ရှုံးပွဲဆက်မှုတွေကြောင့် ဖိအားတွေဝင်နေတဲ့ ဘာစီလိုနာအသင်းဟာ ပထမအကျော့တုန်းက ဆန်စီရိုမှာ အေစီမီလန်ကို ၂-ဝ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကိုချေဖျက်ပြီး မက်ဆီ၊ ဗီလာ၊ ယောဒီ အယ်ဘာတို့ရဲ့ ဂိုးတွေနဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်သို့တက်ရောက်သွားနိုင်ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းရဲ့ လူစာရင်း
(ဂိုး) ဗဲဒက်စ်၊ အယ်ဗက်စ်၊ ပီကေး၊ အယ်ဘာ၊ ဇာဗီ၊ အင်နေယေစတာ၊ မာရှေယာနို၊ ဘက်စကွက်၊ ဗီလာ၊ ပက်ဒရိုနဲ့ မက်ဆီတို့ ပွဲထွက်လာခဲ့ကြပါတယ်။
အေစီမီလန် အသင်းရဲ့ လူစာရင်း
(ဂိုး) အက်ဘီယာတီ၊ မက်ဆက်၊ ဇာဘာတာ၊ ဘုတ်တန်၊ ဖလာမီနီ၊ မွန်တိုလီဗို၊ အဘာတေး၊ ကွန်စတန့်၊ အမ်ဘရိုစီနီ၊ အယ် ရှာရီ၊ နိုင်ယန် တို့နဲ့ ခံစစ်ပုံစံ ကစားဖို့ ပွဲထွက်လာခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဒီပွဲမှာ အနည်းဆုံး ၃ ဂိုးသွင်းဖို့လိုအပ်တာကြောင့် ပွဲစကတည်းက အတင်း တိုက်စစ်ဆင် ကစားပြီး မက်ဆီရဲ့ ကိုက် ၂၀ အကွာက ကန်ချက်က ပွဲစပြီး ၅ မိနစ်အကြာမှာပဲ ဂိုးပေါက်ထဲသို့ရောက်သွားပြီး ဘာစီလိုနာ အသင်း အဖွင့်ဂိုး စတင်ရရှိပါတယ်။ သိပ်မကြာခင်မှာပဲ အေစီမီလန် အသင်းမှ နိုင်ယန် အပိုင်ဂိုး သွင်းယူခွင့်ရရှိပေမယ့် တိုင်ထိပြီး ပြန်ထွက်လာလို့အေစီတို့နစ်နာခဲ့ရပါတယ်။ မက်ဆီဟာ ပထမပိုင်း ပြီးခါနီး မိနစ် ၄၀ လောက်မှာ ဘာစီလိုနာ အသင်းအတွက် ဒုတိယ ဂိုးသွင်းယူပေးပြီး အေစီမီလန် အသင်းနဲ့နှစ်ကျော့ပေါင်း ဂိုးရလဒ် တူညီသွားပါတယ်။
ဘာစီလိုနာ အသင်းဟာ ဘောလုံးပိုင်ဆိုင်း ၆၈ ရာခိုင်နှုန်းရှိပြီး အေစီမီလန် အသင်းကတော့ ၃၂ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာစီလိုနာ အသင်းသာ စိုးမိုးခဲ့ပြီး အေစီမီလန်အသင်းဟာ ပွဲစကနေ ပွဲဆုံးအထိ ခံစစ်နဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။
ဒုတိယပိုင်း အစမှာတော့ စပိန်တိုက်စစ်မှူး ဒေးဗစ် ဗီလာက ဘာစီလိုနာ အသင်းအတွက် ၃ ဂိုးမြောက်ကို သွင်းယူပေးပြီး ဂျော်ဒီ အယ်ဘာက ပွဲချိန် အချိန်ပိုမှာ ၄ ဂိုးမြောက် ဂိုးသွင်းယူကာ ဘာစီလိုနာ အသင်းအတွက် ကြီးကျယ်တဲ့ အောင်ပွဲကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် မှတ်တမ်းများအရ ပထမ အကျော့မှာ ၂ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အသင်းတွေဟာ ဒုတိယပွဲစဉ်မှာ အမြဲ အခက်ကြုံရလေ့ရှိပြီး နောက်တဆင့် တက်ဖူးခြင်းမရှိခဲ့ဘဲ ဘာစီလိုနာ အသင်းဟာ ယခုလို အောင်ပွဲကို ပြန်ရှာဖွေနိုင်တဲ့ ပထမဦးဆုံးအသင်း ဖြစ်လာပါတယ်။ ဒါ့အပြင် အေစီမီလန် အသင်းအတွက် ၄ ဂိုးပြတ် ရှုံးနိမ့်ခြင်းဟာ ချန်ပီယံလိဂ်မှာ အများဆုံးဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းအတွက်တော့ ယခု နိုင်ပွဲကြောင့် ချန်ပီယံလိဂ်မှာ အိမ်ကွင်း ပွဲ ၂၀ ဆက်တိုက် ရှုံးပွဲမရှိတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ၂ ကျော့ပေါင်းရလဒ် ၄-၂ နဲ့ အေစီမီလန် အသင်းအား အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
တခြားပွဲစဉ်ရလဒ်
တဖက်ပွဲစဉ်မှာတော့ ဂျာမန်ကလပ် ရှော်ကေးနဲ့တူရကီကလပ် ဂလက်တာစာရေး တို့ရဲ့ ပွဲစဉ်မှာ ဂလက်တာစာရေး အသင်းဟာ ပွဲချိန် အချိန်ပိုမှာ ဘူလတ်ရဲ့ နောက်ကျဂိုးနဲ့ ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၄-၃ နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ယနေ့ည ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ
ဘိုင်ယန်မြူးနစ် – အာဆင်နယ်
မာလာဂါ – ပေါ်တို
ကိုးကား – BBC