အရှေ့တောင်အာရှ တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ တက္ကသိုလ်ပေါင်းစုံ လက်ရွေးစင် အားကစားသမား ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိဘဲ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များသာ ဆွတ်ခူးနိုင်ခဲ့သည်။ ဘောလုံး ပြိုင်ပွဲတွင် လာအိုနှင့် အင်ဒိုနီးရှား တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းများကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှာပင် ထွက်ခဲ့ရသည် ဟူသည့် သတင်းများကို ဖတ်ရှုကြားသိရသော အခါ တခါတုန်းက တက္ကသိုလ် အားကစား အဆင့်အတန်းကို ပြန်ပြောင်း တွေးတောမိသည်။
ဘောလုံး
တက္ကသိုလ်၏ အားကစား အဆင့်အတန်းကို ဘောလုံး အားကစားနည်းက ပြသခဲ့သည်။ မြန်မာနိုင်ငံတွင် BAA (Burma Athletics Association) က ကြီးမှူး ၁၉၀၀ ပြည့်နှစ်၌ အမှတ်ပေး ဘောလုံးပြိုင်ပွဲ စတင် ကျင်းပရာ ပထမဆုံး ကျင်းပသည့် အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ပထမ ရရှိသည့် အသင်းမှာ စိန်ဂျွန်း ကောလိပ်အသင်း ဖြစ်သည်။
ထိုစဉ်က မြန်မာနိုင်ငံတွင် ပြုလုပ်သည့် ဘောလုံးပွဲများတွင် အများဆုံး ပါဝင်ယှဉ်ပြိုင်သည့် အသင်းများမှာ အင်္ဂလိပ် စစ်တပ်များနှင့် ဗြိတိသျှ သြဇာခံ ဘောလုံးအသင်းတို့က အများဆုံး ဖြစ်သည်။
အင်္ဂလိပ်စစ်တပ် ဘောလုံး အသင်းများ မှာ ရန်ကုန် မြို့စောင့်တပ်၊ ပထမဘုရင် ရီဂျီမင့် (ပထမ ဘုရင့်တပ်) ပထမ ဒီကျွန်ဂျီရီဂျီမင့် ၊ ပထမ ရွိုင်ရယ်စကော့ ဗြူဇီလာ၊ နယ်ခြားစောင့်တပ်၊ ပထမ မန်ချက်စတာ ဗြူဇီလာ စသည့် စစ်တပ်အသင်းများနှင့် အင်္ဂလိပ် အသင်းများ ဖြစ်ကြသည်။
ဌာနဆိုင်ရာ အသင်းများဟူ၍ ကပ်စတန် (အကောက်ခွန်)၊ ပုလိပ်ကြီး (ရဲဘောလုံးအသင်း)၊ မီးရထား၊ မြူနီစ ပယ် (စည်ပင်သာယာ) စသည့် ဘောလုံး အသင်းနှင့်အတူ ရန်ကုန်ကောလိပ် ဘောလုံးအသင်းလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ကောလိပ်အောင်ပွဲ
ရန်ကုန်ကောလိပ် ဘောလုံးအသင်း အောင်ပွဲကို ၁၉၁၅ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် ဆက်တိုက် ဆိုသလိုပင် ၁၉၁၆၊ ၁၉၁၇ တို့တွင် သုံးနှစ်ဆက်တိုက် BAA ပထမတန်း အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့သည်။ ထို့အပြင် ၁၉၁၈ ခုနှစ် တနှစ်သာ ခြားကာ ၁၉၁၉ နှင့် ၁၉၂၀ ပြည့်နှစ်တို့တွင်လည်း ရန်ကုန်ကောလိပ် အသင်းသည် ထပ်ဆင့်ချန်ပီယံ ဖြစ်ခဲ့သည်။
ယင်းနောက် ၁၂ နှစ်တိတိ ရန်ကုန်ကောလိပ် အသင်းသည် အောင်မြင်မှုနှင့် ဝေးကွာခဲ့ပြီးနောက် ၁၉၃၂ ခုနှစ်တွင် အောင်မြင်မှု တဖန်ပြန်လည် ရရှိခဲ့သည်။ ယင်းသို့သော ဘောလုံး အောင်မြင်မှုမှာ ရပ်တန့်မသွားဘဲ ၁၉၃၃၊ ၁၉၃၄ ခုနှစ် ရန်ကုန် BAA ပထမတန်း ဘောလုံးပြိုင်ပွဲတွင် ရန်ကုန် ကောလိပ်အသင်း ထပ်ဆင့် ဗိုလ်စွဲခဲ့ပြန်သည်။
ပြိုင်ဘက်အသင်း
၁၉၀၀ ပြည့်နှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ကျင်းပခဲ့သည့် BAA ပထမတန်း ဘောလုံးပွဲများတွင် ၃ နှစ်ဆက် ၂ ကြိမ်၊ ၂ နှစ်ဆက် တကြိမ် အောင်မြင်မှု ရရှိခဲ့သည့် အသင်းဟူ၍ ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကောလိပ် ဘောလုံးအသင်း တသင်းတည်းသာ ရှိခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၄၆ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင် ရန်ကုန် တက္ကသိုလ် ဘောလုံးအသင်းမှာ အောင်မြင်မှု နည်းပါးခဲ့သည်။ သို့သော် ပြိုင်ဘက် အသင်းများက လေးစားရပြီး ပြည်သူများချစ်သော ပြည်သူ့အချစ်တော် ဘောလုံးအသင်း တသင်းအဖြစ် ရပ်တည်နိုင်ခဲ့ သည်မှာ တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်း ကွယ်ပျောက် မသွားမီ အထိ ဖြစ်သည်။
ရန်ကုန် တက္ကသိုလ်များ လက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် ၁၉၄၆ ခုနှစ် နောက်ပိုင်း ကျင်းပခဲ့သည့် ဘောလုံး ပြိုင်ပွဲများတွင် တကြိမ်သာ အောင်မြင်မှု ရခဲ့သည်။ ၁၉၆၁-၆၂ ဘောလုံးရာသီ အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် ပထမ ရရှိခဲ့ခြင်း ဖြစ်သည်။
အခြား အားကစား
ရန်ကုန်တက္ကသိုလ်တွင် ဘောလုံးအားကစား နည်းသာမက အခြားသော အားကစား နည်းများဖြစ်ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ တင်းနစ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ လှေလှော် ရွက်တိုက် အားကစားနည်း တို့တွင်လည်း မြန်မာ့လက်ရွေးစင် အဆင့်အထိ ထူးချွန်သည့် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ ထွက်ရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အားကစား ဖြစ်ရုံမျှသာ မကဘဲ နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေငွေကြေး ဆုတံဆိပ်များ ပင် ဆွတ်ခူးခဲ့ကြသည်။
ယခင်က တက္ကသိုလ် အားကစား လောကကို ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဆေးတက္ကသိုလ် ၁ နှင့် စီးပွားရေး တက္ကသိုလ်တို့က ဦးဆောင်ခဲ့သည်။
၁၉၆၄ ခုနှစ် မတိုင်မီ စံနစ်သစ်ဖြင့် တက္ကသိုလ်များ မဖွဲ့စည်းခင်ကမူ ရန်ကုန်တက္ကသိုလ် (ပင်မ) က တက္ကသိုလ် အားကစား လောကကို ဦးဆောင်နိုင်ခဲ့သည်။
တက္ကသိုလ် အားကစား လှုပ်ရှားမှုများကို ဦးဆောင်နိုင်ရေး အတွက် တက္ကသိုလ် အားကစားကောင်စီကို တရားဝင် ဖွဲ့စည်းထားသည်။ တက္ကသိုလ် အားကစားကောင်စီတွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုယ်စားလှယ်တဦး ပါဝင်ခွင့်ရသည်။
ရန်ကုန် တက္ကသိုလ်တွင် ကြက်တောင်ရိုက်၊ တင်းနစ်၊ ရေကူး၊ လှေလှော်၊ စသည့် အားကစား အသင်းများ ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ထိုစဉ်က တက္ကသိုလ်မောင်မယ် ရွေးပွဲများမှာလည်း ထင်ရှားခဲ့သည်။
ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသောအောင်မြင်မှုမှတ်တိုင်မှာ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ် မြောက် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် တက္ကသိုလ်ကျောင်းသားများ မြန်မာ့လက်ရွေးစင်အားကစားသမား အဖြစ် တခုတဝေးတည်း ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။
ယင်းအားကစားသမားများမှာ ဒဲရစ်လင်းစ် ဒေးလ် (ရေကူး)၊ မူမူခင် (တင်းနစ်)၊ ထွန်းမြ (ပြေးခုန်ပစ်)၊ စိုးမရ (ပြေးခုန်ပစ်) ရစ်ချတ်ယုခင် (ရွက်လှေ)၊ မောင်လှ (ကြက်တောင်)၊ မျိုးညွန့် (အလေးမ)၊ သန်းလွင် (တင်းနစ်)၊ မော်ထွန်းရှိန် (စားပွဲတင် တင်းနစ်)၊ အေးကျော် (ရေကူး)၊ ဂျိုးဘမောင် (ဘော်လီဘော)၊ ဉာဏ်မင်း (ဘတ်စကက်ဘော)၊ စီဆေးအင်န် (စားပွဲတင်တင်းနစ်) နှင့် မသီတာ (ကြက်တောင်) တို့ဖြစ်ကြသည်။
အထက်ပါ မြန်မာ့လက်ရွေးစင် အားကစားသမား ကျောင်းသူ/ကျောင်းသားတို့မှာ ရန်ကုန် တက္ကသိုလ် တကျောင်းထဲမှ ထွက်ပေါ်လာသည့် အားကစားသမားများသာ ဖြစ်ပြီး၊ အခြားသော ဆေးနှင့် စက်မှုမဟာ ဋ္ဌာနများကလည်း ၁၉၆၁ ခုနှစ် ကျွန်းဆွယ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရကြသည်။ ဥပမာ – နော်ရီနာမြ (ပြေးခုန်ပစ်) ဖြစ်သည်။
စနစ်သစ်တက္ကသိုလ်
၁၉၆၄ ခုနှစ်မှ စတင်ကာ မဟာဌာနများကို တက္ကသိုလ်နှင့် ကောလိပ်များ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ရန်ကုန် မြို့ပေါ်တွင်မှာပင် ရန်ကုန်တက္ကသိုလ် ရန်ကုန်စက်မှု တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ တိမွေးကု တက္ကသိုလ်၊ သွားဘက်ဆိုင်ရာ တက္ကသိုလ်ဟူ၍ တက္ကသိုလ်များ ရှိခဲ့သည်။
ယင်းတက္ကသိုလ်များ စုပေါင်းကာ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘတ်စကတ်ဘော၊ ဘော်လီဘော၊ ကြက်တောင်ရိုက်၊ တင်းနစ် စသည့် အားကစား နည်းများမှ မြန်မာ့ လက်ရွေးစင် အဆင့်ရှိ အားကစားသမား ကျောင်းသူ ကျောင်းသားများ ထွက်ပေါ်ခဲ့သည်။
ထိုစဉ်ကမူ ကျောင်းသူ၊ ကျောင်းသားများနှင့် အားကစားမှာ ခွဲခြား၍မရသည့် စည်းလုံးညီညွတ်မှုရှိခဲ့သည်။
သို့ရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြို့တော်ရန်ကုန်တွင် တက္ကသိုလ်များ ပျောက်ကုန်သည်။ မြန်မာပြည် အနှံ့ တက္ကသိုလ်နှင့် ကောလိပ်များ ရောက်ကုန်ကြသည်။ ယင်းကာလမှ စကာ တက္ကသိုလ်နှင့် အားကစား သည် ဝေးကွာ သွားသည်။
ရန်ကုန်တွင် တက္ကသိုလ်များ ရှိစဉ်က တက္ကသိုလ်အလိုက် အားကစားကွင်း၊ အားကစားရုံ၊ အားကစား ပစ္စည်း နှင့် အားကစားဆရာများ စုံသင့်သလောက်စုံလင်စွာ ရှိသည်။ ရန်ကုန် တက္ကသိုလ်နယ်မြေတွင် ရေကူးကန်၊ တင်းနစ်ကွင်း၊ ဘောလုံးကွင်းများ စုံစုံလင်လင်ရှိသည်။ ယင်းအားကစားကွင်း၊ အားကစားရုံများတွင် အား ကစားလှုပ်ရှား နေကြသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် စည်ကားခဲ့ဖူးသည်။
ယခုအခါ ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်စ ပြုပြီဖြစ်ပြီး တကသ (တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ) ပင် ဖွဲ့စည်းခွင့် ရသလိုလို သတင်းကြားသိနေ ရသည်။
သို့သော် အစိုးရအဖွဲ့က သမဂ္ဂနှင့် အပြိုင် ကျောင်းသား အဖွဲ့အစည်းများ ဖွဲ့စည်းရန် ကြိုးပမ်းမှုများ ပြုလုပ် လာသည် ဟုလည်း ကြားရပြန်သည်။ ဤသို့ ပြုလုပ်ခြင်းမှာ ကျောင်းသားများကြား စုစည်း ညီညွတ်မှု အားနည်းသွားစေနိုင်ပြီး ပညာရေးနှင့် အားကစား ကဏ္ဍများတွင် များစွာထိခိုက်စေနိုင်သည်ဟု သုံးသပ် ရသည်။
ရန်ကုန် တက္ကသိုလ် ပြန်လည် အသက်ဝင်လာသလို တက္ကသိုလ်အားကစားလှုပ်ရှားမှုလည်း စုစည်း ညီညွတ် စွာ ပြန်လည် အသက်ဝင်စေ ချင်သည်။ ရှေးယခင်က တက္ကသိုလ်များ၏ အောင်မြင်ကျော်ကြားသည့် ဂုဏ် သတင်းများ ထဲတွင် အားကစားဂုဏ်သတင်း တရပ်လည်း အပါအဝင် ဖြစ်ရာ တက္ကသိုလ်များတွင် အားကစားကဏ္ဍ၌ ပြန်လည် ဦးဆောင် ဂုဏ်ဝင်စေရေး တာဝန်ရှိသူ အားလုံး ပါဝင်ကြိုးပမ်းပေးဖို့ လိုနေပြီ ဖြစ်ကြောင်းပါ ရေးသား တင်ပြလိုက် ပါသည်။ ။