ဆားဈေးနှုန်းကျဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဆားတောင်သူများ အရှုံးပေါ်နေကြပြီး ယခုကဲ့သို့ ဆားထုတ်လုပ်မှုလုပ်ငန်းအရှုံးပေါ်နေသည်မှာ ယခုနှစ် အပါအဝင် ၄ နှစ်ဆက်တိုက်ရှိပြီဖြစ်ကြောင်း ဆားတောင်သူများက ပြောသည်။
ဆားတောင်သူများမှာ ဆား ၁ ပိဿာအတွက် ထုတ်လုပ်မှုစရိတ် ၃၀ ကျပ်ခန့် ကုန်ကျနေသော်လည်း ဆားဈေးကွက်၌ ၁ ပိဿာလျှင် ၂၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိနေရာ ဆား ၁ ပိဿာရောင်းတိုင်း အနည်းဆုံး ၁၀ ကျပ် ခန့်အရှုံးပေါ်နေကြခြင်း ဖြစ်သည်။
“ဒီနှစ်ဆိုရင် ဆားက စံချိန်မီအောင်ထွက်တယ်လို့ ပြောလို့ရတယ်။ ဆားထွက်ပေမယ့် နောက်ပိုင်းကျတော့ ဈေးက တော်တော်လေး ကျသွားတယ်။ ဆားတောင်သူက တပိဿာမှာ အနည်းဆုံး ၃၀ ကျပ်လောက် အရင်းရှိတာကို ပေါက်ဈေး ၂၀ ဆိုတော့ ဆား ၁ ပိဿာ ရောင်းရင် အနည်းဆုံး ၁၀ ကျပ် ရှုံးနေတဲ့အနေအထား ရှိပါတယ်။ ဒီနှစ်ဆိုရင် ဆားတောင်သူတွေ အရှုံးပေါ်ခဲ့တာ ၄ နှစ်မြောက်ပေါ့”ဟု ငပုတောမြို့နယ် မကျည်းပင်ကျေးရွာအုပ်စုမှ ဆားတောင်သူ ဦးမျိုးမင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၌ နေလှန်းဆားချက်သည့်လုပ်ငန်းများကို နှစ်စဉ် အောက်တိုဘာလက စတင်လုပ်ကိုင်ကြပြီး ဇန်နဝါရီလတွင် ဆားကွင်းများမှ ဆားများထွက်ရှိလာကာ ဈေးကွက်သို့ တင်ပို့ရောင်းချလေ့ရှိကြသည်။
ဆားများ စတင်ထွက်ရှိသည့် ယခုနှစ်ဇန်နဝါရီလက ၁ ပိဿာလျှင် ၃၅ ကျပ်မှ ၄၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ယင်းဈေးနှုန်းအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ရာမှ ဧပြီလအလယ်ပိုင်း သင်္ကြန်ကာလအပြီးတွင် ၁ ပိဿာလျှင် ၂၅ ကျပ်ဈေးနှုန်းသို့ ရုတ်တရက်ထိုးကျသွားခဲ့သည်။ ထို့နောက် ဆားဈေးများ ဆက်လက်ကျဆင်းလာရာ မေလ ဒုတိယပတ်တွင် ၁ ပိဿာ ၂၀ ကျပ် ဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။
“အရောင်းအဝယ်က သင်္ကြန်နောက်ပိုင်းလောက်မှာ ဈေးကွက်ပျက်သွားတဲ့သဘော ဖြစ်သွားတယ်။ အခုလက်ရှိက ဆားကွင်းတွေ သိမ်းတဲ့အချိန်ဖြစ်တော့ ဆားဖိုသူကြီးတွေက အလုပ်သမားခရှင်းဖို့ ငွေလိုတော့ ရတဲ့ဈေးနဲ့ တွန်းရောင်းကြတယ်။ ငွေလိုလို့ ၁ ပိဿာ ၁၆ ကျပ်ဈေးလောက်နဲ့ ရောင်းနေရတဲ့ ဖိုသူကြီးတွေတောင် ရှိတယ်”ဟု ငပုတောမြို့နယ်မှ ဆားတောင်သူ ဦးအုန်းဝင်းက ပြောသည်။
ယခုနှစ်မှာ ရာသီဥတု ဖျက်ဆီးမှုမရှိသည့်အတွက် ဆားအထွက်နှုန်းတိုးလာချိန်တွင် ဆားကုန်သည်များက ဈေးကစားကာ တဖြည်းဖြည်း ဈေးနှိမ်ဝယ်ယူသည့်အတွက် ယခုလို အရှုံးပေါ်ကြခြင်းဖြစ်ကြောင်း ဆားတောင်သူများက တညီတညွတ်တည်း ပြောဆိုကြသည်။
“တောင်သူက ၃၅ ကျပ်လောက် ဈေးနှုန်းရမှ သူတို့အတွက် အနည်းအပါး ကျန်မယ်။ အလုပ်သမားခလေးလည်း ရှင်းပေးနိုင်မယ်။ အခုက ခေါက်ချိုးလောက်ရှုံးသွားတော့ ဆားတောင်သူတွေဟာ လာမယ့်နှစ်မှာ အလုပ်လုပ်ဖို့ အခက်အခဲအများကြီး ဖြစ်သွားတယ်”ဟု မျိုးရိုးစဉ်ဆက် ဆားဖိုသူကြီးလုပ်ကိုင်ခဲ့သူ ဦးအုန်းဝင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ငပုတောနှင့် လပွတ္တာမြို့နယ်တို့မှာ နေလှန်းဆားချက်လုပ်ငန်း အများဆုံး လုပ်ကိုင်သည့်ဒေသများဖြစ်ပြီး ဆားအများဆုံး ထွက်ရှိရာဒေသလည်း ဖြစ်သည်။ ဖျာပုံနှင့်မြောင်းမြမြို့နယ်တို့တွင်လည်း ဆားလုပ်ငန်းကို အနည်းအကျဉ်း လုပ်ကိုင်ကြသည်။
ဆားထုတ်လုပ်မှုလုပ်ငန်းများ နှစ်စဉ်အရှုံးပေါ်နေသည့်အတွက် မိမိတို့ဒေသတွင် ဆားကွင်းလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာနေကြောင်း ငပုတောမြို့နယ်မှ ဆားလုပ်ငန်းရှင် ကိုအောင်အောင်သန်းထိုက်က ပြောသည်။
“ကျနော်တို့အနီးနားတဝိုက်ဆိုရင် အရင်က ဆားဖိုသူကြီး ၁၅ ဦးလောက်ရှိတာ အခုဆို ကျနော်တို့အပါအဝင် ဆားလုပ်ငန်းလုပ်တာ ၃ ဦးပဲ ရှိတော့တယ်။ နှစ်တိုင်းရှုံးလာတော့ လူတွေက မလုပ်ချင်ကြတော့ဘူး”ဟု သူက ပြောသည်။
နေလှန်းဆားချက်လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ခိုင်မာသည့် ဆားဈေးကွက်တခု ဖန်တီးပေးရန်နှင့် အရည်အသွေးပြည့်မီသည့်ဆားများ ထုတ်လုပ်နိုင်ရန် ဆားတောင်သူများအား နည်းပညာအကူအညီပေးရန် လိုအပ်နေကြောင်း ဆားလုပ်ငန်းရှင် ဦးမျိုးမင်းက ၎င်းအမြင်ကို ပြောပြသည်။
လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ တိုက်ခတ်နေသည့် မဟာစင်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားအရောင်းအဝယ်များအားလုံး ရပ်တန့်နေကြောင်း သိရသည်။
“ခုလောလောဆယ် မုန်တိုင်းကြောင့် ရောင်းတဲ့လူလည်း ရပ်သွားပြီ။ ဝယ်တဲ့လူလည်း မရှိဘူး။ အရောင်းအဝယ် အားလုံး ရပ်နေတယ်”ဟု ဆားလုပ်ငန်းရှင် ဒေါ်ဌေးမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆားချက်လုပ်ငန်းများ လုပ်ကိုင်ကြပြီး ယင်းအနက် ဧရာဝတီတိုင်းဒေသကြီးမှာ ဆားအများဆုံး ထွက်ရှိရာဒေသ ဖြစ်သည်။