ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီ မြို့နယ်ရှိ ဆဲမ်ဆမ် လှေဆိပ်တွင် ရေလုပ်သားများအဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံ သား ၂၈ ဦးကို ထိုင်း အာဏာပိုင်များက မကြာသေးခင်ရက်ပိုင်းက သွားရောက်ကယ်တင်ခဲ့သည်။
ရောင်းစားခံရသည့် မိသားစုဝင် တဦး၏ တိုင်ကြားချက်အရ ပြီးခဲ့သည့် တပတ် ၂၆ ရက်နေ့က ဆဲမ်ဆမ် လှေဆိပ်မှ လှေများကို ထိုင်းအထူး စုံစမ်း စစ်ဆေးရေး ဌာန(DSI) က ဝင်ရောက် စီးနင်း၍ ကယ်တင်ခဲ့ကြောင်း ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ် သမားအခွင့်အရေး မြှင့်တင်မှု ကွန်ရက် (LPN) အဖွဲ့မှ ကိုမြင့်ထွန်းက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံသား ၂၈ ဦးနှင့် စပ်ဆက်၍ လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ယူဆရသော မွန်တိုင်းရင်းသား အသက် ၄၀ ခန့်ရှိ ဦးဝင်း ဆိုသူကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားပြီး ပြန်လည်လွတ်မြောက်လာသူများကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ၎င်းက ပြောဆိုသည်။
လူကုန်ကူးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသည့် မွန် တိုင်းရင်းသား ဦးဝင်းနှင့် လှေပိုင်ရှင်တို့ကို ထိုင်းအာဏာပိုင်များက စစ်ဆေးမှု များပြုလုပ်သွားမည်ဟု ဆိုသည်။
ရောင်းစားခံရသူများတွင် အသက် ၁၆ နှစ် အရွယ် ကလေးတဦး ပါဝင်ပြီး ကျန်သူများမှာ အသက် ၂၀ ကျော်များ ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လကလည်း ယင်း ဆဲမ်ဆမ် လှေဆိပ်တွင် ရောင်းစားခံရပြီး ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသား ၁၁ ဦး ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ကယ်တင်ခဲ့သည်။
ထိုင်းနိုင်ငံအတွင်း အမျိုးသားများသာမက အမျိုးသမီးများကိုလည်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်း စားမှုများလည်း ရှိကြောင်း သိရသည်။
မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအဝင် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်း သတင်း များအရ သိရသည်။
သို့သော် မြန်မာပြည်သားအများစုသည် ပွဲစားများကို အားကိုး၍ ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ်အဆေးများကြားမှ နေ့စဉ် ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့်မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား၂ သန်းခွဲမှ ၄ သန်း ဝန်းကျင် ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ အစည်းများက ခန့်မှန်းထားသည်။