၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲ ပိတ်ပွဲကျင်းပပြီး သည့် နောက် မြန်မာ နိုင်ငံတွင် အားကစား လှုပ်ရှားမှုများ ငြိမ်သက်သွားသည်။ အရှေ့တောင် အာရှ အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် အားကစားသမားများကို သက်ဆိုင်ရာ ကျောင်းများ၊ ရပ်ကွက်များ၊ မြို့နယ်များက သီးသန့် ဂုဏ်ပြုကြသည်ကိုမူ ထူးခြားစွာ ကြားသိနေ ရသည်။
ရှေးယခင်ကမူ ယခုကဲ့သို့ အောက်ခြေ များတွင် အားကစားသမားများကို အရေးတယူ ဂုဏ်ပြုခြင်းမျိုးမှာ မရှိ သလောက် ရှားသည်။ ၂၀၁၃ အရှေ့တောင် အာရှအားကစားပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစား သမားများကို သမ္မတ ကိုယ်တိုင်က စိတ်ရောကိုယ်ပါ အားပေး ချီးကျူး ဂုဏ်ပြုမှုများ ရှိတဲ့အပြင် အောက်ခြေများကပါ လိုက်လံ ဂုဏ်ပြုကြခြင်း ဖြစ်သည်။
အားကစား လှုပ်ရှားမှု ဆိုရင် ဘောလုံး လှုပ်ရှားမှုသာ တွေ့ရသည်။ ပထမဆုံး လှုပ်ရှားမှုမှာ မြန်မာလက်ရွေးစင်အသင်း အတွက် သင့်လျော်သော နည်းပြဆရာတဦး ရှာဖွေနေခြင်း ဖြစ်သည်။ ယခုနှစ်ထဲတွင် မြန်မာ လက်ရွေးစင် ဘောလုံး အသင်းက နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
လက်ရွေးစင် အသင်းကြီး အနေဖြင့် ၂၀၁၄ ခုနှစ်ထဲတွင် အာရှဘောလုံးအဖွဲ့ချုပ် စိန်ခေါ်ဖလား “AFC Challenge Cup” ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် မေလ ၁၉ မှ ၃၁ ရက်နေ့ အထိ ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် အနိုင်ရရှိမှ အာရှဖလားပွဲသို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။ ယခင် နှစ်ကြိမ် ပါဝင်ယှဉ်ပြိုင် ခဲ့ရာတွင်မူ အောင်မြင်ခြင်း မရှိခဲ့ပါ။
အာရှ စိန်ခေါ်ဖလား ဘောလုံးပွဲ ပြီးသည့်နောက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဆူဇူကီး ဖလား ဘောလုံးပွဲ ဖြစ်သည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်မှ ၁၈ ရက်အထိ လာအိုနိုင်ငံတွင် ခြေစစ်ပွဲ ကစားရမည် ဖြစ်သည်။ ခြေစစ်ပွဲ အောင်မှသာ နောက်အဆင့် ပွဲများကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၉ ရက်အထိ စင်ကာပူနှင့် ဗီယက်နမ် တို့တွင် ကစားရမည် ဖြစ်သည်။
တဆင့် တက်ခဲ့လျှင် အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့ကို ဒီဇင်ဘာလ ၆ ရက်မှ ၂၀ ရက်အထိ ကစားကြရမည် ဖြစ် သည်။
မြန်မာ လက်ရွေးစင် ဘောလုံး အသင်းကြီးသည် ဆူဇူကီးဖလား (ယခင် တိုက်ဂါးဖလား) ပြိုင်ပွဲတွင်လည်း အောင်မြင်မှု မရရှိခဲ့ သေးပါ။ ၂၀၁၄ ခုနှစ်တွင်မူ အောင်မြင်မှု ရရှိရေး အတွက် ပြင်ဆင်ရာတွင် နည်းပြဆရာ (ပြည်ပ)ကို အပ်သလို ပြည်တွင်းမှ အကူ နည်းပြအဖွဲ့လည်း အထူး လိုအပ်ပါသည်။ လက်ထောက်နည်းပြ ဆရာ၊ ဂိုးနည်းပြဆရာ၊ ကြံ့ခိုင်မှု နည်းပြဆရာများ အပါအဝင် အသင်းဆေးမှူး၊ အသင်း အုပ်ချုပ်သူတို့ကိုပါ တတ်ကျွမ်း နားလည်သူများကို စံနစ်တကျ ရွေးချယ်ပြီးမှ တာဝန် ပေးသင့်ပါသည်။ အထူးသဖြင့် လာမည့်လက်ရွေးစင် အသင်းကြီး အတွက် နည်းပြဆရာ ခေါ်ယူ တာဝန် ပေးရေးက အရေးကြီးပါသည်။ စာရေးသူ အကြံပြုလိုသည်ကတော့ စကားပြန်မပါဘဲ ဆက်သွယ် စကားပြော နိုင်မည့် နည်းပြဆရာမျိုးကိုသာ ဦးစားပေးစေချင်ပါသည်။ နို့မဟုတ်လျှင် Head to Head မသိပါဟု ဆင်ခြေပေးမည် စိုးသောကြောင့် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွက် နောက်ထပ် အရေးကြီးသော ဘောလုံးပြိုင်ပွဲ တပွဲမှာ အသက် ၂၂ အောက် (U 22) ဘောလုံးပွဲ ဖြစ်သည်။ အာရှအဆင့် ပြိုင်ပွဲဖြစ်သည်။ ၂၀၁၄ ဇန်နဝါရီလ ၁၁ ရက်မှ ၂၆ ရက်အထိ အိုမန် နိုင်ငံတွင် ကစားရမည် ဖြစ်သည်။ မြန်မာ U 22 အသင်းသည် အိမ်ရှင် အိုမန်၊ ကိုရီးယား၊ ဂျော်ဒန် အသင်းများနှင့်အတူ အုပ်စု ပွဲများ ကစားရ မည် ဖြစ်သည်။
မြန်မာ U 22 ဘောလုံး အသင်းမှာ အရှေ့တောင်အာရှဒေသမှ ခြေစစ်အောင်သော အသင်း တသင်းတည်းသာ ဖြစ် သည်။ အရှုံးအနိုင်ထက် အာရှအဆင့်တွင် ကစားခွင့် ရရှိခဲ့ခြင်းကပင် အောင်မြင်မှု တရပ်ဖြစ်သည်။
လက်ရှိ U 22 အသင်းမှာ လာမည့် စင်ကာပူ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲအတွက် အားထားရမည့် အသင်းတသင်းလည်း ဖြစ် သည်။ ဘောလုံး အသင်းအားလုံး စိတ်ဓာတ်ကောင်းအောင် ယခုကတည်းက လေ့ကျင့် သင်ကြားပေးထား သင့် သည်။ နေထိုင် စားသောက်ကြသည်က အစ အားကစားသမား ကောင်းများကဲ့သို့ နေထိုင်စားသောက်ကြရန် လို သည်။ ဒေးကလပ်၊ နိုက်ကလပ်တွေ တက်၊ KTV ဆိုင်တွေသွားပြီးတော့ ဘီယာလေး သောက်လိုက်၊ စီးကရက်လေး ဖွာလိုက်၊ အပေါင်းအသင်း ကောင်းတွေ့ ဟိုအိမ်ဝင်၊ ဒီအိမ်ဝင် လုပ်နေကြလျှင်တော့ လိုရာပန်းတိုင် မရောက်နိုင်ဆို သည်ကို ဘောလုံးသမားတိုင်းကို အသိပေးထား သင့်သည်။ ပညာပေး သင့်သည်၊ ဆုံးမ ထားသင့်သည်။
အသက် ၁၉ နှစ်အောက် (U 19) ဘောလုံး အသင်း ကလည်း အာရှအဆင့်တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အာရှ တံခွန်စိုက် နောက်ဆုံး အဆင့်ပွဲစဉ်များကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၉ မှ ၂၃ ရက်နေ့ အထိ ရန်ကုန် နှင့် နေပြည်တော် တွင် ကျင်းပရန် လျာထားသည်။ အာရှအဆင့် AFC U 19 Championship 2014 Final Round တွင် လည်း မြန်မာယူ ၁၉ ဘောလုံး သမားလေးများ အစွမ်းအစကို ပြည်သူအများက စောင့်ကြည့်နေ ကြမည် ဖြစ်သည်။ ပရိသတ် အားပေးမှုများသည် ယှဉ်ပြိုင်ကြရသည့် အားကစားသမားများအတွက် “ဆေး” ဟုဆိုသော်လည်း တခါတရန် “ဘေး” ဖြစ်တတ်သည်ကို ဆီးဂိမ်း ဘောလုံးပွဲတွင် တွေ့ကြုံခဲ့ကြရပြီး ဖြစ်သည်။
အားပေးသူများ ဆေးဘဝမှ ဘေးအဖြစ်သို့ မရောက်ရန်မှာ အားကစား အသိုင်းအဝိုင်း များတွင်သာ မူတည်သည်။ ယခု ပြိုင်ပွဲတွင်လည်း Head to Head မသိလို့ပါ ဟု ဆိုလျှင်တော့ မသိသူ၊ သိအောင်ရှင်းပြ မထားသူတို့ကို သည်းခံ ခွင့်လွှတ်နိုင်ရန် အထူး ကြိုးစားကြရပါ လိမ့်မည်။
အာရှဘောလုံးအဖွဲ့ချုပ် အသက် ၁၆ နှစ် အောက် (AFC U-16 Championship) ဘောလုံးပွဲ နောက်ဆုံး အဆင့်ပွဲမှာ မြန်မာ (U 16) အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၆ ရက်မှ စက်တင်ဘာလ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ကောက်မြို့မှာ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
အာရှ ဘောလုံးအဖွဲ့ချုပ် အသက် (၁၄) နှစ်အောက် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ (AFC U 14 Championship 2014) ခြေစစ်ပွဲ အုပ်စု E နှင့် F အုပ်စုများကို မြန်မာနိုင်ငံ၊ နေပြည်တော်မှာ ၂၀၁၄ ခုနှစ် မေလ ၂၄ ရက်မှ ဇွန်လ ၃ ရက်နေ့ အထိ ကျင်းပမည် ဖြစ်သည်။ မြန်မာ U 14 လက်ရွေးစင် ဘောလုံး အသင်းပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း လက်ရွေးစင် အသင်း U 22 ၊ U 19 ၊ U 16 နှင့် U 14 အသင်းတို့က နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အိမ်ရှင် အဖြစ် လက်ခံ ကျင်းပရမည့် ပြိုင်ပွဲများလည်း ရှိသည်။ အိမ်ကွင်းများတွင် ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပွဲ များတွင် မြန်မာ ဘောလုံးအသင်း များကို အားပေးကြမည့် ပရိသတ်များသည် မြန်မာ လက်ရွေးစင် ဘောလုံး အသင်း များ အတွက် “ဆေး” ဖြစ်ဖို့ လိုပါသည်။ “ဘေး” မဖြစ်ဖို့လည်း အထူးလို ပါသည်။
၂၀၁၄ ခုနှစ်အတွင်း ပြည်သူတို့၏ အသည်းကျော် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း ကလည်း ယှဉ်ပြိုင် စရာ နိုင်ငံတကာ ဘောလုံးပွဲများ ရှိနေသည်။ ပထမဆုံးပွဲမှာ အာရှဘောလုံး အဖွဲ့ချုပ် အမျိုးသမီး တံခွန်စိုက် ၂၀၁၄ ဘောလုံးပွဲ ဖြစ်သည်။ မေလ ၁၄ ရက်မှ ၂၅ ရက် အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ပြိုင်ပွဲ ဖြစ်သည်။ ယင်း အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပွဲတွင် ပထမနှစ် စတုတ္ထရသည့် အသင်း ၄ သင်းသည် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
ပဉ္စမ တနေရာ အတွက် အုပ်စု တတိယရသည့် အသင်းချင်း ကစားပြီး နိုင်သည့် အသင်းက ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။ မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်း အမျိုးသမီး အသင်းများနှင့် ကစားရမည် ဖြစ်သည်။ ဆီးဂိမ်းတွင်တော့ ထိုင်း အမျိုးသမီး အသင်းကို အရှုံးပေးခဲ့ ရသည်။ ထိုင်း အသင်းကို ပြန် လည် ၍ ဘောင် အတွင်းမှ လက်စားခြေ အနိုင်ယူရမည် ဖြစ်သည်။ ထိုင်းကို နိုင်လျှင် မြန်မာ အမျိုးသမီးအသင်း ကမ္ဘာ့အဆင့် ရောက်ပြီ ဖြစ်သည်။
သန်းသန်းထွေးတို့ လူသိုက် အထူးကြိုးစားဖို့ လိုသလို၊ အားပေးကြသူများကလည်း ယခုထက် အထူးပိုမိုအားပေး ကြဖို့ လိုပါသည်။
အာရှဘောလုံး အဖွဲ့ချုပ် U 19 တံခွန်စိုက် အမျိုးသမီး ဘောလုံးပွဲကလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလထဲမှာပင် ခြေစစ်ပွဲ ကစားရန် ရှိနေသည်။ မည်သည့်နိုင်ငံက လက်ခံကျင်းပမည် ကိုမူ မသိရသေးပါ။
၂၀၁၅ ခုနှစ် အာရှဘောလုံး အဖွဲ့ချုပ် အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲ အတွက် ၂၀၁၄ ခုနှစ် အတွင်းမှာပင် ခြေစစ်ပွဲများ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာ U 16 အမျိုးသမီး အသင်းလည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ဘောလုံးလောက အတွက် စိန်ခေါ်မှုများမှာ ၂၀၁၄ ခုနှစ် အတွင်း တန်းစီပြီး စောင့်ဆိုင်းလျက် ရှိသည်။ အထက် ဖော်ပြပါ စိန်ခေါ်ပွဲများ ကျော်ဖြတ် အနိုင်ရရှိရေး အတွက် နည်းပြဆရာများ ခန့်ထားခြင်း၊ နည်းပြအုပ်ချုပ် အဖွဲ့ ရွေးချယ် တာဝန်ပေးခြင်းမှအစ ၂၀၁၃ ခုနှစ် အတွင်း ကြုံတွေ့ခဲ့ရသည့် အမှားများမှ သင်ခန်းစာရယူပြီး အမှန်ရောက်ရန် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်က မည်ကဲ့သို့ ဆောင်ရွက်သွားမည် ဆိုသည်ကို စောင့်ကြည့် နေကြပါသည်။ ။