၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ မှ စတင်ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲမျာ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် တတိယအကြိမ်မြောက် အားကစားပွဲ ဖြစ်သည်။ သို့ရာတွင် ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံဖြင့် ကျင်းပသည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အနေဖြင့် ပထမဆုံး ကျင်းပသည့် အားကစားပြိုင်ပွဲဖြစ်သည်။
ကျွန်းဆွယ်
ယခင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အားကစား ပြိုင်ပွဲတို့မှာ ပြိုင်ပွဲဝင် ၇ နိုင်ငံသာ ပါဝင် ယှဉ်ပြိုင်ကြသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲသာ ဖြစ်သည်။
အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဒေသတွင်းရှိ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီး သိနားလည်ရေး အတွက် ကျင်းပသည် ဟူသော် အချက်မှာ စာရွက်ပေါ်တွင်သာ ရှိသည်။
လက်တွေ့တွင်မူ စကတည်းက ကွဲပြဲကြသည်ဟု ဆိုလျှင် မှားမည် မဟုတ်ပါ။
၁၉၅၈ ခုနှစ် ဂျပန်အာရှ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အရှေ့တောင် အာရှ ကျွန်းဆွယ်ဒေသမှ အားကစားခေါင်းဆောင်များ စုဝေးတိုင်ပင်ပြီး ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
ပထမ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ လက်တွေ့ပြိုင်ပွဲ စတင်သော အခါ ကမ်ဘောဒီးယားနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။ အိမ်ရှင် ထိုင်းနိုင်ငံနှင့် နယ်ခြား ပြဿနာပေါ်သဖြင့် ဝင်ရောက် မယှဉ်ပြိုင်ခြင်းဖြစ်သည်။
၁၉၆၁ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင်လည်း တောင်ဗီယက်နမ် နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ဆိုလာသဖြင့် အိမ်ရှင် မြန်မာနိုင်ငံက နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် ချဉ်းကပ် ဆွေးနွေးမှသာ ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
၁၉၆၁ ခုနှစ် မြန်မာ ကျွန်းဆွယ်ပြိုင်ပွဲတွင် ၇ နိုင်ငံစလုံး ပါဝင် ယှဉ်ပြိုင်ခဲ့ကြ သော်လည်း ကမ်ဘောဒီးယား နိုင်ငံတွင် ၁၉၆၃ ခုနှစ် တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင်မူ ၇ နိုင်ငံစလုံး မယှဉ်ပြိုင်လိုက်ကြရပါ။
အိမ်ရှင် အဖြစ် လက်ခံကျင်းပေးပါမည်ဟု တရားဝင် လက်ခံခဲ့သော ကမ်ဘောဒီးယားက အကြောင်းမျိုးစုံ ပြကာ တတိယ အကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ မကျင်းပပေးနိုင်ဟု တရားဝင် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၅ ခုနှစ် ကျမှ မလေးရှားနိုင်ငံက လက်ခံကျင်းပ ပေးခဲ့ရသည်။ ကမ္ဘောဒီးယား နိုင်ငံက ပြန်လည်ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံ ၁၅၊ ငွေ ၁၉ နှင့် ကြေး ၁၇ ခုပင် ဆွတ်ခူးသွားသေးသည်။
ထွက်စို့ ဝင်စို့
စတုတ္ထအကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲကို ၁၉၆၇ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးသည်။ ထုံးစံ အတိုင်း ကမ်ဘောဒီးယားက ဝင်မပြိုင်ပါ။
ထိုင်းမှာသာမက မြန်မာနိုင်ငံ ရန်ကုန်တွင် ၁၉၆၉ ခုနှစ်မှာ ကျင်းပသည့် ၅ ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင်လည်း ကမ်ဘောဒီးယား ဝင်မပြိုင်ခဲ့ပါ။ ယခု အကြိမ်တွင်မူ စီးပွားရေး အကြောင်းပြသည်။ သို့ရာတွင် ၇၁ နှင့် ၇၃ ကျွန်းဆွယ်ပြိုင်ပွဲ ၂ ပွဲစလုံး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
စုံညီထွက်
၁၉၇၅ ခုနှစ်မှာတော့ ဗီယက်နမ်၊ ကမ်ဘောဒီးယားနှင့် လာအို နိုင်ငံတို့က ကျွန်းဆွယ် ပြိုင်ပွဲမှ ပြိုင်တူ နုတ်ထွက် သွားကြသည်။
ယင်း ၃ နိုင်ငံ နုတ်ထွက်သွားခြင်း ကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့ကို ဖိတ်ခေါ်ထည့် သွင်းပြီး အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ “SEA GAMES” (ဆီးဂိမ်းစ်) အမည်သစ်ဖြင့် အားကစား ပြိုင်ပွဲကို ဆက်လက် ကျင်းပသည်။
၉ ကြိမ်မြောက် မလေးရှား ဆီးဂိမ်းတွင် မြန်မာနိုင်ငံအပါအဝင် ၇ နိုင်ငံပါဝင် ယှဉ်ပြိုင်ရာတွင် ရွှေ ၂၅၊ ငွေ ၄၂၊ ကြေး ၄၃ ဆုဖြင့် စတုတ္ထအဆင့်၌ ရပ်တည်ခဲ့သည်။ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့က မြန်မာနိုင်ငံ အောက်၌ ရှိနေကြသည်။
အအောင်မြင်ဆုံး
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ တလျှောက်လုံးတွင် မြန်မာနိုင်ငံ၏ အကောင်းဆုံး ပြိုင်ပွဲမှာ ၁၉၇၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ရိုးရာ အားကစားနည်းများ မထည့်သေးပါ။ စုစုပေါင်း အားကစားနည်း ၁၈ မျိုး ထည့်သွင်း ကျင်းပခဲ့ သည်။ မြန်မာ အားကစား သမားများက ရွှေ ၂၆၊ ငွေ ၂၆၊ ကြေး ၂၄ ဖြင့် နိုင်ငံအလိုက် တတိယ နေရာတွင် ရပ်တည်ခဲ့သည်။
အိမ်ရှင် အင်ဒိုနီးရှားက ရွှေ ၉၀ ဖြင့် နိုင်ငံအလိုက် ပထမ၊ ထိုင်းက ရွှေ ၅၀ ဖြင့် ဒုတိယ ရသည်။ မြန်မာနိုင်ငံ၏ အောက်တွင် ဖိလစ်ပိုင်က ရွှေ ၂၄ ဖြင့် စတုတ္ထ၊ မလေးရှားက ရွှေ ၁၉ ဖြင့် ပဉ္စမ၊ စင်ကာပူက ရွှေ ၁၆ ခုဖြင့် ဆဋ္ဌမ နှင့် ဘရူနိုင်းကမူ ရွှေ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့။
မြန်မာတို့ ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ် ၂၆ ခုတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေ ၁၅ ခု ဆွတ်ခူးနိုင်ခဲ့သည်။
၁၉၇၉ ခုနှစ် နောက်ပိုင်းတွင် မြန်မာ အားကစား လောကသည် တဖြေးဖြေး ကျဆင်းလာခဲ့သည်။ ၁၉၉၉ ခုနှစ် ဘရူနိုင်း ဆီးဂိမ်းတွင် ရွှေ ၃ ဆု၊ ၁၉၉၅ ခုနှစ် ဇင်းမယ် ဆီးဂိမ်းတွင် ရွှေ ၄ ဆု အထိ ကျဆင်းခဲ့သည်။
ဆီးဂိမ်း ပြိုင်ပွဲကလည်း နိုင်ငံများ တိုးလိုက် လျော့လိုက်နှင့် မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်သည်။ ကျွန်းဆွယ်ခေတ် ၁၉၇၅ ခုနှစ်တွင် ပြိုင်ပွဲမှ ထွက်သွားခဲ့သည့် ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံတို့က ၁၉၈၉ ခုနှစ် မလေးရှား နိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် ကျမှ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ဗီယက်နမ် အသင်းမှာ တကျော့ပြန် ဝင်လာသည်။ ထိုနှစ်တွင် ရွှေတံဆိပ်ပင် မရသေးပါ။ ငွေ ၁၁ နှင့် ကြေး ၅ ခုသာ ဆွတ်ခူးနိုင်ခဲ့သည်။ ထိုနည်းတူစွာ လာအိုနိုင်ငံကလည်း ငွေ ၂ ၊ ကြေး ၂၄ သာရသည်။
သို့ရာတွင် ဗီယက်နမ်နိုင်ငံက တဖြည်းဖြည်းဖြင့် မြန်မာနိုင်ငံကို ကျော်တက်သွားခဲ့သည်။ ၁၉၉၉ ခုနှစ် ဘရူနိုင်း ဆီးဂိမ်းတွင် မြန်မာက ရွှေ ၃ ခုသာ ဆွတ်ခူးနိုင်ပြီး နိုင်ငံအလိုက် အဆင့် ၈ တွင်သာ ရပ်တည်ချိန်တွင် ဗီယက်နမ်က ရွှေ ၁၉ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
မြန်မာ အားကစားသမားများသည် ၁၉၈၃ ခုနှစ်တွင် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် ဆီးဂိမ်းမှ စကာ ရွှေ ရရှိမှု ၂၀ ထက် လျော့နည်းလာရာ ၂၀၁၁ ဂျကာတာ ဆီးဂိမ်း အထိပင် ဖြစ်သည်။
ကျွန်းဆွယ်ပြိုင်ပွဲမှ စကာ ဆီးဂိမ်းအထိ မြန်မာ အားကစား သမားများသည် ၁၉၉၉ ခုနှစ်တွင် ဘရူနိုင်း၊ ၂၀၀၉ ခုနှစ်တွင် လာအိုတို့လောက် ရွှေ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါ။
အငြင်းပွား
၂၀၁၁ ဂျကာတာ ပြိုင်ပွဲတွင် ရွှေ ၁၆ ဆုဖြင့် ပုံမှန် အဆင့် ၇ နေရာတွင် ရပ်တည်နေခဲ့ရာမှ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် ရွှေ ၁၀၀ ဆွတ်ခူးပြီး နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ရမည်ဟူသော ဆန္ဒဖြင့် နေပြည်တော် ဆီးဂိမ်း တွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်း ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။
ဆီးဂိမ်း ဖယ်ဒရေးရှင်းကောင်စီ လူကြီးများသည် သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်မရောက်ခင်မှာပင် မီဒီယာက စတင် လှုပ်ရှားလိုက်ကြသည်။ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ ခြင်းလုံး ပြိုင်ပွဲ ထည့်သွင်းခြင်းနှင့် အိုလံပစ် အားကစား နည်း ၂ မျိုးဖြစ်သည့် တင်းနစ်နှင့် ကျွမ်းဘား အားကစားနည်း တို့ ထည့်သွင်းမပေးခြင်းကို လက်ညှိုးထိုးကြသည်။ ပြစ်တင် ဝေဖန်မှုများ စတင်ပြုလုပ်လာကြသည်။
ရိုးရာ ကိုင်ပြီ
မြန်မာလူမျိုး အချို့တွင် စွဲလမ်းမှု တခုရှိသည်။ တခုခု အဆင်မပြေလျှင် ရိုးရာကိုင်သည်ဟု ပြောလေ့ရှိကြသည်။ ယခု ရိုးရာကတော့ နတ်ရိုးရာ မဟုတ်ပါ။ အားကစား ရိုးရာ ဖြစ်သည်။
ဆီးဂိမ်းတွင် ၁၉၈၇ ခုနှစ် ဂျကာတာ ဆီးဂိမ်းမှ စကာ အားကစားနည်းများ ခုန်ပျံကျော်လွှားကာ များပြားလာခဲ့သည်။ ၁၈ မျိုးဖြင့် အားကစားပွဲ ကျင်းပလာခဲ့ရာ ဂျကာတာ ဆီးဂိမ်းတွင် နောက်ထပ် ၈ မျိုးထပ်တိုးကာ အားကစားနည်း ၂၆ မျိုး ထည့်သွင်း ကျင်းပခဲ့ရာ ၂၀၁၁ ဂျကာတာ ဆီးဂိမ်းကျတော့ အားကစားနည်း ၄၄ မျိုးအထိ တက်သွားသည်။
နေပြည်တော် ဆီးဂိမ်းကျတော့ အဖွားကြီးတွေ ရိုက်သည့် ဖဲကစားနည်း “BFIDGE” တွေ ဘာတွေ ဖြုတ်လိုက်တော့ ၃၃ ကျန်သည်။ ဖြုတ်လိုက်သည့် အထဲတွင် အိုလံပစ် အားကစားနည်း ၂ မျိုးဖြစ်သည့် တင်းနစ်နှင့် ကျွမ်းဘား ပါသွားသည်။ တိုးလာသည့် အထဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖြစ်သည်။
အမှန်က မြန်မာဘက်မှ ရိုးရာ အားကစားနည်း ထည့်သွင်း ကျင်းပသည်မှာ ၁ ကြိမ်သာ ရှိသေးသည်။ အခြား နိုင်ငံများက ရိုးရာ အားကစားနည်း ဖြင့် ရွှေ တံဆိပ်တွေ သိမ်းကျုံးယူနေသည်မှာ ကြာလှပါပြီ။
၂၀၁၁ ဆီးဂိမ်းတုန်းက အိမ်ရှင် အင်ဒိုနီးရှားတို့က ရွှေ ၁၈၂ ဖြင့် နိုင်ငံအလိုက် ပထမ၊ ထိုင်းက ရွှေ ၁၀၉ ခုဖြင့် ဒုတိယ၊ ဗီယက်နမ်က ရွှေ ၉၆ ဖြင့် တတိယ၊ မလေးရှားက ရွှေ ၅၉ ဖြင့် စင်ကာပူ ရွှေ ၄၂၊ ဖိလစ်ပိုင် ၃၆၊ မြန်မာ ရွှေ ၁၆ ၊ လာအို ရွှေ ၉၊ ကမ္ဘောဒီးယား ရွှေ ၄၊ အရှေ့တီမော ရွှေ ၁ နှင့် ဘရူနိုင်း ရွှေ သုည အဆင့်တို့ ဖြစ်သည်။
ရွှေ ၁၀၀ ဆိုသည်မှာ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲများမှာပင် မည်သည့်နိုင်ငံကမှ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသေးပါ။ ၁၉၈၀ ပြည့်နှစ် မော်စကိုတွင် ကျင်းသည့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲ၌ အမေရိကန်နှင့် နိုင်ငံအချို့ မပါဝင်သဖြင့် ဆိုဗီယက်နိုင်ငံက ရွှေတံဆိပ် ၈၀ ရဖူးသည်။ ထိုနည်းလည်းကောင်းပင် ၁၉၈၄ ခုနှစ် လော့စ်အိန်ဂျလိစ် အိုလံပစ်တွင်လည်း ဆိုဗီယက်ပြည်ထောင်စုနှင့် နိုင်ငံ အချို့ ဝင်မပြိုင်ခဲ့သဖြင့် အမေရိကန် အားကစား သမားများ ရွှေ ၈၃ ခု ဆွတ်ခူးရဖူးသည်။
၂၀၁၃ ဆီးဂိမ်းတွင် ထည့်သွင်းမည့် အားကစားနည်း ၃၃ မျိုးအတွက် ရွှေ ၄၀၀ ချီးမြှင့်မည်ဟု ခန့်မှန်းပြောဆိုကြသည်။ သို့ရာတွင် အားကစားနည်း တမျိုးစီအတွက် ပွဲငယ်ပေါင်း မည်မျှ ထည့်သွင်းကျင်းပ ပေးမည် ဆိုခြင်းကိုမူ မကြေညာသေးပါ။
၂၀၁၃ ဆီးဂိမ်းအတွက် ယှဉ်ပြိုင်မှုထက် ဖွင့်ပွဲ၊ ပိတ်ပွဲက ရှေ့ရောက်နေသည်။ မြန်မာ အားကစား သမားများ လေ့ကျင့်နေကြပြီဟု ဆိုသော်လည်း ပဏာမ အဆင့်တွင် အားကစား သမားပေါင်း မည်မျှလေ့ကျင့်နေ ကြောင်းကို လည်းကောင်း၊ မည်သည့်လတွင် နောက်ဆုံးအဆင့် ရွေးချယ်လေ့ကျင့်သွားမည် ဆိုခြင်းကို လည်းကောင်း စာရေးပြီးချိန်အထိ မသိကြရသေးပါ။