ပထမဆုံး ဝန်ခံလိုသည်ကတော့ အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် AFF ယူ-၁၉ အမျိုးသား တံခွန်စိုက် ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ စာရေးသူ၏ အမှား ဖြစ်ပါသည်။ စာရေးသူက မလေးရှား ယူ-၁၉ အသင်းကို မြန်မာ ယူ-၁၉ အသင်းက အနိုင်ရပြီးသည့်အခါ မြန်မာအသင်း အကြို ဗိုလ်လုပွဲတက်ပြီဟု ပြောခဲ့၊ ရေးခဲ့ပါသည်။
မလေးရှား အသင်းနှင့် ရမှတ်ချင်းတူသော်လည်း နှစ်သင်းတွေ့ဆုံ ကစားစဉ်က ထွက်ပေါ်လာသည့် အရှုံး အနိုင်ရလဒ် Head to Head ဖြင့် ပထမဦးစွာ ဆုံးဖြတ်လိမ့်မည်ဟု ယုံကြည်ထားပါသည်။
ယုံကြည်ရခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်ပါ။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် သုဝဏ္ဏကွင်း၌ မြန်မာ အသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ အုပ်စုပွဲ ကစားရသည်။ အင်ဒိုနီးရှားက မြန်မာအသင်းကို ၁-၀ ဖြင့် နိုင်သည်။ မြန်မာနှင့် ရမှတ်ချင်း တူသည်။ မြန်မာက ဂိုးကွာချက်သာသည်။ သို့သော် အမှတ်ချင်းတူလျှင် နှစ်သင်း ကစားခဲ့စဉ်က အရှုံးအနိုင် ရလဒ် Head to Head ဖြင့် ဆုံးဖြတ်ပြီး အင်ဒိုနီးရှားအသင်း အကြိုဗိုလ်လုပွဲတက်သည်။ မြန်မာအသင်းက အုပ်စုက ထွက်ရသည်။ ပွဲပျက်သည်။
နောက် ၂ နှစ်ခန့် ကြာသောအခါ ၂၀၁၅ ခုနှစ် အတွင်း အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ ကျင်းပသည်။ မြန်မာ အသင်းက စင်ကာပူကို ၁-ဝ၊ မလေးရှားကိုလည်း ၁-၁ ဖြင့် နိုင်သည်။ အရှေ့တီမော အသင်းနှင့် တဂိုးစီ သရေကျသည်။ ဗီယက်နမ်နှင့် ကစားရန် လက်ကျန် တပွဲရှိသည်။ မလေးရှားကလည်း ၂ ပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးဖြင့် ၇ မှတ် ပင်ရသည်။ ကစားရန် လက်ကျန်ပွဲ မရှိတော့ပါ။ သို့ဖြစ်ရာ ယခင် AFC တို့ AFF တို့ ကျင့်သုံးသည့် အုပ်စုတွင်း အမှတ်တူလျှင် Head to Head စနစ်ဖြင့် မဆုံးဖြတ်ဘဲ ဂိုးကွာဟချက် အသာဖြင့်သာ ဆုံးဖတ်မည်ဟု မြန်မာ မီဒီယာများတွင် သတင်းပါလာသည်။ ဤသတင်းသာ အမှန်ဖြစ်လျှင် AFC သည် လည်းကောင်း၊ AFF သည် လည်းကောင်း ဘောလုံးပြိုင်ပွဲ ကျင်းပရာ တူညီမှု မရှိဟုသာ စွပ်စွဲရတော့မလို ဖြစ်နေသည်။
အာရှခြေစစ်ပွဲ
သို့ရာတွင် တခုတော့ ရှိသည်။ ယခု ကျင်းပလျက် ရှိသည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယား နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပါ အတွက် အရှေ့တောင်အာရှ နိုင်ငံများအတွက် ခြေစစ်ပွဲဆိုလျှင်တော့ Head to Head မဟုတ်ဘဲ ဂိုးကွာချက်ဖြင့် အမှတ်တူနှစ်သင်း အရှုံးအနိုင် ဆုံးဖြတ်ပါလိမ့်မည်။
သို့ဖြစ်ရာ ယခုကျင်းပလျက် ရှိသည့် အာဆီယံ ယူ-၁၉ ဘောလုံးပွဲသည် မည်သည့် အမျိုးအစား ပြိုင်ပွဲမျိုးပါနည်း၊ FIFA ယူ-၂၀ ကမ္ဘာ့ဖလားပွဲ အတွက် ခြေစစ်ပွဲလော၊ သို့တည်းမဟုတ် AFF ယူ-၁၉ ဘောလုံးပြိုင်ပွဲလော၊ ရိုးသားစွာ ဝန်ခံရလျှင် စာရေးသူတော့ ကွဲကွဲပြားပြား မသိပါ။ တခြားမီဒီယာများမှလည်း သိကြမည် မထင်ပါ။
အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ ယခုပွဲသည် မည်သည့် အမျိုးအစား ပြိုင်ပွဲတွင် ပါဝင်သည် ဆိုခြင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဌာနက မြန်မာပြည်သူများ သိရှိနိုင်အောင် ကြိုတင် သတင်း ထုတ်ပြန်ပေးသင့်သည်။ မြန်မာပြည်သူတို့က အနည်းနှင့်အများ မြန်မာလက်ရွေးစင် ဘောလုံးအသင်းများ အပေါ် ပြန်လည် စိတ်ဝင်စား လာနေချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘောလုံးဝါသနာရှင် ပြည်သူများကို လေးစားသင့်သည်။
ယခု ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲမှာ အာဆီယံနိုင်ငံများအတွင်း ပြိုင်ပွဲသာ ဆိုလျှင် အရေးမကြီးပါ။ သို့သော် ကမ္ဘာ့ ယူ-၂၀ ဘောလုံးပြိုင်ပွဲအတွက် အာဆီယံနိုင်ငံ အချင်းချင်း ခြေစစ်ပွဲဆိုလျှင် သတင်းတိုင်း အတွက် အရေးကြီး ပါသည်။ ဤခြေစစ်ပွဲအောင်မှ အာရှဇုန်ခြေစစ်ပွဲ ဝင်ခွင့်ရမည် ဖြစ်ပါသည်။
Head to Head မဟုတ်၊ ဂိုးကွာဟချက်ဖြင့်သာ ဆုံးဖြတ်ခဲ့လျှင် သြဂုတ်လ ၃၁ ရက်နေ့တွင် ကစားခဲ့သည့် မြန်မာနှင့် ဗီယက်နမ်ပွဲကို နှလုံးသားနှင့်ရော ဦးနှောက်နှင့်ပါ ခံစားကြည့်ရှုမိသည်။
မြန်မာ လက်ရွေးစင် ဘောလုံးအသင်းများမှာ သရေကျပြီး ၁ မှတ် ရရုံဖြင့် အကြိုဗိုလ်လုပွဲ ရောက်နိုင်သည့် အခွင့်အရေးကောင်းကို စွန့်လွှတ်ခဲ့သောကြောင့် ဖြစ်သည်။
ယခုလည်း အာဆီယံ ယူ-၁၉ တံခွန်စိုက် ပြိုင်ပွဲတွင် မလေးရှားအသင်းကို နိုင်ပြီး သွင်းဂိုး၊ ပေးဂိုး ခြားနားချက်ကြောင့် အုပ်စုတွင်းမှပင် ထွက်ခဲ့ရ ပြန်သည်။
အာရှ သို့မဟုတ် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ်တို့၏ ပြိုင်ပွဲကျင်းပရေး စည်းကမ်းဥပဒေများ ခုတမျိုး၊ တော်တော်ကြာတမျိုး၊ အမျိုးမျိုးပြောင်းလဲမှု၏ သားကောင်မှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်းတချို့ ဖြစ်နေသည်။ အနီးကပ်ဆုံး ပြောရလျှင် ၂၀၁၃ နေပြည်တော် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စုပွဲ အတွင်း၌ အင်ဒိုနီးရှား အသင်းက မြန်မာ ယူ-၂၃ အသင်းကို နိုင်ပြီး အမှတ်ချင်းတူသည်။ မြန်မာအသင်းက ဂိုးကွာခြားချက်ကောင်းသည်။ သို့သော် အမှတ်တူရသည့် အသင်းနှစ်သင်း ရှိနေလျင် ယင်းနှစ်သင်း ကစားစဉ်က Head to Head ထွက်ပေါ်လာသည့် ရလဒ်အတိုင်း ဆုံးဖြတ်ရမည် ဟူသည့် စည်းကမ်းစည်းမျဉ်း အရ၊ အင်ဒိုနီးရှားက အကြိုဗိုလ်လုပွဲတက်သည်။ မြန်မာ အသင်းက ပြိုင်ပွဲမှ ထွက်ရသည်။
၂၀၁၅ အာဆီယံ ယူ-၁၉ တံခွန်စိုက် ဘောလုံးကျတော့ Head to Head မဟုတ်ပြန်၍ မြန်မာ ယူ-၁၉ အသင်း အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်သည်။ ဤစနစ်အတိုင်း ဆက်သွားနေလျှင် အရှေ့တောင် အာရှ ဒေသအတွင်းမှ နိုင်ငံများ ဘောလုံးအဆင့်အတန်း တိုးတက်ရေးဆိုသည်မှာ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေဦးမည် ဖြစ်သည်။
ပြေးခုန်ပစ်
တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် ကမ္ဘာ့တံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပခဲ့သည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသည်။ ပြိုင်ပွဲ အားလုံးနီးပါး ကြည့့့်ဖြစ်ခဲ့သည်။ ပထမဆုံး ပြောပြချင်သည်ကတော့ ပိတ်ပွဲ အခမ်းအနားပင် ဖြစ်သည်။ ရိုးရိုးလေးနှင့် ရှင်းရှင်းလေး ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားလည်း ဤသို့ပင် ရှိမည် ထင်သည်။
စာရေးသူ တင်ပြချင်သည်က ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီး ဖွင့်ပွဲ၊ ပိတ်ပွဲ အတွက် တရုတ်ယွမ်ငွေ သိန်းသောင်းချီ၍ မကုန်မည်ကတော့ သေချာသည်။ နောက်ထပ် ထူးဆန်းအံ့သြဖွယ် ကောင်းသည်ကတော့ ဘေကျင်းပွဲပြိုင်ပွဲတွင် ကမ္ဘာ့ ပြေးခုန်ပစ် အင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အင်္ဂလန် စသည့်နိုင်ငံများ ကျော်လွှားကာ ကင်ညာနိုင်ငံက ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၆ ဆု၊ ကြေးတံဆိပ် ၃ ဆုဖြင့် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိကာ ပထမနေရာ ရရှိခြင်း ဖြစ်သည်။ ဒုတိယနေရာကိုလည်း ဂျမေကာနိုင်ငံက ရွှေတံဆိပ် ၇ ဆု၊ ငွေတံဆိပ် ၄ ဆု၊ ကြေးတံဆိပ် ၃ ဆုဖြင့် ဒုတိယအဆင့် ရပ်တည်ခဲ့သည်။ ပြေးခုန်ပစ် အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံကမူ ရွှေ ၆၊ ငွေ ၆၊ ကြေး ၆ ဖြင့် တတိယနေရာသာ ရသည်။
အိမ်ရှင် တရုတ်နိုင်ငံကမူ ရွှေတံဆိပ် ၁ ဆုသာ ဆွတ်ခူးနိုင်ပြီး အဆင့် ၁၁ နေရာတွင် ရပ်တည်ခဲ့သည်။
ကမ္ဘာ့တံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲတွင် အာရှတိုက်မှ အိမ်ရှင် တရုတ်၊ ဂျပန်နှင့် ကာတာနိုင်ငံတို့ကသာ ဝင်ရောက် ယှဉ်ပြိုင်ကြဟန် ရှိသည်။ ယခင်က ကမ္ဘာ့အဆင့် ပြေးခုန်ပစ် ပြိုင်ပွဲများတွင် မြင်တွေ့ရလေ့သည့် မြောက်ကိုရီးယား၊ အိန္ဒိယ၊ အီရန် စသည့်နိုင်ငံများမှ ပြေးခုန်ပစ်သမားများ မတွေ့ရပါ။
တနိုင်ငံတည်းပဲ၊ သို့သော် အမှား
အရှေ့တောင်အာရှ ဒေသမှာလည်း ဒေသတွင်း၌ ပြေးခုန်ပစ် ချန်ပီယံ နိုင်ငံများ ဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ကြသည်ကို မတွေ့ရပါ။
စာရေးသူ ကြည့်လိုက်ရသည့် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံက အမျိုးသမီး မီတာ ၈၀၀ ပြေးပွဲတွင် ဝင်ပြိုင်သည်ကို တွေ့လိုက်ရသည်။ အမျိုးသမီး မီတာ ၈၀၀ ပြေးပွဲ လူရွေးပွဲအဆင့်မှပင် ထွက်ရသည်။
ဆီးဂိမ်းမှာပင် ရွှေတံဆိပ်မရသူကို ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဘာကြောင့် စေလွှတ်ယှဉ်ပြိုင်စေခဲ့သနည်းဟု မေးစရာ ဖြစ်နေသည်။ ပြေးခုန်ပစ် ပြိုင်ပွဲများတွင် စံချိန် (Record) ဟူ၍ရှိသည်။ စံချိန် ကွာလွန်းသောကြောင့် ထိုင်းတို့ ဗီယက်နမ် ပြေးခုန်ပစ်သမားများ ကမ္ဘာ့တံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်ခြင်း မရှိဟန်တူပါသည်။ အရှေ့တောင် အာရှဒေသ၏ အားကစား အဆင့်အတန်းကို လေ့လာလျှင် နွားခြေရာခွက်မျှသာ ရှိသည်။ အားကစား သမားများမှာလည်း နွားခြေရာခွက်ရေထဲမှ ငါး ဖားလောင်းမျှအဆင့်သာ ရှိသည်။ ဝါလုံးခေါင်းထဲတွင် မလင်းတလင်း သာနေသည့် ကြိုးတိုးကျဲတဲ လရောင်မှုန်ပြပြ အဆင့်သာ ရှိသည်။
ဆီးဂိမ်းတွင် ရွှေတံဆိပ်များများ ရရှိရေးကိုသာ ဦးစားပေးနေကြလျှင် အရှေ့တောင်အာရှဒေသ အားကစား အဆင့်အတန်းမှာ ကမ္ဘာ့အားကစား အဆင့်အတန်းနှင့် ကြာလေဝေးလေ ဖြစ်မည်မှာ လွန်စွာမှ သေချာနေကြောင်း သုံးသပ်ရပါသည် အားကစား ဝါသနာရှင် အပေါင်းတို့ခင်ဗျား။ ။