နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပရန် ၅ လ နှင့် ရက်ပိုင်းမျှသာ လိုတော့သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့်နေ့၊ ကျင်းပမည့် နေရာများနှင့် ချီးမြှင့်မည့် ဆုတံဆိပ်များကို သက်ဆိုင်ရာက ယာယီအားဖြင့် ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်တွင် တရားဝင်ဖွင့်လှစ်ရန် လျာထားသော်လည်း အားကစား ပြိုင်ပွဲများကိုမူ ဒီဇင်ဘာလ ၄ ရက် သို့မဟုတ် ၅ ရက်နေ့တွင် စတင် ကျင်းပမည်ဆို၏။
နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံများက ပါဝင်ယှဉ်ပြိုင်မည့် လူဦးရေ စာရင်းကို ဇူလိုင်လမှ စတင်ကာ စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ ပေးပို့ကြရမည် ဟုလည်း သတင်း ထုတ်ပြန်ထားသည်။ ယင်း လူစာရင်းတွင် ပြည်ပမှ လိုက်ပါလာမည့် မီဒီယာသမားများ၏ စာရင်းလည်း ပါဝင်သည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံထဲတွင်မူ ထည့်သွင်းကျင်းပမည့် အားကစားနည်းများ၊ ကျင်းပမည့် နေရာများနှင့် ချီးမြှင့်မည့် ဆုတံဆိပ် (ရွှေ၊ ငွေ၊ ကြေး) များ စာရင်းကို ထုတ်ပြန်ထားသည်။
သို့သော် ယင်းစာရင်းမှာ ပထမအဆင့် ယာယီလျာထားသည့် စာရင်းသာဖြစ်သည်။ အားကစားနည်းအလိုက် ယှဉ်ပြိုင်မည့် အသင်းများ၊ အားကစားသမားများ၏ အားကစားသမားများ၏ စာရင်းများကို ရရှိပြီးမှသာလျှင် ပြိုင်ပွဲ ဇယားများကို အတိအကျ ထုတ်ပြန်ဖွယ်ရှိသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံများမရှိခြင်း၊ ယှဉ်ပြိုင်မည့် အားကစားသမား မပြည့်စုံခြင်း တို့ကြောင့် တချို့ အားကစားနည်းများကို ပွဲစဉ်ဇယားမှ ပယ်ဖျက်ရနိုင်သည့် အကြောင်းများလည်း ရှိသေးသည်။
မည်သို့ပင်ရှိစေကာမူ မြန်မာနိုင်ငံက အိမ်ရှင်ဖြစ်သဖြင့် ရှုံးသည် နိုင်သည် အပထား၍ ကျင်းပမည့် အားကစားနည်း ၃၃ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အားကစားနည်း ၃၃ မျိုး အနက် ရိုးရာခြင်းခတ်ပြိုင်ပွဲနှင့် ဝါတာပိုလို ပြိုင်ပွဲ နှစ်မျိုးကို ဒီဇင်ဘာလ ၄ ရက် သို့မဟုတ် ၅ ရက် နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။
မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲကို လူ ၃၀၀၀၀ ဆန့်သည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပမည်ဖြစ်သည်။ အမျိုးသား ၄ ပွဲ၊ အမျိုးသမီး ၄ ပွဲ ထည့်သွင်းထားပြီး ဒီဇင်ဘာ ၄ ရက် သို့မဟုတ် ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ မြန်မာ ခြင်းလုံးမောင်မယ်များသာ ရွှေတံဆိပ် ဆွတ်ခူးဖွယ်ရှိသည်။
ဝါတာပိုလို ပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ သို့မဟုတ် ၅ ရက်မှ ၁၆ ရက်နေ့အထိ ဇေယျာသီရိ ရေကူးကန်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲသာ ထည့်သွင်းကျင်းပမည်ဟုဆို၏။ အမျိုးသား တသင်းစီသာ ယှဉ်ပြိုင်မည့် ဝါတာပိုလို ပြိုင်ပွဲကျင်းပမည့်ရက်မှာ ၁၁ ရက် (၅ ဒီဇင်ဘာမှ ၁၆ ဒီဇင်ဘာ) ဖြစ်၍ ရှည်ကြာလွန်းသည်။
အမျိုးသား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နေ့များတွင် အုပ်စုပွဲများ စတင်ကျင်းပရန် လျာထားသည်။ နေပြည်တော်မှ ဝဏ္ဏသိဒ္ဓိ၊ ဇေယျာသီရိနှင့် ရန်ကုန် လူငယ်လေ့ကျင့်ရေးစခန်း (YTC) တွင် ကျင်းပမည် ဖြစ်သည်။ အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်နေ့မှ ၂၀၊ ၂၁ ရက်နေ့အထိ မန္တလေး အဆင့်မြင့်ကွင်းတွင် ကျင်းပရန် စီစဉ်ထားသည်။ ဘောလုံး ပြိုင်ပွဲတွင် ကျား ၁၊ မ ၁ သာ ရွှေတံဆိပ် ချီးမြှင့်မည်ဖြစ်သည်။
မြန်မာပြည်သူ အားလုံးကတော့ နေပြည်တော်ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် သားရော သမီးပါ ရွှေတံဆိပ်ရမည်ကို မျှော်လင့် နေကြသည်။ အမျိုးသား ယူ ၂၃ ဘောလုံးအသင်းသည် ဂျာကာတာ ဆီးဂိမ်း၌ တတိယ နေရာလုပွဲတွင် ဗီယက်နမ် အသင်းကို အနိုင်ရပြီး ကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။ ဂျကာတာဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပွဲ ထည့်သွင်းကျင်းပခြင်း မရှိပါ။
ဝူရှူးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်၊ ၁၀ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပမည်ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံး ကျင်းပပေးမည်ဖြစ်ပြီး ကျား၊ မ နှစ်ပွဲပေါင်း ရွှေတံဆိပ် ၂၃ ခုအထိချီးမြှင့်မည်။
အနောက်တိုင်း လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) တွင် ဒီဇင်ဘာ ၆ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည်။ ရွှေတံဆိပ် အမျိုးသား ၇ ဆု၊ အမျိုးသမီး ၇ ဆု ချီးမြှင့်ရန် လျာထားသည်။ အမျိုးသား လက်ဝှေ့သမားများ ဆီးဂိမ်းတွင် ရွှေတံဆိပ် မရသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
ကြက်တောင်ရိုက် ပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နေ့မှ စကာ ၁၅ ရက်နေ့ အထိ နေပြည်တော် ဘက်စုံသုံး အားကစား ရုံတွင် ကျင်းပပြီး ရွှေတံဆိပ် ၅ ဆု ချီးမြှင့်မည်။ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းတို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖွယ် ရှိသည်။ မြန်မာ့ကြက်တောင် ရွှေရောင် မလင်းလက်ဖူးပါ။
ဘတ်စကက်ဘော ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နေပြည်တော် ဇေယျာသီရိ အားကစားရုံ (A) တွင် ကျင်းပမည်။ အမျိုးသား ဘတ်စကက်ဘော အသင်းမှာ ကျွန်းဆွယ်ခေတ်တွင် ကြေးတံဆိပ်နှင့် အမျိုးသမီး အသင်းမှာလည်း ၆၉ ကျွန်းဆွယ်ပြိုင်ပွဲတွင် ငွေတံဆိပ် တကြိမ်သာရဖူးသည်။
နပန်းပြိုင်ပွဲ နှင့် ကနူး/ကယက် လှေပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်နှင့် ၉ ရက်နေ့ များတွင်ကျင်းပမည် ဆို၏။ အနောက်တိုင်း နပန်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် အသစ်အဆန်း အားကစားနည်း ဖြစ်သည်။ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ရန်ကုန်မြို့ အမျိုးသားအားကစားရုံ ၁ တွင် နပန်းပြိုင်ပွဲ ကျင်းပရန် လျာထားသည်။ မြန်မာ နပန်းသမားများ ရွှေတံဆိပ် မရဖူးသော်လည်း ဆီးဂိမ်း နပန်းပြိုင်ပွဲတွင် ရွှေတံဆိပ် ၂၁ ခု အထိ ချီးမြှင့်မည် ဆို၏။ အမျိုးသားပြိုင်ပွဲ ၁၄ ပွဲနှင့် အမျိုးသမီး ပြိုင်ပွဲ ၇ ပွဲ ထည့်သွင်းကျင်းပမည် ဖြစ်၏။
ကနူး/ကယက် လှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ နေပြည်တော် ငလိုက်ဆည်တွင် ကျင်းပမည်။ အမျိုးသားအတွက် ၉ ပွဲ၊ အမျိုးသမီးများ အတွက် ၇ ပွဲ ထည့်သွင်းကျင်းပပေးရန် စီစဉ်ထားသည်။
အထက်တွင် ဖော်ပြခဲ့သည့် အားကစားနည်းများမှာ နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ ပြုလုပ်မည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မတိုင်မီ ကြိုတင်ကျင်းပမည့် ပြိုင်ပွဲများဖြစ်သည်။ စုစုပေါင်း အားကစားနည်း ၇ မျိုး ရှိသည်။ ယင်း ၇ မျိုးအနက် ဘောလုံး အုပ်စုပွဲနှင့် နပန်း အားကစားနည်းတို့သာ ရန်ကုန်တွင် ကျင်းပမည်ဖြစ်သည်။
အားကစားပြိုင်ပွဲများ ကျင်းပမည့်ရက်နှင့် နေရာများကို ယာယီထုတ်ပြန်ထားပြီ ဖြစ်သဖြင့် သတင်းများ ရယူနိုင်ရေး အတွက် မီဒီယာများဘက်က ပြင်ဆင်ထားသင့် ကြပြီဖြစ်သည်။
သတင်းရေးမည့်သူများ၊ ဓာတ်ပုံရိုက်မည့် သူများ၊ ရုပ်သံ ရိုက်မည့် သူများက ယခုကတည်းက ပြင်ဆင်ထားကြမှသာ လက်တွေ့ သတင်းယူရာတွင် အခက်အခဲနည်းမည် ဖြစ်သည်။
လာမည့် ဆီးဂိမ်းနှင့် ပတ်သက်၍ သက်ဆိုင်ရာများက သတင်းများ အစဉ်မပြတ် ဖြန့်ဖြူးလျှက်ရှိသည်။ သို့သော် ပြည်တွင်း မီဒီယာ များတွင် ယင်းသတင်းများကို ထည့်သွင်းဖော်ပြမှု ယခုအချိန်အထိ အားနည်းလျှက် ရှိနေသေးသည်။
သက်ဆိုင်ရာတို့မှ လာမည့်အရှေ့တောင် အာရှအားကစားပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ အဆက်မပြတ်ပြုလုပ်လျှက် ရှိသည်။ ထိုသို့စည်းရုံး လှုံ့ဆော်ရာတွင် လက်ရှိလေ့ကျင့်နေမှုများကို ရုပ်သံများတွင် ထည့်သွင်း ပြသနေသည်။ ယင်းသို့ ပြသရာတွင် တချို့သော ပြကွက်များမှာ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့် မညီသည်ကို လည်းကောင်း၊ တချို့သော ပြကွက် များမှာ အားကစားနည်းစနစ်များနှင့် မညီသည်ကိုလည်းကောင်း တွေ့နေကြရသည်။ အားကစားနည်းများ အလိုက် အားကစား ပညာရှင်များနှင့် ညှိနှိုင်းပြီး တည်းဖြတ်ကာ ပြသလျှင် လူမြင်ကွင်း ကောင်းမည်ထင်ပါသည်။ လာမည့် ဆီးဂိမ်းအတွက် မီဒီယာများဘက်မှ ဥစ္စာရင်လို ဥစ္စာရင်ခဲကာ ပြင်ဆင်ထားသင့် ကြပါပြီ။