မြန်မာနိုင်ငံ နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၉၀ ကျော်မျှသာ ကျန်တော့သည်။
စာရေးသူသည် မြန်မာနိုင်ငံအနေနှင့် ကျွန်းဆွယ် (SEAP) နှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Games) အစပိုင်းတွင် အောင်မြင်မှုများ ရရှိခဲ့ကြသည့် နိုင်ငံတကာ အားကစားနည်းများ အကြောင်းနှင့် ယင်း အားကစား နည်းများ နေပြည်တော် ဆီးဂိမ်းတွင် မည်ကဲ့သို့ ရလဒ်များ ထွက်ရှိလာဖွယ် ရှိကြောင်း သုံးသပ် တင်ပြခဲ့ပါသည်။
ယခု တကြိမ်တွင်မူ ရေကူး အားကစားနည်း အကြောင်း ဆွေးနွေးလိုက်ရပါသည်။
ရေးကူး အားကစားနည်း ဆိုသည်မှာ အများသိရှိကြသည့် အတိုင်း သမိုင်းဦးဘုံမြေခေတ် ကတည်းက လူသားများနှင့် အတူ ပေါ်ပေါက်လာသော အတတ်ပညာ တခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ်တွင် ရေကူးအကျော်အမော် တဦးဖြစ်သည့် ညောင်ဦးဖီး ရှိခဲ့ဖူးသည်ကို သမိုင်းတွင် အထင်အရှား တွေ့ရသည်။ သို့ရာတွင် ခေတ်သစ် ရေကူးနည်း လေးမျိုး အနက်မှ ရင်ပေါင်ကူး၊ ပက်လက်ကူး၊ လိပ်ပြာကူး စသည့် ရေကူးနည်း သုံးမျိုးကိုမူ မည်သည့်နိုင်ငံမှ မည်သူက မည်သည့် အချိန်တွင် စတင်ခဲ့ကြောင်းကိုမူ မသိကြရသေးပါ။
မြန်မာနိုင်ငံသို့ ရေကူးနည်း ၄ မျိုး မည်သည့်အချိန်ကာလက စတင်ရောက်ရှိခဲ့သည် ဟုလည်း မှတ်တမ်းမရှိခဲ့ပါ။
ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ မီတာ ၅၀ ရှည် ရေကူးကန် မရှိပါ၊ ရေကူး နည်းပြဆရာ မရှိပါ၊ ရေကူး အဖွဲ့ချုပ် ဟူ၍လည်း မည်မည်ရရ မရှိပါ။ သို့ရာတွင် ရေကူး သမားများမှာမူ ရှိခဲ့ကြသည်။ ပြိုင်ပွဲတော့ ရှိသည်။ သို့သော် ယခုခေတ်ကဲ့သို့ ရေကူးနည်း ၄ မျိုး မဟုတ်၊ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ စသည့် ပြိုင်ပွဲမျိုးလည်း မဟုတ်၊ မော်လမြိုင်တွင် ကျင်းပလျှင် သံလွင်မြစ် ဖြတ်ကူးပွဲ၊ ရန်ကုန်တွင် ဆိုလျှင် အင်းလျားကန် ဖြတ်ကူးပွဲ စသည်တို့သာ ဖြစ်သည်။
မော်လမြိုင်ဘက်မှ ဂျော့ထွန်းအေးနှင့် ကျော်သောင်း၊ ရန်ကုန်မှ ဆိုလျှင် တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြသည့် ဘသောင်း၊ ဘသိန်း၊ ထွေးမောင်နှင့် မိုးဇက်အောင် တို့မှာ ထင်ရှားသည်။
စစ်ကြိုခေတ်တွင် ကျောင်းပေါင်းစုံ ရေကူးပြိုင်ပွဲကို ၁၉၃၂ ခုနှစ်၌ တက္ကသိုလ် ရေကူးချန်ပီယံဟောင်း မိုးဇက်အောင်သွင်က ဆော်သြပြီး ဝိုအမ်ဘီအေမှ ကြီးမှူးကျင်းပ ပေးခဲ့သည်။
နောက်ပိုင်းတွင်မူ ပညာရေးဌာနမှ ကြီးမှူးကျင်းပပေးခဲ့ရာ ဂျပန်ခေတ်အထိပင် ဖြစ်သည်။
မြန်မာ ရေကူးလောက သမိုင်းသစ်ကို စတင်ခဲ့သူမှာ ကချင်ပြည်နယ် ဗန်းမော်မြို့သားလေး တင်မောင်နီ ဖြစ်သည်။
တင်မောင်နီသည် ၁၉၅၈ ခုနှစ်၌ ကျင်းပသော မြန်မာပြည် တံခွန်စိုက် ရေကူးပြိုင်ပွဲသို့ လူသစ်ရေကူးသမား အနေဖြင့် ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မီတာ ၂၀၀ အလွတ်ကူး ပြိုင်ပွဲတွင် ၂ မိနစ် ၃၀ ဒသမ ၄ စက္ကန့်ဖြင့် ကူးပြီး ပထမ ရခဲ့သည်။ တင်မောင်နီ၏ စံချိန်သည် ၎င်းထက် ရှေ့ ၁၂ နှစ်စော၍ စံချိန်တင်ခဲ့သည့် ၁၉၄၆ ခုနှစ် ဂျော့ထွန်းအေး တင်ထားသော စံချိန်ထက် ၉ ဒသမ ၆ စက္ကန့် ပိုမြန်နေခဲ့သည်။ မြန်မာရေကူး လောကတွင် လုံး၀ နာမည်ကြီးခြင်း မရှိသေးသော တင်မောင်နီ၏ ရေကူးစွမ်းရည်ကြောင့် မြန်မာရေကူး လောကအတွက် အားထားရမည့် ရေကူးသူရဲကောင်း တယောက် ပေါ်ပေါက်လာပြီဟူ၍ မြန်မာ ရေကူးလောကမှ တင်မောင်နီအား ကြိုဆိုခဲ့ကြသည်။
တင်မောင်နီ၏ ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲ အောင်မြင်မှုမှာ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလထဲတွင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့၌ ကျင်းပသည့် ပထမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲပင် ဖြစ်သည်။ ထိုပြိုင်ပွဲတွင် တင်မောင်နီသည် မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အလွတ်ကူး ပြိုင်ပွဲများတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ မီတာ ၁၀၀ လိပ်ပြာကူးတွင် တတိယ ကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။ မြန်မာနိုင်ငံ ရေကူးလောကအတွက် ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခြင်းပင်ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်တွင် အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ရေကူးပြိုင်ပွဲတွင် တင်မောင်နီ ဝင်ရောက် ယှဉ်ပြိုင်ရာ မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၁၅၀၀ အလွတ်ကူးပြိုင်ပွဲများ၌ ရွှေတံဆိပ်ဆုများ ဆွတ်ခူးခဲ့သည်။ မီတာ ၁၀၀ အလွတ်ကူး တွင်မူ ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
၁၉၆၁ ခုနှစ်တွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တွင် ကျင်းပသည့် “HAPOEL International Sports Festival” တွင် တင်မောင်နီ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ယင်းရေကူး ပြိုင်ပွဲတွင် ဥရောပနှင့် အမေရိကန် ရေကူးသမားများကို ကျော်လွှားအနိုင်ယူကာ မီတာ ၁၅၀၀ အလွတ် ကူးပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ခြင်းဖြင့် ကမ္ဘာ့ရေကူးလောက အံ့အားသင့်စေခဲ့သည်။ မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အလွတ်ကူး ပွဲတွင် လည်း ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ရန်ကုန်တွင် ၁၉၆၁ ခုနှစ်၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် လည်း တင်မောင်နီသည် မီတာ ၂၀၀ နှင့် မီတာ ၄၀၀ အလွတ်ကူးနှင့် မီတာ ၁၅၀၀ ပြိုင်ပွဲများ၌ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ၁၉၆၂ ခုနှစ်၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှ အားကစား ပြိုင်ပွဲတွင်လည်း တင်မောင်နီသည် အာရှရေကူး လောကကို တုန်လှုပ်စေခဲ့သည်။ မီတာ ၄၀၀ နှင့် မီတာ ၁၅၀၀ အလွတ်ကူး များတွင် အာရှ သူရဲကောင်းများဖြစ်သည့် ဂျပန်ရေကူးသမားများကို အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။
တင်မောင်နီသည် အာရှ အားကစားပွဲ တကြိမ်တည်းမှာပင် တဦးတည်းက ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ့ အားကစားသမား အဖြစ် ယနေ့တိုင် ရပ်တည်နေဆဲ ဖြစ်သည်။
တင်မောင်နီသည် ၁၉၆၀ ပြည့်နှင့် ၁၉၆၄ ခုနှစ် ကမ္ဘာ့အိုလံပစ် ရေကူးပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ရောမ အိုလံပစ် (၁၉၆၀) ရေကူးပြိုင်ပွဲ မီတာ ၁၅၀၀ အလွတ်ကူးတွင် ပြိုင်ပွဲဝင် ၄၃ ယောက်ရှိသည့်အနက် အဆင့် ၁၀ ရရှိခဲ့သည်။ တိုကျို (၁၉၆၄) ကမ္ဘာ့အိုလံပစ်တွင် မီတာ ၁၅၀၀ အလွတ်ကူးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၁ ယောက်အနက် အဆင့် ၁၉ ဝင်ခဲ့သည်။
တင်မောင်နီ၏ လက်ဦးဆရာမှာ ရေကူးဝါသနာအိုး ဂျပန်ကုန်သည်ကြီး မစ္စတာ မာဆုဒါးဖြစ်သည်။ နိုင်ငံတကာ အဆင့်မီ ရေကူးသမားဖြစ်အောင် သင်ကြားပေးရုံသာမက လိုအပ်သော အကူအညီများကို မစ္စတာ မာဆုဒါးက ကူညီခဲ့သည်။
တင်မောင်နီသည် ၁၉၆၅ မလေးရှား ကျွန်းဆွယ် ပြိုင်ပွဲအပြီးတွင် ရေကူးခြင်းမှ အနားယူခဲ့သည်။ တပ်မတော်ရေတပ်တွင် ဗိုလ်ကြီးအဖြစ် တာဝန် ထမ်းဆောင်စဉ် ကွယ်လွန်ခဲ့ရသည်။
တင်မောင်နီပြီးသည့်နောက် ပေါ်ထွက်လာသော ရေကူးကစားသမား လူစွမ်းကောင်းတယောက်မှာ နန္ဒကျော်စွာ ဖြစ်သည်။
နန္ဒကျော်စွာသည် ၁၉၆၇ ခုနှစ် ထိုင်း ကျွန်းဆွယ်ပြိုင်ပွဲ ရေကူးပြိုင်ပွဲတွင် မီတာ ၁၀၀ လိပ်ပြာကူး၌ ဒုတိယ၊ မီတာ ၂၀၀ လိပ်ပြာကူးတွင် တတိယ၊ မီတာ ၄၀၀ လေးမျိုးတွင် ဒုတိယ၊ မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း ကူးပွဲ (အုံးသွင်၊ နန္ဒကျော်စွာ၊ သန်းကျော်၊ အောင်လှိုင်ဝင်း) တတိယ၊ မီတာ ၂၀၀ လေးယောက် လက်ဆင့်ကမ်း တို့တွင် တတိယ ဆုများ ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ကျင်းပသည့် ၅ ကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၃ ဆု ရကာ အောင်မြင်မှုများ ရရှိခဲ့သည်။ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ လိပ်ပြာကူးတို့တွင် တဦးချင်း ရွှေတံဆိပ် ၂ ဆု ရသည်။ မီတာ ၁၀၀ x ၄ ယောက် ၄ မျိုးလက်ဆင့်ကမ်း ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆု ရသည်။ ၆၉ ကျွန်းဆွယ် ရေကူးပြိုင်ပွဲတွင် မောင်ကြည်က ရွှေတံဆိပ် ၁ ဆု ရသည်။
မြန်မာ ရေကူးလောက၏ အောင်မြင်မှုသည် ၁၉၅၉ ကျွန်းဆွယ်တွင် တင်မောင်နီက စတင်ခဲ့ပြီး၊ ၁၉၆၉ ကျွန်းဆွယ်တွင် နန္ဒကျော်စွာက နိဂုံးချုပ်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
ယင်းနောက် ကျွန်းဆွယ်ပြိုင်ပွဲ အဆင့်နှင့် ဆီးဂိမ်းပြိုင်ပွဲ အဆင့်မှာပင် မြန်မာငါးပျံများ နိုင်ငံတကာ ရေလွှာများတွင် အောင်မြင်စွာ မကူးခတ်နိုင်ကြတော့ပါ။
သို့ရာတွင် ၂၀၀၁ ခုနှစ်၊ မလေးရှား ကွာလာလမ်ပူ ဆီးဂိမ်းတွင်မူ မြန်မာအမျိုးသမီး ရေကူးမယ် မိုးသူအောင်က မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံမှ နာမည်ကြီး ရေကူးမယ် ဂျိုးစလင်းယိုအား အနိုင်ယူပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ယင်းနောက် ဆီးဂိမ်းများတွင်မူ မြန်မာ ရေကူးမောင်မယ်များ ဆုတံဆိပ်များပင် မဆွတ်ခူးနိုင်ကြ တော့ပါ။
နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲတွင် မည်ကဲ့သို့ အောင်မြင်မှုများ ရနိုင်၊ မရနိုင်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။