မြန်မာ့ လက်ရွေးစင်အသင်းအနေနဲ့ ဆူဇူကီးဖလား အုပ်စုအဆင့် ပွဲတုန်းက အဆုံးအဖြတ် ပွဲစဉ်အဖြစ် ဖိလစ်ပိုင် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးကတည်းက ခြေစမ်းပွဲ တပွဲမှ မကစားဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခု နေပြည်တော်မှာ ကျင်းပမယ့် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲအတွက် စတင် ပြင်ဆင်တဲ့အနေနဲ့ ဖိလစ်ပိုင်အသင်းကို ဖိတ်ခေါ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ချစ်ကြည်ရေး ပထမပွဲစဉ်အဖြစ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
တောင်ကိုရီးယား နည်းပြ ပါ့ခ်ဆောင်ဟွာ ဦးဆောင်တဲ့ မြန်မာအသင်း ပွဲထွက်လူစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဂိုး – သီဟစည်သူ
နောက်တန်း – ရန်အောင်ဝင်း၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း
အလယ်တန်း – ဖြိုးကိုကိုသိန်း၊ ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ရန်အောင်ကျော်
ရှေ့တန်း – စိုးမင်းဦး၊ ကျော်ကိုကို
ဆူဇူးကီး ဖလားတုန်းက လူစာရင်းမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ရန်အောင်ဝင်း၊ ကျော်ဇေယျာဝင်း၊ ကျော်ကိုကိုနဲ့ စိုးမင်းဦးတို့ပါဝင်လာပြီး ကြံ့ခိုင်မှု ပြသနာကြောင့် ချန်လှပ်ခြင်းခံခဲ့ရတဲ့ ရာဇာဝင်းသိန်းလည်း ပထမ လူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။
ဖိလစ်ပိုင် အသင်းဟာလည်း ဆူဇူကီး ပွဲစဉ်တုန်းကအတိုင်း လူစာရင်း သိပ်အပြောင်းအလဲ မရှိဘဲ အဓိက ကစားသမားတွေဖြစ်တဲ့ အီသာ ရစ်၊ ရောဘတ် ဂီယာ၊ မြန်မာ အသင်းကို ဂိုးအမြဲသွင်းတဲ့ ဂျိမ်းစ် ဟတ်စဘန့်တို့ ပါဝင်လာပါတယ်။
ပွဲအစမှာတော့ မြန်မာအသင်းဟာ အထနှေးနေပြီး ဘောလုံးအပေးအယူ မှန်ဖို့ကြိုးစားနေရာတာကို တွေ့ရပြီး ရာဇာဝင်းသိန်းရဲ့ ခံစစ်အားနည်းမှုကို အခွင့်ကောင်းယူပြီး ဖိလစ်ပိုင်အသင်းက ထိုးဖောက်ကစားတာကို တွေ့ရပါတယ်။
မြန်မာအသင်းရဲ့ ပထမဦးဆုံး ထိုးဖောက်မှုကိုတော့ ၁၄ မိနစ်မှာ ရရှိခဲ့ပြီး ကျော်ဇေယျာဝင်း ပြစ်ဒဏ်မှ တဆင့် ကန်တင်ပေးတဲ့ဘောလုံးကို ဇော်မင်းထွန်း ချော်ကန်တာကြောင့် ဂိုးသွင်းခွင့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာအသင်းဟာ ကြိုးစားပြီး ရုန်းတာကြောင့် အခွင့်အရေးတွေ ဆက်တိုက်ရလာပြီး ကျော်ကိုကို ဖန်ပေးတဲ့ ဘောလုံးကို ကျော်ဇေယျာဝင်း ကန်သွင်းပေမယ့် ဖိလစ်ပိုင် ဂိုးသမားက ကာကွယ်သွားတာကြောင့် ဂိုးရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
ပထမပိုင်းအပြီးမှာ မြန်မာအသင်းက ဂိုးသွင်းခွင့် ၄ ကြိမ်၊ ဂိုးပေါက်တည့်မှု ၂ ကြိမ် ရှိပြီး ဖိလစ်ပိုင်အသင်းနဲ့ တူညီခဲ့ပါတယ်။ မြန်မာအသင်းက ထောင့်ကန်ဘော ၁ ကြိမ်သာ ရခဲ့တဲ့အချိန်မှာ ဖိလစ်ပိုင်က ထောင့်ကန်ဘော ၃ ကြိမ် ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲပြန်လည် စတင်ရာမှာတော့ မြန်မာအသင်းကပဲ ဂိုးသွင်းခွင့် အများဆုံး ရပေမယ့် ဂိုးတွေ လွဲချော်နေခဲ့ပါတယ်။ အထူးသဖြင့် ၇၄ မိနစ်မှာ ကျော်ဇေယျာဝင်း ကန်လိုက်တဲ့ ဘောလုံးကို ဖိလစ်ပိုင် ဂိုးသမား ပုတ်ထုတ်ရာကနေ လျှံကျလာတဲ့ဘောလုံးကို နန္ဒလင်းကျော်ချစ်နဲ့ သိန်းသန်းဝင်းတို့တကြိမ်စီ ပိတ်ကန်ကြပေမယ့် ဂိုးပေါက် လွဲချော်ကန်တာကြောင့် တကယ့် အပိုင်အခွင့်အရေးကို ဖြုန်းပစ်လိုက်သလိုဖြစ်ပြီး မြန်မာ ပရိတ်သတ်ရဲ့ မကျေနပ်သံတွေ ဆူညံခဲ့ပါတယ်။
၇၈ မိနစ်မှာတော့ ကောင်တာကနေ ကျော်ထွက်လာတဲ့ ဘောလုံးကို ဖိလစ်ပိုင်ကစားသမား ပေါ်တီရီယာက ကန်သွင်းပြီး ဖိလစ်ပိုင်အသင်းအတွက် အဖွင့်ဂိုး သွင်းယူသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ချစ်ကြည်ရေး ပွဲပေမယ့် အိမ်ကွင်းမှာ အနိုင်ရရှိဖို့ကြိုးစားသော်လည်း ဖိလစ်ပိုင် အသင်းရဲ့ နောက်တန်းကို မကျော်နိုင်တော့ဘဲ အရှုံးပေးလိုက်ရပါတယ်။
ပွဲကို သုံးသပ်ရရင် ဖိလစ်ပိုင်အသင်းဟာ ဘောလုံးအခြေခံပိုင်းမှာ ပိုမိုကြေညက်ပြီး လူကောင်ပိုကြီးသလို တကယ့်ကျဉ်းထဲကြပ်ထဲမှာ ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ကစားနိုင်တာကို တွေ့ရပါတယ်။ မြန်မာအသင်း အနေနဲ့ကတော့ အိမ်ကွင်းမှာ ကစားရသော်လည်း ပျာယာခတ်နေပြီး ကွင်းလယ်မှာ သမ္ဘာရှိရှိ ဘောလုံးထိန်းကစားဖို့ အရည်အချင်း အားနည်းနေတာကြောင့် ရတဲ့အခွင့်အရေးတွေကို အသုံးမချနိုင်တဲ့အပြင် ကြိုးစားသမျှ အရာမထင်ပဲ ဖြစ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။