ရန်ကုန်တွင် ဇူလိုင်လ ၂၇ ရက်နေ့က ဘောလုံးပွဲကောင်း နှစ်ပွဲကစားသွားခဲ့သည်။ ရန်ကုန်ယူနိုက်တက် အသင်းပိုင် မြင်ခင်းတုကွင်း တွင် MNL ပွဲစဉ် ၁၅ အဖြစ် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့ ဖြစ်ကြသည်။
MNL ၂၀၁၄ ဘောလုံးရာသီတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရတနာပုံ အသင်းနှင့် ဒုတိယနေရာမှ လိုက်နေသည့် ရန်ကုန် ယူနိုက် တက်အသင်းတို့ ကစားကြသည့် ပွဲဖြစ်သည်။ တဖက်နှစ်ဂိုးစီဖြင့် သရေကျ သွားသည် မျှတသော ရလဒ်ပင် ဖြစ်သည်။
နောက်တပွဲကတော့ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး အားကစားပြိုင်ဝင်း၌ ကစားသွားကြသည့် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဖြစ်သည်။ ယင်း အသင်း ၂ သင်းမှာ ထိုင်း အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းနှင့် မြန်မာ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းတို့ ကစားသည့် ချစ်ကြည်ရေး မိတ်ဆက် ဘောလုံးပြိုင်ပွဲပင် ဖြစ်သည်။
ထိုင်း အမျိုးသမီး အသင်းသည် ဆီးဂိမ်း လက်ရှိ ချိန်ပီယံ အသင်းတသင်း ဖြစ်ပြီး အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ဝင်ရောက် ကစားရန် ခြေစစ်ပွဲ အောင်မြင်ထားသည်။
မြန်မာအမျိုးသမီး အသင်းမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ခြေစစ်ပွဲလည်းဖြစ် အာရှအမျိုးသမီး ဘောလုံးတံခွန်စိုက် ပြိုင်ပွဲလည်း ဖြစ် သည့် ဘောလုံးပွဲတွင် ထိုင်း အသင်းကို ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲကို ကြည့်ရသူတိုင်းက မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်း၏ ခြေစွမ်းကို အားရကျေနပ်ကြသည်။ စာရေးသူ ကတော့ မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းက ဘောလုံး ကစားတတ်ကြပြီး အမျိုးသား လက်ရွေးစင် အသင်းကတော့ ဘော လုံး ကန်တတ်ကြသည်ဟု ကောက်ချက်ချမိသည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲ အစ
မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုစတင်ခဲ့သည်မှာ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ကောင်စီ ဒုတိယပတ် အမျိုးသမီး ခရိုင် ကိုယ်လက်ကြံ့ခိုင်ရေးမှူး သင်တန်းမှ သင်တန်းသူများ ဖြစ်ကြသည်။ သင်တန်းသူများကို အထက် မြန်မာပြည်၊ အောက်မြန်မာပြည် ဟူ၍ နှစ်သင်းဖွဲ့စည်းကာ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကစားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံးပွဲများကို စတင် မျိုးစေ့ချခဲ့သည်။
သို့ရာတွင် တိုးတက်ဖြစ်ထွန်းမှု မရှိပါ။ နယ်ဒေသများ သက်ဆိုင်ရာ ဒေသ၏ အရာရှိကြီးများနှင့် ဖွဲ့စည်းထားသည်။ ဇရာအို အသင်း များနှင့် မိန်းကလေးငယ်များ ကစားသည့်ပွဲများသာ များလာသောကြောင့် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် အမျိုးသမီးများ ဘောလုံး ကစားခြင်းကို ပိတ်ပင်ခဲ့သည်။
အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ စတင်ခြင်း
အာရှ အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ၁၉၇၅ နှစ် ကျမှသာ စတင် ကျင်းပနိုင်ခဲ့သည်။ အာရှ အမျိုးသမီး ဘောလုံး အဖွဲ့ချုပ် ကို ၁၉၆၈ ခုနှစ် ကျမှ စတင် ဖွဲ့စည်းနိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံးပွဲ စတင်ခဲ့ပြီးနောက် ၁၃ နှစ်အကြာ ၁၉၇၅ ခုနှစ်ကျမှ အာရှအမျိုးသမီး ဘောလုံးပွဲ စတင်ကျင်းပ နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံက နှစ်ပေါင်း ၂၀ တိတိနောက်ကျပြီးမှ စတင်နိုင်ခြင်း ဖြစ်သည်။
ပထမ အကြိမ်မြောက် အာရှ အမျိုးသမီး ဘောလုံးပွဲကို ၁၉၇၅ ခုနှစ်တွင် ဟောင်ကောင်၌ စမ်းသပ် ကျင်းပခဲ့သည်။ ၆ နိုင်ငံ ပါဝင်ယှဉ် ပြိုင်ခဲ့သည်။ နယူးဇီလန်အသင်းက ထိုင်းအမျိုးသမီး အသင်းကို ၃း၁ ဂိုးဖြင့် နိုင်ပြီး ပထမဆုံး အမျိုးသမီး အာရှဘောလုံး ချန်ပီယံဖြစ်ခဲ့သည်။
ကမ္ဘာ့အမျိုးသမီး ဘောလုံးပွဲ
ဥရောပနှင့် အနောက်နိုင်ငံများတွင် ကမ္ဘာ့အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၉၀ ခုနှစ်ကျမှသာ စတင်ကျင်းပနိုင်ခဲ့သည်။ အာရှထက် ၁၆ နှစ်ကြာမှ ကမ္ဘာ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ် ကျင်းပသည့် ကမ္ဘာ့အမျိုးသမီး ဘော လုံးပွဲတွင် အမေရိကန် အမျိုးသမီးအသင်းက နော်ဝေးအသင်းကို ၂း၁ ဂိုးဖြင့် နိုင်ပြီး ပထမဆုံး အမျိုးသမီး ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။ ဆွီဒင်က တတိယနှင့် ဂျာမနီ အမျိုးသမီး အသင်းက စတုတ္ထရခဲ့ကြသည်။
ကမ္ဘာ့အိုလံပစ်
အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် ၁၉၉၆ ခုနှစ်ကျမှသာ စတင်ထည့်သွင်း ကျင်းပခဲ့သည်။ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း ရွှေတံဆိပ်ရသည်။
အရှေ့တောင်အာရှ
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်မူ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကျမှ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသည်။ သို့ရာတွင် အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပသည့် အကြိမ်တိုင်းတော့ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ထည့်သွင်းကျင်းပခြင်း မရှိပါ။ အိမ်ရှင်နိုင်ငံတို့က အမျိုးသမီးဘောလုံး ပွဲမှ ဆုတံဆိပ် မရနိုင်ဟုထင်လျှင် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ထည့်သွင်း ကျင်းပလေ့မရှိကြပါ။
၁၉၉၅ ခုနှစ် ၁၈ ကြိမ်မြောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ အုပ်စုပတ်လည် စံနစ်ဖြင့် ကစားရသည်။ မြန်မာ အမျိုးသမီးသည် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖိလစ်ပိုင် အသင်း နှင့် ပွဲဦးထွက် ကစားရသည်။ တဂိုးစီ သရေကျသည်။ မလေးရှားအသင်းနှင့် ဒီဇင်ဘာ ၇ ရက်တွင် ကစားရသည်။ ၃း၅ ဂိုးဖြင့် ရှုံးသည်။ ဒီဇင်ဘာ ၉ ရက်နေ့တွင် ထိုင်းအသင်းနှင့် ကစားရပြီး သုံးဂိုးစီ သရေကျ သည်။ ဒီဇင်ဘာ ၁၁ ရက်တွင် စင်ကာပူ အသင်း နှင့် ကစားရသည် ၁း၀ ဂိုးဖြင့် နိုင်သည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ပထမဆုံးကစားရသည့် နိုင်ငံတကာပြိုင်ပွဲ သို့မဟုတ် ဆီးဂိမ်းပြိုင်ပွဲတွင် တပွဲနိုင် ၂ ပွဲ သရေ ကျပြီး တပွဲရှုံးသည်။ ၈ ဂိုးသွင်းပြီး ၉ ဂိုး ပြန်အသွင်းခံရသည်။ ဖိလစ်ပိုင်အသင်းနှင့် ရရှိသည့် အမှတ်ခြင်း တူသော်လည်း အသွင်းခံရသည့် ဂိုးအနေဖြင့် တတိယ ကြေးတံဆိပ် စတင်ဆွတ်ခူးခဲ့သည်။ စင်ကာပူအသင်းက ၃ ဂိုးသာ သွင်းနိုင်ပြီး ၈ ဂိုး ပြန် အသွင်းခံရသည်။
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရာတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပသည်။ မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် အမျိုးသမီး အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြ သည်။
မြန်မာ အမျိုးသမီး အသင်းက အုပ်စုပွဲတွင် မလေးရှားကို ၂း၁ ဖြင့်နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ၃း၂ ဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင်မူ ထိုင်းအသင်းကို ၁း၅ ဖြင့် ရှုံးသည်။ ဒုတိယ ငွေတံဆိပ်ရသည်။ ၁၉၉၉ ခုနှစ်တွင် ဘူရူးနိုင်း နိုင်ငံ၌ ကျင်းပသည့် ဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပခဲ့ခြင်း မရှိပါ။
မလေးရှား နိုင်ငံတွင် ကျင်းပသည့် ၂၀၀၁ ခုနှစ် ဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပသည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းက အုပ်စုပွဲများတွင် မလေးရှား အသင်းကို ၅း၁ ဂိုး၊ ဖိလစ်ပိုင်ကို ၁း၁ ဂိုးဖြင့် နိုင်သည်။ ထိုင်းနှင့် ၁ ဂိုးစီ သရေကျသည်။ အကြိုဗိုလ်လုပွဲတွင် ဗိယက်နမ် အသင်းကို ပင်နယ်လ်တီ အဆုံးအဖြတ်ဂိုး ရး၈ ဖြင့်ရှုံးသည်။ တတိယ နေရာလုပွဲတွင် အင်ဒို နီးရှားကို ၃း၁ ဖြင့်နိုင်သည်။ တတိယ ကြေးတံဆိပ်ရသည်။
ဗီယက်နမ် နိုင်ငံတွင် ၂၀၀၃ ဆီးဂိမ်း ကျင်းပသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အုပ်စုပွဲစဉ်များ၌ မြန်မာအသင်းက ထိုင်းအသင်း ကို ၄း၂ ဂိုး၊ စင်ကာပူအသင်းကို ၃း၀ ဂိုးဖြင့် နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် မြန်မာ အမျိုးသမီး အသင်းက မလေးရှားအသင်းကို ၈း၀ ဂိုးဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် ဗီယက်နမ် အသင်းကို ၁း၂ ဂိုးဖြင့် ရှုံးသည်။ ဒုတိယ ငွေတံဆိပ်ရသည်။
အာဆီယံ အမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ၂၀၀၄ ခုနှစ် အောက်တိုဘာလထဲတွင် ဗီယက်နမ် နိုင်ငံတွင် ကျင်းပသည်။ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယဉ်ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲသို့ မြန်မာ၊ ထိုင်း၊ မော်လဒိုက်၊ ဗီယက်နမ် (က+ခ)၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင် အသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ အမျိုးသမီး အသင်းသည် မော်လဒိုက် အသင်းကို ၁ရး၁ ဂိုး၊ ထိုင်းအသင်းကို ၁း၀ ဂိုးဖြင့် နိုင်သည်။ ဗီယက်နမ်အသင်းနှင့် ၁ ဂိုးစီ သရေကျသည်။ အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီးရှား အသင်းကို ရး၀ ဂိုးဖြင့် နိုင်သည်။
ဗိုလ်လုပွဲတွင် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် ကစားရသည်။ ကစားချိန် မိနစ် ၉၀ တွင် ၁ ဂိုးစီ သရေကျသည်။ အချိန်ပို မိနစ် ၃၀ တွင် ၁ ဂိုးစီ ထပ်သွင်းကြပြန်သဖြင့် ၂ ဂိုးစီ သရေကျသဖြင့် ပင်နယ်လ်တီဂိုး သွင်းကြရာ မြန်မာ အမျိုးသမီး အသင်းက ၄ ဂိုး၊ ဗီယက် နမ် အမျိုးသမီး အသင်းက ၂ ဂိုးသာ သွင်းနိုင်သည်။ မြန်မာ အမျိုးသမီး အသင်းက စုစုပေါင်း သွင်းဂိုး ၆း၄ ဖြင့်နိုင်သည်။
ပထမဆုံးအကြိမ် ကျင်းပသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ်ဖလား တံခွန်စိုက် ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီး ဘော လုံးအသင်းက ပထမ ရရှိခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင် နိုင်ငံတွင် ဆီးဂိမ်း ၂၀၀၅ ကျင်းပသည်။ အမျိုးသမီး ဘောလုံးပွဲတွင် ပြိုင်ပွဲဝင် ၅ နိုင်ငံသာ ရှိသဖြင့် ပတ်လည် အမှတ်ပေး စနစ်ဖြင့် ကစားရသည်။
မြန်မာ အမျိုးသမီး အသင်းက ဗီယက်နမ် အသင်းကို ၁း၀ ဂိုး၊ ထိုင်းအသင်းကို ၂း၁ ဂိုး၊ ဖိလစ်ပိုင် အသင်းကို ၃း၁ ဂိုး၊ အင်ဒိုနီးရှား အသင်းကို ၅း၁ ဖြင့်နိုင်ပြီး အုပ်စုပထမ ရသည်။ အုပ်စုဒုတိယရသည့် ဗီယက်နမ် အသင်းနှင့် ဗိုလ်လုပွဲ ကစားရာ ဝး၁ ဂိုးဖြင့်ရှုံးပြီး ဒုတိယ ငွေတံဆိပ်သာ ရရှိခဲ့သည်။
၂၀၀၇ ဆီးဂိမ်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည်။ မြန်မာ အမျိုးသမီးအသင်း တတိယဆုသာ ရသည်။ အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ၁း၂ ဂိုးဖြင့်ရှုံးပြီး တတိယ နေရာလုပွဲတွင် လာအိုအသင်းကို ၅း၁ ဂိုးဖြင့်နိုင်သည်။
လာအိုနိုင်ငံတွင် ဆီးဂိမ်း ၂၀၀၉ ကျင်းပသည်။ အုပ်စုပွဲစဉ်တွင် ထိုင်းအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုပထမ ရမည်ဟု မြန်မာအသင်းဘက်က တွက်ထားသော်လည်း ထိုင်းနှင့်ပွဲတွင် ဝး၁ ဂိုးဖြင့်ရှုံးရာ Head To Head ကြောင့် မြန်မာအသင်း အုပ်စု ဒုတိယ ရသည်။ အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းကို ရှုံးသည်။ တတိယ ကြေးတံဆိပ်ရသည်။
၂၀၁၁ အင်ဒိုနီးရှား ဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပွဲ ထည့်သွင်းကျင်းပခြင်း မရှိပါ။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်လည်း မြန်မာ အမျိုးသမီး တတိယဆုသာ ရပါသည်။
ဆုတံဆိပ်ရှင်
မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် အရှေ့တောင် အာရှ အားကစားပွဲတွင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ စတင် ထည့်သွင်း ကျင်းပသည့် ၁၉၉၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပသည့် အကြိမ်တိုင်းတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ ငွေတံဆိပ် ၃ ကြိမ်နှင့် ကြေးတံဆိပ် ၅ ကြိမ် ဖြစ်သည်။
ရွှေတံဆိပ်
အာဆီယံ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲတွင်မူ ရွှေတံဆိပ် ကနဦး ဆွတ်ခူးနိုင်ခဲ့သည်။
ဇူလိုင်က ၂၇ ရက်နေ့က သုဝဏ္ဏ အားကစား ပြိုင်ဝင်းတွင် လက်ရှိ ဆီးဂိမ်းချန်ပီယံ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ အောင်ထားသည့် ထိုင်းအမျိုးသမီး အသင်းကို ၁း၀ ဂိုးဖြင့် အနိုင်ကစားခဲ့သည့် မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်း အား ဂုဏ်ပြုသောအားဖြင့် အမျိုးသမီး ဘောလုံးအသင်း၏ အောင်မြင်မှု မှတ်တိုင်များ သမိုင်းကို လက်လှမ်းမီသမျှ တင်ပြလိုက်ပါတယ်။ ။