ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်မှာ ဖေဖော်ဝါရီလ ၇ က ကျင်းပတဲ့ (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနားဟာ အရင်နှစ်တွေက လုပ်ခဲ့တဲ့ပွဲတွေထက်စာရင် အစည်ကားဆုံးဖြစ်တယ်လို့ ရှမ်းတပ်မှူးတွေနဲ့ တက်ရောက်လာတယ် ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဒေသအရပ်ရပ်ကလာတဲ့ လူထု ဧည့်ပရိသတ်တွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြသလို ဌာနချုပ်ကလည်း စစ်ရေးပြ အခမ်းအနားတွေကို အရင်နှစ်တွေကထက် အဆပေါင်းများစွာတိုးပြီး အင်အား ၅ ထောင်ကျော်အထိ အသုံးပြုခဲ့တဲ့အတွက် ဌာနချုပ်ရဲ့ စစ်ရေးပြကွင်းကြီးတခုလုံး ကြက်ပျံမကျ စည်းကားနေပါတယ်။
ဒါ့အပြင် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ရခိုင်ပြည်အမျိုးသား ညီညွှတ်ရေးပါတီ (NUPA) တို့က ကိုယ်စားလှယ်တွေလည်း အသီးသီး တက်ရောက်ကြပြီး ဂုဏ်ပြု သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ကြတာကို တွေ့ရပါတယ်။
ဒီနှစ်ပြုလုပ်တဲ့ အခမ်းအနားအတွက် SSA အနေနဲ့ ပြည်တွင်းပြည်ပ မီဒီယာတွေကိုလည်း တရားဝင် သတင်းယူနိုင်ဖို့ ဖိတ်ခေါ်ခဲ့သလို ဌာနချုပ်ရဲ့ နယ်မြေအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့်၊ သတင်းယူခွင့်တွေ၊ ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်း တင်ခွင့်တွေ ပေးခဲ့ပါတယ်။
အရင်နှစ်တွေက ဒါမျိုးတွေ ခွင့်ပြုခြင်းမရှိပေမယ့် ဒီနှစ်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးနောက်မှာ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးခဲ့တာလို့ SSA အရာရှိတွေက ပြောပါတယ်။
အရင်နှစ်တွေက လွယ်တိုင်းလျန်မှာ ကျင်းပတဲ့ “ရှမ်းပြည်အမျိုးသားနေ့” ကို လွတ်လွတ်လပ်လပ် တက်ရောက်ခွင့် မရှိတဲ့ မြန်မာနိုင်ငံအတွင်းက ဒေသဆိုင်ရာ ကိုယ်စားလှယ်တွေလည်း ဒီနှစ် အခမ်းအနားမှာ ပေါ်ပေါ်တင်တင် တက်ရောက် ခွင့်ရခဲ့တယ်လို့ ကာယကံရှင်တွေကလည်း ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ရွာသူ၊ ရွာသားတွေလည်း ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြတဲ့အတွက် ဌာနချုပ် အနေနဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေတင်မကဘဲ မြေလွတ်နေရာတွေမှာ ယာယီတည်းခိုဖို့ နေရာတွေ တော်တော်များများ ဆောက်လုပ်ပေးထားတာ တွေ့ရပါတယ်။
“ရှမ်းပြည်အမျိုးသားနေ့” အထိမ်းအမှတ်နေ့ကို ပြည်တွင်း၊ ပြည်ပက ရှမ်းအဆိုတော်တွေလည်း လာရောက် ဖျော်ဖြေကြပါတယ်။
တချို့ဒေသခံတွေကတော့ ဒီပွဲကို တက်ရောက်လိုကြပေမယ့် လမ်းခရီးမှာ အစိုးရအာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေရှိမှာ စိုးရိမ်စိတ်တွေ ရှိနေသေးတဲ့အတွက် မလာကြတာလို့ သိရပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေက တက်ရောက်လာတဲ့ သူတွေကတော့ စစ်ဆေးမေးမြန်းမှုတွေ မရှိဘူးလို့ပြောပါတယ်။
အခမ်းအနားမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ရဲ့ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က “ရှမ်းပြည်အမျိုးသားနေ့” လို့ စတင်သတ်မှတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ရှမ်းအမျိုးသား အားလုံး တစုတစည်းတည်း သွေးစည်းညီညွှတ်မှုကို ပြသခဲ့တဲ့ နေ့၊ ရှမ်းစော်ဘွားကြီးများနဲ့ ရှမ်းပြည်သူများ စုပေါင်းပြီး တညီတညွတ်တည်း ရှမ်းပြည်ကို အစည်းမပြေသော တိုင်းပြည်ကြီးအဖြစ် စတင်ထူထောင်ခဲ့သည့်နေ့ ဖြစ်တဲ့အတွက် မမေ့အပ်တဲ့ နေ့တနေ့ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။
“ရှမ်းပြည်အမျိုးသားနေ့” ကို အရင်နှစ်တွေက တရားဝင် လုပ်ခွင့်မပြုခဲ့ဘဲ ရှမ်းတိုင်းရင်းသားရိုးရာ ပဒေသကပွဲလို့သာ အမည်တပ် လုပ်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ တရာဝင် ကျင်းပခွင့်ရခဲ့ပြီဖြစ်လို့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ကျင်းပ ပြုလုပ်ခဲ့သလို ရှမ်းပြည်နယ်ထဲမှာရှိတဲ့ မြို့နယ်အများစုမှာလည်း ပြုလုပ်ခွင့်ရခဲ့ကြတယ်လို့ သိရပါတယ်။