ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ အဓိက ပြိုင်ဘက် ဘာစီလိုနာကို ၃-၁ နဲ့ အနိုင်ရရှိသွားပါတယ်။ ဘာစီလိုနာကွင်းဖြစ်တဲ့ နူးကမ့်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ရီးယဲလ်သင်းက ခြေစွမ်းပြကာ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
ပထမ အကျော့တုန်းက ၁-၁ ရလဒ်နဲ့သာ ပြီးဆုံးခဲ့တာကြောင့် အိမ်ကွင်းမှာ ဒုတိယအကျော့ ကစားရတဲ့အခါ ဘာစီလိုနာ အသင်းဟာ အသာရနေခဲ့တာပါ။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ် အသင်းဟာ ဘာစီလိုနာရဲ့ ကစားကွက်ကို ကွင်းလယ်မှာတင် အဖျက်ကစားခဲ့ပြီး ကောင်တာ တိုက်စစ်နဲ့ ဘာစီလိုနာရဲ့ ခံစစ်ကို ချေမှုန်းခဲ့တာကြောင့် အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ဘာစီလိုနာ အသင်းအတွက်တော့ ဒီရှုံးပွဲဟာ တပတ်အတွင်း၂ ပွဲဆက် ရှုံးပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်မှာ အေစီမီလန်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။
ဒီပွဲမှာ အနိုင်ဂိုးတွေ သွင်းပေးခဲ့တဲ့ ရော်နယ်ဒိုဟာ နူးကမ့်ကွင်းသို့နောက်ဆုံး လာရောက်ကစားတဲ့ ၆ ပွဲလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရရှိသွားပါတယ်။ ပထမပိုင်း ၁၃ မိနစ်မှာတင် ပယ်နတီ ဧရိယာအတွင်း ပီကေး ဖျက်တဲ့ဘောလုံးဟာ ရော်နယ်ဒိုရဲ့ ခြေထောက်ကို ထိမိပြီး ဟန့်တားသလို ဖြစ်တာကြောင့် ရီးယဲလ်အသင်း ပယ်နတီရရှိတာကနေ ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူပေးပါတယ်။
ဒုတိယ ပိုင်း ၅၇ မိနစ်မှာတော့ ရော်နယ်ဒိုကပဲ ဒုတိယဂိုးကို သွင်းယူပေးသွားပါတယ်။ ဒီဂိုးကို ကောင်တာမှ တဆင့်ရရှိခဲ့တာဖြစ်ပြီး ခက်ဒီရာရဲ့ နောက်တန်းမှ ကန်တင်ချက်ဟာ ဒီမာရီယာ ဆီသို့အသင့်ရောက်ရှိသွားပြီး ဘာကာ နောက်ခံလူ ပူယိုးလ်ကို ကျော်ဖြတ်ကာ ကန်သွင်းပါတယ်။ ဒါပေမယ့် ပြန်အန်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒိုက ဘယ်ခြေနဲ့ အပိုင်ကန်သွားလိုက်နိုင်တာ ဖြစ်ပါတယ်။
နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ ထောင့်ကန်ဘောကနေ တဆင့် ရီးယဲလ် တက်သစ်စ လူငယ်ခံစစ်မှူး ဗာရိန်းက ပီကေးကို ကျော်ဖြတ်ပြီး ခေါင်းတိုက်သွင်းယူကာ ၃ ဂိုးမြောက်ဂိုးကို သွင်းယူပေးတာကြောင့် ဘာစီလိုနာ အသင်းအတွက် ပွဲသိမ်း ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမှသာ ယော်ဒီ အယ်ဘာက ဘာစီလိုနာ အသင်းအတွက် နှစ်သိမ့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲဟာ ၂ ကျော့ပေါင်း ရလဒ် ၄-၂ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မက်ဆီ အတွက်တော့ ၁ ပတ်အတွင်း ရှုံးပွဲ ၂ ပွဲ ကြုံခဲ့ရသလို ပွဲအတွင်း ဘာမျှမလုပ်နိုင်အောင် တဖက်နောက်တန်းတွေရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရတာကြောင့် တဖက်အသင်း ဂိုးသမားကို ထိထိရောက်ရောက် ခြိမ်းခြောက်ခြင်း မလုပ်နိုင်ခဲ့ပါဘူး။
ဘာစီလိုနာ အသင်းဟာ လာမယ့် စနေနေ့မှာ ရီးယဲလ်မက်ဒရစ် အသင်းရဲ့ ဘာနေးဘောင်းကွင်းမှာ လာလီဂါ ပွဲစဉ်ကန်ရဖို့ ရှိပြီး နောက်ထပ် ရှုံးပွဲမကြုံအောင် ကြိုးစားရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဘောလုံးပရိသတ်ကြီး အတွက်တော့ နောက်ထပ် ကြည့်ကောင်းမယ့် ပွဲစဉ်တပွဲ ဖြစ်မှာပါ။
ကိုးကား – msn.foxsports.com, sg.sports.yahoo.com