အစိုးရက လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် သဘာ၀ သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၊ စက်မှုလက်မှုနှင့် စီးပွားရေး လုပ်ငန်းများ၊ ပြည်သူများထံမှ အခွန်ငွေကျပ် ဘီလီယံ ၂၃၅၉ ကျော် ရရှိစေရန် တိုးမြှင့်ကောက်ခံသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ယခင်နှစ် အခွန်အကောက်ရငွေထက် ၅ ရာခိုင်နှုန်း ပိုမိုကောက်ခံမည်ဖြစ်ပြီး အထူးသဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကို တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က ဝင်ငွေခွန်မှ ရရှိငွေသည် ကျပ်သန်းပေါင်း ၆၈၅၃၇၂ ဒသမ ၃၈၂ (ကျပ်ငွေဘီလီယံ ၆၈၅) ကျော် ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်ကို ကျပ်သန်းပေါင်း ၁၀၆၄၉၃၂ ဒသမ ၇၂၉ (ကျပ်ငွေဘီလီယံ ၁၀၆၄ ကျော်) ကောက်ခံမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လာမည့်၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ နိုင်ငံတော်၏ အခွန်အကောက်ဆိုင်ရာ လျာထားချက်များကို ရှင်းလင်းပြောဆိုစဉ် ဦးဝင်းရှိန်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် ကျပ်ငွေ ဘီလီယံ ၃၇၉ ပိုမိုရရှိရန် ကောက်ခံမည့် ဝင်ငွေခွန်ကဏ္ဍတွင် ဝင်ငွေအတိုင်းအတာ မည်မျှတွင် အခွန်ရာခိုင်နှုန်း မည်မျှ ကောက်ခံမည်ကို အသေးစိတ် တိကျရေရာစွာ ရှင်းလင်းထားခြင်း မရှိသောကြောင့် တိုင်းပြည် စီးပွားရေး အပြောင်းအလဲတွင် ရုန်းကန်နေရသော အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ လူလတ်တန်းစား ပညာတတ်များနှင့် အခြား ကာယ ဉာဏ လုပ်သားများအတွက် ဝန်ထုတ်ဝန်ပိုး ပိုမို ပိမည်ကို စိုးရိမ်ရသည်။
ထို့ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဦးဝင်းရှိန်က ယခင်စစ်အစိုးရလက်ထက် မည်သည့်အခါမျှ ထင်သာမြင်သာ မရှိခဲ့သည့် စွမ်းအင်ဝန်ကြီးဌာနနှင့် သတ္တုတွင်းဝန်ကြီးဌာနကို နိုင်ငံတော်၏ အခွန်အကောက်ဖွဲ့စည်းပုံတွင် ထည့်သွင်းရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ပြောဆိုသောကြောင့် ယခု လာမည့် ဘဏ္ဍာနှစ်အတွက် ယင်းကဏ္ဍများမှ အခွန်ငွေ မရနိုင်သေးဟု ဆိုလိုရာရောက်ပေသည်။
သို့ရာတွင် နိုင်ငံတော်ဘဏ္ဍာဆိုင်ရာ မူဝါဒတစ်ရပ် အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အကောင်းမြင်သည်။
“စစ်အစိုးရ လက်ထက် တလျှောက်လုံးမှာ ရေနံ၊ သဘာဝဓာတ်ငွေ့က ရတဲ့ ဝင်ငွေ၊ သဘာ၀ သယံဇာတ တူးဖော်ရေးလုပ်ငန်းက ရတဲ့ဝင်ငွေတွေကို ထင်သာမြင်သာ မရှိဘဲ သုံးစွဲခဲ့တာတွေချည်းပဲ။ အခု ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အခွန်ငွေအဖြစ် ဒီဝင်ငွေတွေကို စာရင်းသွင်းတော့မယ် ဆိုတာ ထင်သာမြင်သာ ရှိလာတော့မယ်။ နောက်နှစ်ဆိုရင် အဲဒီဌာနတွေက ဘယ်လောက် ဝင်ငွေရတယ်ဆိုတာ သိလာရတော့မှာမယ်။ ဒါက တကယ့်ကို အချိုးအကွေ့ အပြောင်းအလဲကြီး တခုပဲ” ဟု ဦးကြည်မြင့်က ဆိုသည်။
အစိုးရက အခွန်ငွေ တိုးမြှင့်ကောက်ခံရာတွင် ပြည်သူများ၏ လူမှုဘ၀ တိုးတက်ရေးကို ရည်ရွယ်သော စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ တိုင်းပြည်တည်ဆောက်ရေး ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်ရန်ဆိုသော ရည်ရွယ်ချက်များ ပါရှိသင့်ကြောင်း၊ အစိုးရ အသုံးစရိတ်လိုငွေပြတိုင်း အခွန်တိုးကောက်မှုများ မလုပ်သင့်ကြောင်း၊ ထို့ပြင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုးရေးရှင်ကဲ့သို့သော စီးပွားရေးအဖွဲ့အစည်းများနှင့် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့်နီးစပ်သော ခရိုနီစီးပွားရေးကုမ္ပဏီများကိုလည်း အခွန်တိုးမြှင့်ကောက်ခံရမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောဆိုသည်။
ရန်ကုန်အဝေးသင်တက္ကသိုလ် အငြိမ်းစား ဘောဂဗေဒ ပါမောက္ခဟောင်း ဒေါက်တာမောင်မောင်စိုးကမူ အစိုးရသည် ကာကွယ်ရေး စရိတ်၊ ကျဉ်ကာကားနှင့် မော်တော်ကားသစ်များ ဝယ်ယူခြင်း အစရှိသည့် အစိုးရ အသုံးစရိတ်များကို လိုအပ်သည်ထက် ပိုမိုသုံးစွဲထားကြောင်း၊ အစိုးရ အသုံးစရိတ်လိုအပ်တိုင်း အခွန်တိုးမြှင့်ကောက်ခံခြင်းများ မပြုလုပ်သင့် ကြောင်း ပြောသည်။
“ကျဉ်ကားငါးစီးနဲ့ မော်တော်ကားသစ်တွေ ဝယ်ဖို့ ကျပ်သန်း ၁၈၀၀ ကျော် သုံးမယ်၊ ကာကွယ်ရေးအသုံးစရိတ်အတွက် ငွေကျပ်ဘီလီယံ ၂၀၅၀ ဒသမ ၆ ဘီလီယံ သုံးမယ်။ ဒီလို အသုံးစရိတ်တွေက ထပ်ပြီး လျော့လို့မရဘူးလား။ တကယ်တော့ အခွန်ကောက်တယ်ဆိုတာ ပြည်သူလူထုရဲ့ဘ၀ အဆင့်အတန်း မြင့်မားရေးကို ဖြစ်ပေါ်စေနိုင်တဲ့ စီးပွားရေးစနစ်ဖြစ်ထွန်းဖို့ ကောက်တဲ့ အခွန်စနစ်မျိုး ဖြစ်သင့်တယ်။ ပိုက်ဆံလိုတိုင်း အခွန်ကောက်နေရင် ဓားပြ ဆက်ကြေး ကောက်သလိုဖြစ်နေ မှာပေါ့” ဟု ဆိုသည်။
အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်တွင် မားစီဒီးကျဉ်ကာ ကား ၅ စီးဝယ်ရန် ကျပ် ၄၁၈၄ ဒသမ ၆ သန်း၊ တိုယိုတာ Camry XLE ကားစီးရေ ၅ဝ ဝယ်ယူရန် ကျပ် ၄ဝ၆၆ ဒသမ ၂၅ သန်း၊ မားစီဒီး Pullmanအမျိုးစား ကားစီးရေ ၂ စီး ဝယ်ယူရန် ကျပ် ၁ဝ၅၇ ဒသမ ၈၂၅ သန်း၊ မားစီဒီး S350 Bluetec အမျိုးအစားကားစီးရေ ၄ဝ ဝယ်ရန် ကျပ် ၇ဝ၇ဝ ဒသမ ၈ သန်းနှင့် အော်ဒီ A-6 အမျိုးအစား ကားစီးရေ ၃ဝ ဝယ်ယူရန် ကျပ် ၂ဝ၉၁ ဒသမ ဝ၂၉ သန်း စုစုပေါင်း ၁၈၄၇ဝ ဒသမ ၅ဝ၄ သန်း အသုံးပြုမည်ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း မော်တော်ကားဝယ်ယူရန် ကျပ်သန်း ၁၃၈၃၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် မော်တော်ကားအသုံးစရိတ် ကျပ် ၁၅၂၁၅ ဒသမ ၃ သန်း အသုံးပြုရန်လျာထားကြောင်း အစိုးရက လွှတ်တော်ကိုယ်စားလှယ်များ ထံဖြန့်ဝေထားသော စာရင်းဇယားများအရ သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်အဖြစ် ကျပ်ငွေ ၂၀၅၀ ဒသမ ၆ ဘီလီယံ အသုံးပြုမည်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းနီးပါးအသုံးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး အဆိုအရ ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်က အခွန်ငွေ ကျပ်သန်းပေါင်း ၁၈၉၇၉၅၉ ဒသမ ၂၃ (ကျပ်ဘီလီယံ ၁၈၉၇ ကျော်) ကောက်ခံခဲ့ပြီး ယခုလာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက်မူ အခွန်ငွေ ကျပ်သန်းပေါင်း ၂၃၅၉၄၄၅ ဒသမ ၀၇ (ကျပ်ဘီလီယံ ၂၃၅၉ ကျော်) ရရှိစေရန် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ထက် ကျပ် သန်းပေါင်း ၄၆၁၄၈၅ ဒသမ ၈၃၃ ပိုမို တိုးမြှင့် ကောက်ခံသွားမည် ဖြစ်သည်။
အစိုးရက ကောက်ခံမည့် အခွန် ၁၄ မျိုးရှိပြီး ယစ်မျိုးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ သွင်းကုန် လိုင်စင်အခွန်အခများ၊ အောင်ဘာလေ သိန်းဆုခွန်၊ သယ်ယူပို့ဆောင်ရေး အခွန်၊ တံဆိပ်ခေါင်းခွန် ၊ ဝင်ငွေခွန်၊ အကောက်ခွန်၊ မြေခွန်၊ ရေခွန်၊ တာတမံခွန်၊ သစ်တောခွန်၊ ဓာတ်သတ္တုခွန်၊ အင်းအိုင်ခွန်၊ ကြက်ပေါင်စေးခွန် တို့ဖြစ်ကာ ပြည်ထောင်စုဝန်ကြီးဌာန ၇ ခု လက်အောက်ရှိ ဦးစီးဌာန ၁၁ ခုတို့က စီမံကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရဝန်ကြီးဌာန ၇ ခုက အခွန် ၁၄ မျိုးကောက်ခံရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၅၃၀ ဒသမ ၈၉၈၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၃၇၈၄၅ ဒသမ ၂၃၀၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ကျပ်သန်းပေါင်း ၆၀၀၀ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၄၇၅၀ ၊ ပတ်ဝန်းကျင်နှင့်သစ်တော ထိန်းသိမ်းရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၂၂၁၄ ဒသမ ၀၄၇၊ လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၁၁၀၄ ဒသမ ၈၉၆ ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ကျပ်ငွေ ၂၃၀၇ ဘီလီယံ အသီးသီး အခွန်ငွေများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရအနေဖြင့် ပြည်သူများကိုယ်တိုင် အခွန်ဆောင်သော စနစ်၊ အခွန်ဆိုင်ရာ မူဝါဒများ ပြောင်းလဲခြင်း အပါအဝင် အခွန်အကောက်ဆိုင်ရာ မူဝါဒများ ပြောင်းလဲရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဝန်ကြီးဦးဝင်းရှိန်၏ အဆိုအရ သိရှိရသည်။