ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေသော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
“ဖြစ်စဉ်တွင် ပြောက်ကျား ယူနီဖောင်း ဝတ်ဆင်ထားသော သောင်းကျန်းသူ ၄၈ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဖွဲ့ခေါင်းဆောင်မှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း” ဟု မြဝတီ အွန်လိုင်း သတင်းတွင် ရေးသားထားသည်။
သင်တန်းပေးနေသူများသည် SSA-N ဝမ်ဟိုင်း ဌာနချုပ် တပ်မဟာ (၁) လက်အောက်ခံ တပ်အရာရှိများဖြစ်ကြောင်း၊ နယ်မြေခံ အစိုးရ စစ်ကြောင်းက ယင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး SSA-N ခေါင်းဆောင် တချို့လွတ်မြောက်သွားပြီး နှစ်ဦးကျဆုံးသွားကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူများအနက် တပ်ကြပ်ကြီး အဆင့်ရှိသူ အိုက်ရီ (ခေါ်) ရီဆာ အပါအဝင် စိုင်းဆမ်လှ၊ ကွန်ခမ်းနှင့် လှခိုင်တို့မှာ ဝမ်ဟိုင်း ဌာနချုပ်မှဖြစ်ကြောင်း၊ ကျန်တပ်ဖွဲ့ဝင် ၄၄ ဦးမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူနှင့် လားရှိုး အပါအဝင် မြို့/ရွာ ၇ ခုမှ အဓမ္မ လူသစ် စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။
နယ်မြေခံ အစိုးရစစ်တပ်နှင့် ရဲတပ်ဖွဲ့များက စုဆောင်းခံထားရသော တပ်ဖွဲ့ဝင် ၄၄ ဦးကို သက်ဆိုင်ရာ မိဘ၊ ဆွေမျိုးများနှင့် ဆက်သွယ်အကြောင်းကြားနေလျက်ရှိပြီး တရားဝင်လွှဲပြောင်း အပ်နှံပေးသွားမည်ဟုဆိုသည်။
၎င်းတို့ တပ်ဖွဲ့ဝင် ၄၈ ဦး အစိုးရ စစ်တပ်၏ ဖမ်းဆီးခံရမှု၊ နှစ်ဦး သေဆုံးမှု၊ တပ်သားစုဆောင်းမှုတို့ကို SSA-N ကလည်း မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် မြဝတီသတင်းစာ၌ ဖော်ပြသကဲ့သို့ တပ်သားစုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းခြင်းမရှိကြောင်း SSA-N ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ဧရာဝတီသို့ ပြောသည်။
“ဟုတ်တယ်၊ အဲဒီပုံစံပါပဲ။ သေတာက ၂ ယောက်လို့ပြောတာပဲ။ ဒါပေမယ့် အတင်းအဓမ္မ တပ်သား စုဆောင်းတာတို့ ဘာတို့က သူတို့ ကျနာ်တို့ကို စွပ်စွဲပြောဆိုနေကျစကားပဲ။ ကျနော်တို့ အပစ်ရပ်စဲထားတာတောင် ရန်သူသဘောမျိုး သောင်းကျန်းသူလို့တောင် အခေါ်အဝေါ်မျိုးနဲ့ သုံးထားတာကိုး” ဟု ဗိုလ်မှူး စိုင်းလှက ဆိုသည်။
ယခုအခါ SSA-N နှင့် အစိုးရတို့အကြား တရားဝင် အပစ်ခတ်ရပ်စဲထားပြီး အစိုးရအနေဖြင့် တိုင်းရင်းသား အားလုံး၏ ယုံကြည်မှုကို ရယူရန်လိုအပ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်ဆဲကာလတွင် ယခုကဲ့သို့ ပြဿနာမျိုးမလိုလားကြောင်း သူက ဆက်ပြောသည်။
SSA-N အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှုကိုသာ ရှေးရှုသွားမည်ဖြစ်ပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ လက်တုန့်ပြန်ခြင်း၊ အငြင်းပွားနေခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယခုဖြစ်ရပ်ကြောင့် အစိုးရနှင့် နှစ်ဖက်ဆွေးနွေးပွဲများ အပေါ် ထိခိုက်မှုရှိမည် မဟုတ်ဘဲ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့ကြောင်း သိရသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ်အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ယင်းသို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ယခု အောက်တိုဘာလထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။