၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို လာမည့် ဇွန်လ ၅ ရက်မှ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံက အားကစားနည်း ၃၁ မျိုးကို အားကစားသမားပေါင်း ၃၀၀၊ စီမံအုပ်ချုပ်သူ ၁၀၀၊ စုစုပေါင်း အင်အား ၄၀၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများနှင့် လူဦးရေ အင်အားမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံသည့် ၁၉၆၁ နှင့် ၁၉၆၉ ကျွန်းဆွယ် အားကစားပြိုင်ပွဲနှင့် ၂၀၁၃ ခုနှစ်တွင် ကျင်းပသည့် နေပြည်တော် ဆီးဂိမ်းမှလွဲ၍ အာဆီယံဒေသတွင်း၌ ကျင်းပသည့် ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲ ၂၅ ပွဲတွင် အများဆုံး အရေအတွက် ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် သုံးကြိမ်မှတပါး ကျန်ပြိုင်ပွဲ ၂၅ ပွဲတွင် မြန်မာအားကစား အဖွဲ့ဝင်များသည် ရွှေတံဆိပ် ၃၀ ပြည့်အောင် မရခဲ့ဖူးသလို ရွှေတံဆိပ် ၂ ဆုသာ ရရှိခဲ့သည့် ပြိုင်ပွဲလည်း ရှိခဲ့သည်။
ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင်မူ ပထမဆုံးအကြိမ် ကျင်းပသည့် ဘန်ကောက်ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ဆုဖြင့် နိုင်ငံအလိုက် ဒုတိယ ရရှိခဲ့သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၆၁ ရန်ကုန်ကျွန်းဆွယ် ပြိုင်ပွဲတွင်မူ ရွှေတံဆိပ် ၃၅ ဆုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
၁၉၆၃ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကမ္ဘောဒီးယား နိုင်ငံတွင် မကျင်းပ ဖြစ်ပါ။ ၁၉၆၅ ခုနှစ် ကျွန်းဆွယ်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆုဖြင့် နိုင်ငံ အလိုက် စတုတ္ထနေရာသာ ရသည်။ ၁၉၆၇ ဘန်ကောက်ကျွန်းဆွယ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ဆုဖြင့် နိုင်ငံအလိုက် စတုတ္ထသာ ရသည်။
၆၉ ကျွန်းဆွယ် ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပသည်။ ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံအလိုက် ပထမရသည်။ ၁၉၇၁ ကျွန်းဆွယ် ပြိုင်ပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၈ ခုရသည်။ နိုင်ငံအလိုက် စတုတ္ထရသည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့က အစဉ်လိုက် ပ ဒု တ ရသည်။
၁၉၇၃ ခုနှစ်တွင် ၇ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၈ ခုဖြင့် ၆ နိုင်ငံ ယှဉ်ပြိုင်ရာတွင် စတုတ္ထပင် ရသည်။ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့က အစဉ်လိုက် ပဒုတ ရကြသည်။ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့က ပဉ္စမ နှင့် ဆဋ္ဌမ ရကြသည်။
ကျွန်းဆွယ်နောက်ဆုံး
၁၉၅၉ ခုနှစ်မှ စတင်ခဲ့သည့် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှာ ၁၉၇၅ ခုနှစ်တွင် တစခန်းရပ်သည်။ တောင်ဗီယက်နမ်၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့က အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲတော် ကျင်းပရေး ကော်မတီမှ နုတ်ထွက်သွား သဖြင့် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ လေးနိုင်ငံသာ ကျွန်းဆွယ်ပွဲတွင် ယှဉ်ပြိုင်ကြ ရသည်။
မြန်မာအားကစား အဖွဲ့က ရွှေတံဆိပ် ၂၈ ဆုဖြင့် တတိယရသည်။ စင်ကာပူက ရွှေတံဆိပ် ၃၈ ဆုဖြင့် ဒုတိယ၊ ထိုင်းက ရွှေတံဆိပ် ၈၀ ဖြင့် ပထမရသည်။ မလေးရှားက ရွှေတံဆိပ် ၂၇ ဆုဖြင့် စတုတ္ထရသည်။
အထက်ပါ ရွှေတံဆိပ် ရရှိမှုကို ကြည့်လျှင် မြန်မာအားကစား အဖွဲ့သည် အိမ်ရှင်အဖြစ် ကျင်းပသည့် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်တို့မှ တပါး အခြားတိုင်းပြည်များတွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲများ၌ ရွှေတံဆိပ် ၃၀ ပြည့်အောင် ဆွတ်ခူးနိုင်ခြင်း မရှိသည်ကို တွေ့ကြရမည် ဖြစ်သည်။
၁၉၇၅ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ နိဂုံးချုပ်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူနိုင်း နိုင်ငံတို့ မူလလေးနိုင်ငံဖြင့် ပူးပေါင်းပြီး အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) အမည်သစ်ဖြင့် ဆက်လက်ကျင်းပသည်။
ပထမဆုံး အကြိမ် သို့မဟုတ် ၉ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ကျင်းပသည်။
၇ နိုင်ငံ ယှဉ်ပြိုင်သည့် ဆီးဂိမ်းတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၅ ဆုဖြင့် နိုင်ငံအလိုက် စတုတ္ထအဆင့်မှာပင် ရပ်တန့်ခဲ့ သည်။ ပထမ အကြိမ်မြောက် ကျင်းပသည့် ဆီးဂိမ်းတွင် အင်ဒိုနီးရှား နိုင်ငံက ရွှေတံဆိပ် ၆၂ ဆုဖြင့် ဒုတိယ၊ မလေးရှားနိုင်ငံက ရွှေတံဆိပ် ၃၁ ဆုဖြင့် တတိယ ရသည်။
မြန်မာ တတိယ
၁၉၇၉ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၆ ဆုဖြင့် နိုင်ငံအလိုက် တတိယ ရခဲ့ပြီး ဖိလစ်ပိုင်၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံ တို့က အစဉ်လိုက် စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ဤနှစ်မှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပွဲတွင် အမြင့်ဆုံး အောင်မြင်မှုပင် ဖြစ်သည်။ ၁၉၈၁ (မနီလာ) ပြိုင်ပွဲမှ စကာ မြန်မာအားကစား အဖွဲ့သည် စတုတ္ထနေရာမှ ပဉ္စမနေရာသို့ ဆင်းပေးခဲ့ရသည်။ မလေးရှား နိုင်ငံက ရွှေတံဆိပ် ၁၆ ဆုဖြင့် စတုတ္ထရသည်။ မြန်မာက ရွှေတံဆိပ် ၁၅ ဆုဖြင့် နိုင်ငံအလိုက် ပဉ္စမသာ ရသည်။ ယင်း ပြိုင်ပွဲတွင် စင်ကာပူက ရွှေတံဆိပ် ၁၂ ဆုဖြင့် ဆဋ္ဌမရသည်။
၁၉၈၃ စင်ကာပူ ဆီးဂိမ်းတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆုဖြင့် ပဉ္စမနေရာ ရသည်။ မလေးရှားက ရွှေတံဆိပ် ၁၆ ဆုဖြင့် ဆဋ္ဌမရသည်။
၁၉၈၅ ဘန်ကောက် ဆီးဂိမ်းတွင် ကမ္ဘောဒီးယားနိုင်ငံ ပြန်လည် ပါဝင်လာသဖြင့် ၈ နိုင်ငံ ယှဉ်ပြိုင်ရသည်။ ဆီးဂိမ်းအစ တွင် မြန်မာအားကစား အဖွဲ့သည် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့ အထက်တွင် ရှိနေခဲ့သော်လည်း တဖြေးဖြေး ရွေ့လာခဲ့ရာ ၁၉၈၅ ဘန်ကောက် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၃ ဆုဖြင့် ဆဋ္ဌမအဆင့်သာ ရသည်။ ဆုတံဆိပ် လုံး၀ မရသည့် ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့သာ မြန်မာနိုင်ငံအောက်တွင် ရှိတော့သည်။
၁၉၈၇ ဂျာကာတာ ဆီးဂိမ်းတွင်လည်း ၈ နိုင်ငံပြိုင်ရာ အဆင့် ၆ ပင်ရသည်။ ၈၅ ပြိုင်ပွဲတုန်းက ဆုတံဆိပ် လုံး၀ မရရှိခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံက ရွှေ ၁၊ ငွေ ၆၊ ကြေး ၁၇ ဆု ရလာသည်။
လာအိုနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က ၁၉၈၉ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် ၁၅ ကြိမ်မြောက် အားကစားပွဲတွင် ဆီးဂိမ်းသို့ ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ဆီးဂိမ်းတွင် ဝင်ရောက်လာသည့် ဗီယက်နမ် အသင်းမှာ ရွှေတံဆိပ် လုံး၀ မရရှိဘဲ ငွေတံဆိပ် ၁၁ ဆုနှင့် ကြေးတံဆိပ် ၈ ဆုသာ ရသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆုသာရပြီး အဆင့် ၆ မှာပင် ရပ်တည်ခဲ့သည်။
မြန်မာ အားကစား အဖွဲ့သည် ၁၉၉၃ စင်ကာပူ ဆီးဂိမ်းမှစကာ အသစ်ဝင်ရောက် ယှဉ်ပြိုင်သည့် ဗီယက်နမ် အသင်းထက် ရွှေတံဆိပ် ရရှိမှုလျှော့နည်းကာ နိုင်ငံအလိုက် အဆင့် ၇ သို့ ထပ်၍ ကျဆင်းသွားသည်။ ၁၉၉၃ ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် ၈ ဆုသာရပြီး ဗီယက်နမ်က ၉ ဆုရသည်။
ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မြို့တွင် ၁၉၉၅ ခုနှစ်က ကျင်းပသည့် ၁၈ ကြိမ်မြောက် ဆီးဂိမ်းတွင်မူ မြန်မာအားကစား အဖွဲ့က ရွှေတံဆိပ် ၄ ဆုသာ ရရှိပြီး နိုင်ငံအလိုက် အဆင့် သတ္တမပင် ဖြစ်သည်။ ဗီယက်နမ် နိုင်ငံက ရွှေ ၁၀ ဆုဖြင့် ဆဋ္ဌမ အဆင့်ရသည်။
၁၉၉၇ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် ဆီးဂိမ်းတွင် ဗီယက်နမ်နိုင်ငံ အားကစား တိုးတက်မှုမှာ အံ့မခန်းပင် ဖြစ်သည်။ ရွှေတံဆိပ် ၃၅၊ ငွေတံဆိပ် ၄၈၊ ကြေးတံဆိပ် ၅၀ ဖြင့် နိုင်ငံအလိုက် ပဉ္စမအထိ တက်သွားသည်။ သို့ရာတွင် မြန်မာက ရွှေတံဆိပ် ၈၊ ငွေတံဆိပ် ၃၄၊ ကြေး ၄၄ ဆုဖြင့် သတ္တမအဆင့်သာ ရသည်။
၁၉၉၉ ခုနှစ် ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဝင် မြန်မာ အားကစား အဖွဲ့၏ စွမ်းဆောင်မှုမှာ အညံ့ဆုံးပင် ဖြစ်သည်။ ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၁၀ ဆု၊ ကြေးတံဆိပ် ၁၀ ဖြင့် ရွှေတံဆိပ် ၄ ဆုရသည့် အိမ်ရှင် ဘရူနိုင်းထက် တဆင့်နိမ့်ကာ နိုင်ငံပေါင်း ၁၀ နိုင်ငံ ပြိုင်ရာတွင် အဆင့် ၈ နေရာ ရရှိခဲ့သည်။
၂၀၀၁ ကွာလာလမ်ပူ ဆီးဂိမ်းတွင်မူ မြန်မာအားကစား အဖွဲ့သည် ပြန်လည်အောင်မြင်မှုများ ရခဲ့သည့် ရွှေတံဆိပ် ၁၉ ဆု အထိ ရရှိခဲ့သော်လည်း နိုင်ငံအလိုက် အဆင့်ရပ်တည်မှုမှာ သတ္တမအဆင့်မှာပင် ကျောက်ချနေသည်။ ယင်းနောက် ၂၀၀၃၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၁ ဆီးဂိမ်းများတွင်လည်း မြန်မာအားကစား အဖွဲ့သည် ရွှေတံဆိပ် ၂၀ ပြည့်အောင် ပင် မဆွတ်ခူးနိုင်ဘဲ အဆင့်သတ်မှတ်ချက်တွင်မူ သတ္တမအဆင့်သာ အမြင့်ဆုံး ရနေခဲ့သည်။ ၂၀၀၉ လာအို ဆီးဂိမ်းတွင်မူ အိမ်ရှင် လာအိုအသင်းကိုပင် ရှုံးကာ နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ၈ သို့ပင် ရောက်သွားခဲ့သည်။
သို့ဖြစ်ရာ မြန်မာအားကစား အဖွဲ့ဝင်များသည် ပြည်ပတွင် ကျင်းပသည့် ဆီးဂိမ်းများတွင် ရွှေတံဆိပ် ၃၀ ပြည့်အောင် မရခဲ့ဖူးသေးပါ။ နိုင်ငံအလိုက် ရပ်တည်မှုတွင်လည်း ၁၉၇၉ ဂျာကာတာ ဆီးဂိမ်းတွင် တတိယအဆင့် ရရှိမှုမှာ အမြင့်ဆုံး ဖြစ်သည်။
အိမ်ရှင်
မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ၂ ပွဲတွင် ၆၁ ၌ ရွှေတံဆိပ် ၃၅၊ ၆၉ ၌ ရွှေတံဆိပ် ၅၇ ဖြင့် နိုင်ငံအလိုက် ပထမရခဲ့သည်။ ဆီးဂိမ်းခေတ် ၂၀၁၃ နေပြည်တော် ပြိုင်ပွဲ တွင်မူ ရွှေတံဆိပ် ၈၆ ဆုဖြင့် နိုင်ငံအလိုက်တွင် ဒုတိယနေရာသာ ရသည်။
စင်ကာပူဆီးဂိမ်း
၂၀၁၅ ခုနှစ် ဇွန်လဆန်းတွင် စတင်ကျင်းပတော့မည့် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ စင်ကာပူ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၃၀ ကို အဆင့် ၃ ဆင့် သတ်မှတ်ကာ အားကစားသမား ၃၀၀ ဖြင့် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ယင်းအင်အားမှာ ပြည်ပသို့ သွားရောက် ယှဉ်ပြိုင်သည့် ကျွန်းဆွယ်နှင့် ဆီးဂိမ်း ပြိုင်ပွဲများတွင် အင်အားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းပင် ဖြစ်သည်။
၂၀၁၅ ခုနှစ် စင်ကာပူ အရှေ့တောင်အာရှ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင့် ၃ ဆင့် ခွဲခြား သတ်မှတ် ထားသည်မှာလည်း မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင့်သုံးခြင်းလည်း ဖြစ်သည်။ ။