ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ပြဿနာများကို ပူးတွဲဖြေရှင်းနိုင်ရန် ထိုင်းနယ်စပ်ရေးရာ တာဝန်ရှိသူများနှင့် မြဝတီခရိုင်မှ အစိုးရတပ် ခေါင်းဆောင်များ အင်္ဂါနေ့က မဲဆောက်မြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ထိုင်းဘက်မှ ထိုင်း-မြန်မာနယ်စပ် ကော်မတီ ဥက္ကဋ္ဌ၊ အမှတ် (၄) ဒေသ ကွပ်ကဲရေးတာဝန်ခံ ဗိုလ်မှူးကြီး အူကရစ် နို့ခမ်းဟင်နှင့် မြန်မာဘက်မှ မြဝတီမြို့ နယ်စပ်ရေးရာ ယာယီတာဝန်ခံ ဗိုလ်မှူး ဖြိုးဝေအောင်တို့ ဦးဆောင် တက်ရောက် တွေ့ဆုံခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူ တဦးက ဧရာဝတီသို့ ပြောသည်။
နှစ်နိုင်ငံ အာဏာပိုင်းများအနေနှင့် နယ်စပ်တွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာများ၊ နှစ်နိုင်ငံ အငြင်းပွားနေသည့် ရေလယ်ကျွန်းကို ရှင်းလင်းရေး လုပ်ရန်ကိစ္စနှင့် ကူးစက်ရောဂါများ တားဆီးရေး ကိစ္စတို့ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
တခြား ရာဇဝတ်မှုများနှင့် တရားမဝင် လူဝင်မှု ပြဿနာများကို ပူးပေါင်း၍ လုပ်ဆောင်မည့် ကိစ္စများလည်း ဆွေးနွေးကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များဘက်က ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုသော အချက်များကိုလည်း မြန်မာ အစိုးရဘက်က အတတ်နိုင်ဆုံးလိုက်လျောပေးမည် ဖြစ်ကြောင်း ဗိုလ်မှူး ဖြိုးဝေအောင်က ပြောကြားသည်ဟု Nation Channel အွန်လိုင်း အင်တာနက်စာ မျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။
ဗိုလ်မှူး ဖြိုးဝေအောင်က နှစ်နိုင်ငံ နယ်စပ် စီးပွားရေးနှင့် မူးယစ်ဆေးဝါး ကိစ္စများကိုလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ပြောဆိုကြောင်း ၎င်းသတင်းတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် မြို့နယ် ၆ မြို့နယ် ရှိသည့် အနက် အုန်းဖန်၊ ဖုဖ္ဖရ၊ မဲဆောက်၊ မယ်လမတ်နှင့် ထာ့ဆောင်ရမ်း ၅ မြို့နယ်မှာ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့ စသည့် မြို့နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။
ဤအတောအတွင်း နယ်စပ်ဒေသ နယ်မြေအငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း ခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာ နိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများကို အစိုးရစစ်တပ်က ဖမ်းဆီးထားပြီး ယမန်နေ့အထိ မိသားစုဝင်များ သွားရောက်တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။
ထိုင်းသတင်းများ၏ အဆိုအရ ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအဝင် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံဖော်မြို့နယ်များမှ ထိုင်းမိသားစုဝင်များ သွားရောက်နေထိုင်ကြပြီး ခန့်မှန်ခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း သိရသည်။
မြန်မာအစိုးရတပ်က ဖမ်းဆီးထားသော ထိုင်းနိုင်ငံသားများကို တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်ရန် လုပ်ဆောင်နေပြီး
ထိုင်းနိုင်ငံသားများကို ကော့သောင်းမြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရနောင်းမြို့နယ် နယ်စပ်ရေးရာ တာဝန်ရှိသူတဦးက သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။
ဖမ်းဆီးခံရသူများကိုလည်း မြန်မာအစိုးရက အစားအသောက်နှင့် အသုံးဆောင် အဝတ်အစားများကို ကူညီပေးထားကြောင်း ၎င်းက ဆိုသည်။
ထိုင်းသတင်းများ အဆိုအရ ယင်းဒေသကို ထိုင်းနိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြသော်လည်း မြန်မာအာဏာပိုင်များဘက်က တရားဝင် တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။
ထိုင်းအမျိုးသားများနေနှင့် ယင်းဒေသတွင် အသုံးပြုနေသည့် မြေသယ် မြေတူးစက် ကား ၅ စီး၊ ရော်ဘာပင် ဧက ၁၅၀၀၊ မော်တော် ဆိုင်ကယ်များ၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါး (ဆေးခြောက်ပင်) များကို သိမ်းဆည်းထားကြောင်း သိရသည်။
မကြာသေးမီရက်ပိုင်းတွင်းကလည်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်သို့ မြန်မာဘက်မှ ဝင်ရောက်လာသော မူးယစ်မှောင်ခို ဂိုဏ်းဝင်များဟု ယူဆရသူများနှင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၇ ယောက်ကို အသေ ဖမ်းဆီးမိကြောင်း၊ စိတ်ကြွဆေးပြား ၅ သိန်း ၂ သောင်း၊ “ရေခဲ” ခေါ် ဆေးခဲ ၇၀ ကီလိုဂရမ် (၁၅၄ ပေါင်) ကို ဖမ်းဆီးမိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။