ဒေးဗစ် ဘက်ခမ်းဆိုလျှင် ဘောလုံး ဝါသနာအိုးတွေသာမက မိန်းကလေးအများစုကပါ ဖက်ရှင်ကျပြီး ကြည့်ကောင်းတဲ့ သူတစ်ယောက်အဖြစ် သိကြပါတယ်။ ဘက်ခမ်းဟာ ကမ္ဘာ့ဘောလုံးစင်မြင့်မှာ နှစ် ၂၀ ကြာ အသုံးတော်ခံ အောင်မြင်မှု သရဖူဆောင်းအပြီး အသက် ၃၈ နှစ်မှာ ဘောလုံးသမားဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
နိုင်ငံ ၄ နိုင်ငံမှာ လိဂ်ဖလားရရှိဖူးတဲ့ ပထမဦးဆုံး အင်္ဂလိပ်ကစားသမား
အင်္ဂလန် ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းဟာ နိုင်ငံအတွက် ၁၁၅ ပွဲ ကစားပေးခဲ့ပြီး ဘက်ခမ်းဆိုတဲ့ ကြယ်တပွင့် စတင်ဖြစ်လာတဲ့ မန်ယူအသင်းမှာ ၃၉၄ ပွဲကစားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဆုဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ် ရရှိခဲ့ပါတယ်။
လန်ဒန်မြို့ရဲ့ အရှေ့ဘက်ခြမ်း လေတန်စတုန်း ဆိုတဲ့မြို့လေးမှာ မွေးဖွားခဲ့တဲ့ ဒေးဗစ် ဘက်ခမ်းဟာ မန်ယူ၊ ရီးယဲလ်၊ ဂလက်ဆီ၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့ပြီးဖလား ၁၉ ခု ရရှိခဲ့ကာ ၁၀ ကြိမ်ဟာ လိဂ်ဖလားသရဖူတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘက်ခမ်းဟာ ဥရောပ ဘောလုံးအင်အားကြီးနိုင်ငံ ၄ နိုင်ငံမှာ ဖလားရရှိဖူးတဲ့ ပထမဦးဆုံး အင်္ဂလိပ် ဘောလုံးကစားသမား ဖြစ်လာပါတယ်။
ဘက်ခမ်းဟာ မန်ယူအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ၁၀ နှစ်ကြာ ကစားအပြီးမှာ ရီးယဲလ်အသင်းသို့ ၂၀၀၃ ခုနစ်မှာ ပြောင်းရွှေ့သွားခဲ့ပြီး လာလီဂါဖလားကို ၂၀၀၇ မှာ ရရှိခဲ့ပါတယ်။
ဘက်ခမ်းဟာ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် အံ့အားသင့်စွာပင် အမေရိကန် ကလပ် ဂလက်ဆီ အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဥရောပ ဘောလုံးလောကမှာ အသင်းကြီးဖြစ်တဲ့ အေစီမီလန်မှာ ၂၀၀၉ – ၂၀၁၀ အတွင်း ခေတ္တအငှားနဲ့ လာရောက်ကစားခဲ့သလို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကိုလည်း အနားမယူခင် ၅ လအကြာမှာ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဘက်ခမ်းဟာ သူပြောင်းရွှေ့တဲ့ အသင်းတိုင်းမှာ ဖလားတွေ ကိုင်မြှောက်ခွင့်ရတဲ့ အောင်မြင်တဲ့ ကစားသမား ဖြစ်လာပါတယ်။
ဘက်ခမ်းနဲ့ ဖရီးကစ် အမှတ်အသား
ဒေးဗစ် ဘက်ခမ်းဆိုလျှင် လူတိုင်းရဲ့ အတွေးထဲမှာ ရောက်လာတာက သူရဲ့ စက်ဝိုင်းခြမ်းပမာ ဝေ့ဝိုက်နေအောင် ကန်တတ်တဲ့ ဖရီးကစ်တွေနဲ့ ဖြတ်တင်ဘောတွေပါပဲ။ ဘောလုံးသမားတလျှောက် ဖရီးကစ် ဂိုးတွေဟာ ဘက်ခမ်းရဲ့ အမှတ်အသား ဖြစ်လာသလို မိမိတိုက်စစ်မှူးတွေ ဂိုးသွင်းနိုင်အောင် တောင်ပံကနေ လှပတဲ့ကန်ချက်တွေနဲ့ ဖြတ်တင်ပေးတဲ့ အရည်အချင်းတွေကြောင့် တိုက်စစ်မှူးတွေရဲ့ ချီးကျူးခြင်းကိုခံရတဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။
ဘက်ခမ်းနဲ့ Celebrity ဘဝ
ဘက်ခမ်းဟာ ၁၉၉၁ ခုနစ်မှာ မန်ယူအသင်းမှာ သင်တန်းသားအဖြစ် စတင်ရောက်ရှိခဲ့ပြီး ၁၉၉၃ ခုနစ်မှာ ဖာဂူဆန်ရဲ့ နှစ်ခြိုက်ခြင်းကို ခံရကာ ပထမဦးဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီး တဖြည်းဖြည်းနဲ့ဘောလုံးနဲ့ နာမည်ကြီးရုံမကဘဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်လည်း ရေပန်းစားလာခဲ့ပါတယ်။ ၁၉၉၉ ခုနစ်မှာ အင်္ဂလန်နာမည်ကျော် Spice Girl အဖွဲ့မှ ဗစ်တိုးရီးယားနဲ့ လက်ထက်ခဲ့ပြီး ဘောလုံးသမားတယောက် အနေနဲ့သာ မဟုတ်တော့ဘဲ အနုပညာလောကမှာပါ ရေပန်းစားတဲ့ Celebrity ကြယ်ပွင့် ဖြစ်လာခဲ့ပါတယ်။
ဘက်ခမ်းနဲ့နာမည်ကျော် ဆံသဖက်ရှင်
၁၉၉၂ ကနေ ၂၀၁၃ အထိ ကစားခဲ့တဲ့ ဘောလုံးသမား သက်တမ်း နှစ်၂၀ အတွင်းမှာ ဒေးဗစ်ဘက်ခမ်းဟာ နာမည်ကျော် ဆံပင်စတိုင် ၁၆ မျိုး အနည်းဆုံး ပြောင်းလဲခဲ့ပြီး ၁၉၉၆ နဲ့ ၁၉၉၈ မှာ ထားရှိခဲ့တဲ့ ရွှေရောင်ဆံရှည်စတိုင်ကို မိန်းကလေးပရိတ်သတ်က နှစ်သက်တယ်လို့ဆိုပါတယ်။ ဘောလုံးသမား တယောက်ပေမယ့် စတိုင်လ်ကျအောင် နေလေ့ရှိတဲ့ ဒေးဗစ် ဘက်ခမ်းဟာ ဆံပင်ပုံစံအပြောင်းဆုံး ဘောလုံးသမားအဖြစ် နာမည်ကြီးသလို အမှန်တကယ်လည်း ကြည့်လို့ကောင်းတာကြောင့် ယောကျာ်လေးများကိုယ်တိုင် ဘက်ခမ်းကေ ဆိုပြီး ထားရတဲ့အထိ လွှမ်းမိုးထားနိုင်တဲ့ ဘောလုံးသမားတယောက်ပါ။
ဘက်ခမ်းနဲ့ အနီကတ် ဖြစ်ရပ်များ
ဒေးဗစ် ဘက်ခမ်းဟာ မန်ယူနဲ့ အေစီမီလန် အသင်းမှာ ကစားတဲ့အချိန်အတွင်း အနီကတ် မထိဖူးပေမယ့် အင်္ဂလန် အသင်းအတွက် ကစားတဲ့ပွဲမှာ အနီကတ် ၂ ကြိမ်ထိဖူးပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနား အသင်းနဲ့ ယှဉ်ပြိုင်နေစဉ် အချိန်အတွင်း အနီကတ်ထိတဲ့ ဖြစ်ရပ်ဟာ လူပြောအများဆုံးဖြစ်ခဲ့ပြီး ဒေးဗစ်ဘက်ခမ်းရဲ့ မပါးနပ်မှုကြောင့် အင်္ဂလန် အသင်း နောက်တဆင့်တက်ခွင့် ဆုံးရှုံးခဲ့ရတယ်လို့ အဝေဖန်ခံခဲ့ရပြီး ခြေစွမ်းပုံမှန်ပြန်ရဖို့ ရုန်းကန်ခဲ့ရဖူးပါတယ်။ စုစုပေါင်းအနေနဲ့တော့ အင်္ဂလန် အသင်းမှာ ၂ ကြိမ်၊ ရီးယဲလ်မက်ဒရစ်အသင်းမှာ ၄ ကြိမ်၊ ဂလက်ဆီအသင်းမှာ ၁ ကြိမ်၊ ပီအက်စ်ဂျီအသင်းမှာ ၁ ကြိမ်၊ အားလုံးပေါင်း ၈ ကြိမ်တိတိ အနီကတ်ပြ အထုတ်ခံခဲ့ရဖူးပါတယ်။
ဘက်ခမ်းရဲ့ ချမ်းသာကြွယ်ဝမှု
ဆန်းဒေးတိုင်းမ် သတင်းစာကတော့ ဘက်ခမ်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အလွန်ကို တိုးတက်လာခဲ့ပြီး Adidas, Pepsi Cola တို့ကနေလည်း ပုံရိပ်အသုံးပြုခွင့်အဖြစ် သန်းပေါင်းများစွာ ရရှိလို့ နေပါတယ်။ ဘက်ခမ်းရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၂၀၀၅ ခုနှစ်မှာ ပေါင် သန်း ၅၀ ရှိရာမှ ယခုအနားယူတဲ့အချိန်မှာ သန်း ၂၀၀ ကျော် ချမ်းသာနေပြီလို့ ဆိုပါတယ်။ သန်းကြွယ်သူဌေး ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီး ဗစ်တိုးရီးယားတို့ဟာ နောက်ဆုံးသတင်းအရ အမေရိကန် ဘောလုံးအသင်းတသင်းမှာ ရှယ်ယာ အများဆုံး ဝင်ထားပြီး ဘောလုံးအသင်းပိုင်တဲ့ စုံတွဲဖြစ်လာဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
ဘက်ခမ်းရဲ့ ကျေးဇူးတင်စကား
“ဒီနေ့မှာ ကျနော်ပြောချင်တာက ကျနော်ဂုဏ်အယူဆုံး အောင်မြင်မှုက နိုင်ငံ့ဘောလုံးအသင်းကို အသင်းခေါင်းဆောင် အဖြစ် ဦးဆောင်ကစားခွင့် ရရှိခဲ့တာပါပဲ။ ခြင်္သေ ၃ ကောင် အကျီ်ဝတ်တိုင်း နာမည်ကျော် ဘောလုံးသမားတွေကို ဦးဆောင်ရတာတင် မဟုတ်ဘဲ ဘောလုံးပရိသတ်ကြီးကိုပါ ကိုယ်စားပြုပြီး ကစားနေရတယ်လို့ ခံယူမိပါတယ်။ ပရိသတ်တွေ ကျနော့်ကို မြင်စေချင်တာက ကြိုးစားတဲ့ ဘောလုံးသမားတဦး အနေနဲ့ပါ။ အဆင့်ပေါင်းများစွာ၊ အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး ရှိတဲ့ စွမ်းရည်တွေ အားလုံးကို အသုံးချပြီး အောင်မြင်လာတဲ့ ဘောလုံးသမားတဦး အနေနဲ့ မြင်စေချင်တာပါ”။
ဘက်ခမ်းဟာ သူရဲ့ မိသားစုကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
“ကျနော် ယနေ့ ရရှိနေတဲ့ အောင်မြင်မှုတွေဟာ ကျနော့်မိသားစုရဲ့ အထောက်အပံ့ကြောင့်သာ ရရှိခဲ့တာပါ။ ကျနော့် အိမ်မက်တွေ အကောင်အထည်ဖော်ပြီး အောင်မြင်မှုရရှိအောင် ပံ့ပိုးပေးခဲ့တဲ့ မိဘနှစ်ပါးကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ကျနော့်ရဲ့ ဘောလုံးသမားဘဝကို မငြီးမငြူ ဖြည့်ဆည်းပေးတဲ့ ချစ်ဇနီး ဗစ်တိုးရီးယားကိုလည်း ကျေးဇူးတင်သလို ဒီအချိန်အထိ ဘောလုံးသမားကောင်း တယောက်အပြင် ထူးချွန်တဲ့ ဖခင်ကောင်းတယောက် ဖြစ်အောင် စိတ်စွမ်းအင်တွေ ပေးနေတဲ့ သားသမီးတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
ဒေးဗစ် ဘက်ခမ်းရဲ့ ဘောလုံးသမား ဘဝမှ အနားယူမှုဟာ ယခုရက်ပိုင်းအတွင်း အလှုပ်ရှားဆုံး ဖြစ်ခဲ့ပြီးသူရဲ့ ဆရာ ဖာဂူဆန်ဟာလည်း ပြီးခဲ့တဲ့အပတ်ကမှ နည်းပြအဖြစ်ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့တာကြောင့် ဆရာ တပည့် နှစ်ယောက် ဆက်တိုက်ဆိုသလို ဘောလုံးမြက်ခင်းစိမ်းကို ကျောခိုင်းကြတော့မှာ ဖြစ်ပါတယ်။
ကိုးကား – BBC