စာရေးသူ ငယ်စဉ် အထက်တန်းကျောင်းသား ဘ၀ “အားကစား” ကို အရူးအမူး ဖြစ်ခဲ့စဉ်က အားကစားနည်းများကို စနစ်တကျ ပြသမည့် ဆရာများ မရှိကြ။ အားကစား ဝါသနာပါသော ဆရာများ၏ သွန်သင်မှုကို ခံယူကာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လေ့ကျင့်ခဲ့ရသည်။ ခရိုင် ကိုယ်လက်ကြံ့ခိုင်ရေးမှူး (ပထမပတ်) တက်စဉ်တုန်း ကလည်း ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့၊ အလေးမ၊ ဘောလုံး၊ ဘော်လီဘော၊ ကျွမ်းဘား၊ ဘက်စကက်ဘော စသည့် အားကစားနည်းများကို အခြေခံအဆင့်တွင် စနစ်တကျ သင်ယူခဲ့ရပါသည်။ အားကစားနည်း ၁၁ မျိုးခန့်ကို ၁ နှစ် နီးပါးခန့် သင်ယူရာတွင် အခြေခံ အဆင့်ထက် ပိုမိုနားလည် တတ်ကျွမ်းဖို့ ခက်ခဲပါသည်။
သို့ဖြစ်ရာ ခရိုင်ကိုယ်လက်ကြံ့ခိုင်ရေး စည်းရုံးရေးမှူး တယောက်အနေဖြင့် အဆင့်မြင့် အားကစားနည်းများကို တတ်ကျွမ်းဖို့ လိုအပ်လာ သဖြင့် ပြင်ပမှ အားကစား နည်းပညာ စာအုပ်များကို ရှာဖွေ လေ့လာရာတွင် တွေ့တော့ တွေ့ပါ၏။ အများစုမှာ အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသည့် စာအုပ်များကိုသာ တွေ့နေရပါသည်။ ကျောင်းထွက် လက်မှတ်ရ (SLC) အောင်မြင်ပြီးစ ကျောင်းသားတပိုင်း ကိုယ်လက်ကြံ့ခိုင်ရေးမှူးငယ် တယောက် အတွက် အင်္ဂလိပ် ဘာသာဖြင့် ပြုစုထားသည့် အားကစား နည်းစနစ်များကို လေ့လာရာတွင် အခက်အခဲရှိသည် ကတော့ အမှန်ပင် ဖြစ်ပါသည်။ ထိုသို့ အင်္ဂလိပ်စာ မတတ် တတတ်ဖြင့် အင်္ဂလိပ်လို ရေးသား ပြုစုထားသည့် နည်းစနစ် စာအုပ်များဖြင့် လုံးလည်လိုက် နေခိုက်တွင် မြန်မာဘာသာဖြင့် ရေးသား ပြုစုထားသည့် အားကစားနည်း စနစ် စာအုပ်တအုပ် ထွက်ပေါ် လာပါသည်။ စာအုပ်၏ အမည်မှာ ပြေးခုန်ပစ် နည်းများဟူ၍ ဖြစ်ပါသည်။ ရေးသားပြုစုသူက ကာယဗလ ထွန်းငြိမ်းဆိုသူ ဖြစ်သည်။ ထုတ်ဝေသူကတော့ ဗလစဌာနချုပ်၊ ကာယဗလဌာန အတွက်၊ စီးပွားရေးဌာနမှ ထုတ်ဝေခြင်း ဖြစ်သည်။
ယခုခေတ် လူငယ် အများစုက ဗလစ ဆိုသည့် စကားလုံး၏ အရှည်ကောက်ကို နားလည်သိရှိကြမည် မထင်ပါ။ ဗစလ ဟူသည်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံး ဖြစ်သည်။ ဂျပန်ခေတ်တွင် အာရှလူငယ်များ အစည်းအရုံး အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး ဂျပန်များ စစ်ရှုံးပြီးနောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး အကြိုကာလတွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ လူငယ်များ အစည်းအရုံးဟု ပြောင်းလဲမှည့်ခေါ် ဖွဲ့စည်းထားသည့် လူငယ်အဖွဲ့အစည်းတရပ် ဖြစ်သည်။ ယခုခေတ် အဖွဲ့အစည်းများ အထူးသဖြင့် NGO အရပ်ဘက်အဖွဲ့အစည်းများတွင် မတွေ့ရသော အသုံးအနှုန်းတခု ဖြစ်သည့် ကာယဗလဌာနကိုလည်း တွေ့ကြရမည် ဖြစ်သည်။ စာရေးသူတို့ ငယ်စဉ်က ကျောင်းသားသမဂ္ဂ များပင်လျှင် ကာယဗလမှူးများကို ထည့်သွင်း ဖွဲ့စည်းလေ့ ရှိကြသည်။
စာအုပ်ကို ပြုစုသူ ကာယဗလ ထွန်းငြိမ်း ဆိုသူမှာ ထိုစဉ်က ဗလစဌာနချုပ် ကာယဗလဌာန တာဝန်ခံကောင်း ဖြစ်သည်။ ထိုခေတ် အစိုးရ ကိုယ်တိုင်က ကမ္ဘာ့နိုင်ငံ အသီးသီးသို့ အားကစားနှင့် ကာယပညာ ဘာသာရပ်များ လေ့လာဆည်းပူးရန် ဦးမောင်မောင်ကလေး၊ ဦးဇော်ဝိတ်တို့နှင့် အတူစေလွှတ်ခြင်း ခံရသူ၊ အလေးမ အားကစားနည်း တွင် မြန်မာနိုင်ငံ၌ မိမိ ကိုယ်အလေးချိန်ထက် နှစ်ဆ မနိုင်ခဲ့သူ အလေးမ ချန်ပီယံ၊ အင်းလျားကန်ဖြတ် ရေကူးနိုင်သူ၊ ရှေးခေတ် ကောလိပ်ကျွမ်းဘား လက်ရွေးစင်၊ လိုအပ်လျင် ဂိုးဖမ်းတတ်သူ တဦး ဖြစ်ခဲ့သည်။
တပ်မတော်တွင် ဝင်ရောက်ခဲ့ပြီး ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သူ၊ ဗိုလ်သင်တန်းကျောင်း ကာယဗလဌာန ဌာနမှူး၊ အားကစားနှင့် ကာယပညာဌာန ညွန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။
ရှားပါးသော
မြန်မာနိုင်ငံ၏ ရှားပါးသော စွယ်စုံရ (စာတွေ့၊ လက်တွေ့) အားကစား ပညာရှင်များ ထဲတွင် တဦးအပါအဝင် ဖြစ်သူ၏ နုစဉ်က ရေးသားပြုစုခဲ့သော ပြေးခုန်ပစ် နည်းစနစ်များ စာအုပ်ကို ၂၀၁၅ ခုနှစ်ထဲ ရောက်မှ အဖိုးတန် စာအုပ်ကောင်း များကို စုဆောင်းရာတွင် မွေ့လျော်သူ သားကြီးမြတ်သက်က ဝယ်ယူပေးသဖြင့် လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဆရာ ထွန်းငြိမ်း၏ ပြေးခုန်ပစ် နည်းများ စာအုပ်ကို ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်ရာ ယခုဆိုလျင် နှစ်ပေါင်း ၆၃ နှစ် ကျော်ခဲ့ပြီ ဖြစ်သည်။
ဆရာထွန်းငြိမ်း တပ်မတော်တွင် အမှုထမ်းစဉ်က လည်းကောင်း၊ အား/ကာ ညွန်ချုပ် အဖြစ် တာဝန်ယူစဉ်က လည်းကောင်း၊ ဆရာထွန်းငြိမ်း၏ အားကစား တပည့်သားမြေး အားလုံးက တပ်မတော်ရာထူးကိုရော၊ အား/ကာ ညွန်ချုပ် ရာထူးကိုရော မခေါ်ဝေါ်ကြဘဲ ဆရာ အဖြစ်သာ အသိအမှတ်ပြုကြပြီး ဆရာထွန်းငြိမ်း ဟူ၍သာ ရိုသေစွာ ခေါ်ဝေါ်ခဲ့ကြ ပါသည်။
ယင်းစာအုပ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေးကောင်စီ၊ ညွန်ကြားရေးဝန် ဦးမောင်မောင်ကလေး၊ စည်းရုံးရေးမှူးချုပ် ဦးဇော်ဝိတ်နှင့် အတွင်းရေးမှူး မစ္စတာဟက်စကင်းစ် တို့က အမှာစာများ ရေးသားခဲ့ပါသည်။
ယင်း အမှာစာများထဲတွင် တူညီသော ဦးတည်ချက်တရပ် ပါရှိနေပါသည်။ ဆရာ ဦးမောင်မောင်ကလေး၏ အမှာစာ တွင် “ဤစာအုပ်ကို စီစဉ် ရေးသားချိန်မှာပင် ကျနော်သည် အားကစား လိုက်စားသူများ အစား ဝမ်းသာမိပါသည်။ အဘယ့်ကြောင့် ဆိုသော် ဤစာအုပ်မျိုးသည်ကား ပြေးခုန်ပစ်လောကတွင် အမြဲလိုအပ်နေသော နည်းနိသျှဟု ဆိုနိုင် လောက်ပါသည်။ အထူး အဖိုးတန်သည့် အချက်သည်ကား ဤပြေးခုန်ပစ် လောကသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် ပထမအကြိမ် မြန်မာစာပေဖြင့် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ ဝါသနာပိုးများသည် ဆိုင်ရာ ဘာသာရပ်နှင့် စပ်လျဉ်းလျှင် နိုင်ငံတိုင်းမှ နည်းများကို လိုလားကြ၏။ သို့သော် ဘာသာစကား အခက်အခဲကြောင့် များစွာသော အတားအဆီးများကို ကြုံတွေ့နေရ၏။
ဤကိစ္စနှင့် ပတ်သက်၍ ကျနော်နှင့် တကွ ကိုထွန်းငြိမ်းနှင့် ကိုဇော်ဝိတ်ပါ နိုင်ငံခြားသို့ လှည့်လည်၍ အားကစား လုပ်ငန်းများကို လိုက်လံ ကြည့်ရှုစဉ်က နော်ဝေ (Norway)၊ ဆွီဒင် (Sweden)၊ ဟော်လန် (Holland) နှင့် ပြင်သစ် (France) နိုင်ငံများသို့ ရောက်ခဲ့ကြ၏။ ထိုနိုင်ငံများသည် ပြေးခုန်ပစ် လောကတွင် အလွန်ထူးချွန်သည့် အကြောင်းများ ကို သိပြီးသည့်အလျှောက် ၎င်းတို့ထံမှ ဗဟုသုတ ရရှိရန် အားခဲကာ ဆိုက်ရောက်ခဲ့သော အခါ အထက်ပါ နိုင်ငံတိုင်း တွင် သက်ဆိုင်ရာ ပုဂိုလ်များသည် စေတနာများစွာဖြင့် ၎င်းတို့၏ နည်းစနစ် စာစောင် အတို၊ အရှည်များ ဝေငှသည်မှာ သယ်၍ပင် မနိုင်လောက်အောင် ရရှိခဲ့ကြပါသည်။
သို့သော် ဘာသာရပ်များမှာ ၎င်းတို့စာပေဖြင့် ရေးသားထား သောကြောင့် ကျနော်တို့ တတွေမှာ တလုံးမှ နားမလည်ခြင်း ကြောင့် ခဲလေသမျှ သဲရေကျခဲ့ရ ပါကြောင်း၊ ယခု မြန်မာပြည်မှာလည်း ပြေးခုန်ပစ်နှင့် ပတ်သက်၍ နိုင်ငံခြား ပါရဂူကြီးများ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာပေများလည်း မြောက်မြားစွာ ရှိပါ၏။ သို့သော် ထို ပြေးခုန်ပစ် လောကတွင် ရှိသော ဝါသနာအိုးများထဲမှ ဆယ်ရာခိုင်နှုန်း လောက်သာ အဓိပ္ပာယ်သိအောင် ဖတ်ရှု လေ့လာနိုင်ကြ ပေမည်။
ထိုကြောင့် ကာယဗလ ထွန်းငြိမ်း၏ စာအုပ် ထွက်ပေါ်ခြင်းသည် ပြေးခုန်ပစ်လောက အတွက် အထူးအဘိုးတန်၍ ပြည်ထောင်စု တဝန်းလုံး အတွက် အသုံးပြုနိုင်ပြီးလျင် ကစားခုန်စား ဘက်တွင်လည်း နေ့ချင်းညချင်း ဆိုသလို တိုးတက်မှုများ တွေ့မြင်ရလိမ့်မည် ဟု ယုံကြည်မိပါကြောင်း’’
ဆရာထွန်းငြိမ်း၏ ပြေးခုန်ပစ်နည်းများ စာအုပ်ကို ဆရာ ဦးမောင်မောင်ကလေးက အမှာစာ ရေးသားရာတွင် မြန်မာ အားကစား လောက အတွက် အလွန်တရာမှ အရေးကြီးသော သတင်းပေးပို့မှု တရပ် ပါဝင်နေသည်ကို စာရေးသူ တွေ့ရှိမိပါသည်။
ယင်းမှာ ခေတ်မီအားကစား ပညာရပ်များကို မြန်မာဘာသာဖြင့် ပြုစုထုတ်ဝေရေးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မြန်မာဘောလုံး ပညာရှင်များ ဖြစ်သည့် ဆရာငြိမ်း၊ နိုင်ငံခြား နည်းပြဆရာများ ဖြစ်ကြသည့် မစ္စတာ ဘိုဇင်ကော့ဖ်၊ မစ္စတာ ဇိုနင်တို့ ပြုစုသည့် ဘောလုံးနည်းစနစ်၊ ဆိုဗီယက် အလေးမနည်းပြဆရာ ပြုစုသည့် အလေးမနည်းပညာ စာအုပ်လောက်သာ ရှိခဲ့ဖူးသည်။
ဆရာစိန်မျိုးမြင့် ပြုစုသည့် အခြေခံဘော်လီဘော ကစားနည်း၊ စာရေးသူ ဘာသာပြန်သည့် အခြေခံဘောလုံးပညာ စာအုပ်များ လောက်သာ မြန်မာဘာသာနှင့် ပြုစုသည့် အားကစား နည်းစနစ် စာအုပ်များ ရှိနေသည်။ မြန်မာအားကစား တိုးတက်လိုလျှင် နိုင်ငံတကာ အားကစားနည်းများကို မြန်မာမှုပြု၍ ထုတ်ဝေခြင်းသည်လည်း အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ ယင်းကွက်လပ်ကို ဖြည့်တင်းမည့်သူများ အမြန်ပေါ်ပေါက်ပါစေ။ ။