြိုင် ကစားနည်း များလည်း ဖြစ်သည်။
အားနည်း
၁၉၆၇ ခုနှစ်၊ ဘန်ကောက် ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့ အောင်မြင်မှု အားနည်းသည်။ အားကစား နည်း ၁၄ မျိုးတွင် အားကစားသမား ၁၅၀ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း အားကစားနည်း ၄ မျိုးတွင်သာ ရွှေ ၁၁ ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ရွှေဆုရှင်များ
ရွှေတံဆိပ် ရှင်များမှာ ပြေးခုန်ပစ် မောင်မယ်များ ဖြစ်ကြသည့် မီတုန်နော် (မာရသွန်)၊ ရှင်ဗွေဂမ်း (မီတာ ၁၀၀၀၀)၊ ဘာဘရာကျော်စွာ (အမြင့်ခုန်)၊ ဂျနီဖာတင်လေး (သံလုံးပစ်)၊ ခင်ခင်ထွေး (ကြီး) (လှံတံပစ်) တို့ဖြစ်ကြသည်။
ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ပတ်သက်၍ ထူးခြားချက် တရပ်မှာ ပထမ ကျွန်းဆွယ် မှ တတိယ ကျွန်းဆွယ် အထိ ဆု လုံး၀ မရဖူးသေးသည့် တာတို၊ တာလတ် ပြေးပွဲများတွင် မြန်မာ အားကစားများ ပထမဆုံး အကြိမ် ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်းပင် ဖြစ်သည်။ ယင်းတို့မှာ မိုးသူ (နိုရင်း) (မီတာ ၄၀၀)၊ စိုးဝင်း (မီတာ ၁၀၀၊ ၂၀၀)၊ ခင်မောင်ကြီး (မီတာ ၄၀၀၊ ၈၀၀) တို့ဖြစ်သည်။
အလေးမ
အလေးမ လိုက်ဝိတ်တန်းတွင် ထိန်ဝင်း၊ မစ်ဒဲလ်တန်းတွင် မြသိန်း၊ လိုက်ဟဲဗီးဝိတ်တန်းတွင် ဖေအေး၊ ဟဲဗီးဝိတ်တန်းတွင် ဘသိန်းတို့ ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြသည်။
ရေကူး
ရေကူး အားကစားနည်းကလည်း ရှားရှားပါးပါး ရွှေတံဆိပ် တခုသာ ရသည်။ အမျိုးသား မီတာ ၁၀၀ လိပ်ပြာကူး ပြိုင်ပွဲတွင် အောင်လှိုင်းက ပထမရသည်။
ဘောလုံး
ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲတါင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းသည် လွတ်လွတ်ကျွတ်ကျွတ် ပထမဆုံး ရွှေတံဆိပ် ရသည်။ နောက်ဆုံး ဗိုလ်လုပွဲတါင် တောင်ဗီယက်နမ် အသင်းကို ၂း၁ ဂိုးဖြင့် အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူး ခဲ့သည်။
မြန်မာအလှည့်
THAI (ထိုင်း) ပြီးလျှင် BURMA (မြန်မာ) က တာဝန်ယူရတော့မည် ဖြစ်သည်။ အမှန်က CAMBODIA, LAO နှင့် SINGAPORE တို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်း မရှိသဖြင့် အင်္ဂလိပ်အက္ခရာစဉ် အလိုက် ကျင်းပသည့် စနစ်မှာ ပျက်သွားပြီ ဖြစ်သည်။ မြန်မာ၊ ထိုင်းနှင့် မလေးရှားတိုပကသာ တလှည့်စီ လက်ခံကျင်းပရသည့် အနေအထား ဖြစ်သည်။