ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အနှိပ်ခန်းတခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ် လုပ်နေရသည့် အသက် ၁၉ နှစ်အရွယ် မြန်မာ မိန်းကလေး ၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်လိုက်သည်။
ရောင်းစားခံထားရသူများ၏ တိုင်ကြားချက်အရ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Human Trafficking Division – AHTD) က သွားရောက် ကယ်တင်ခဲ့ကြောင်း Krobkruakao ဝက်ဘ်ဆိုက်တွင် ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။
ယင်း မြန်မာမိန်းကလေးများသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပလန် ၉ ဒေသရှိ စက်ချုပ်အလုပ်ရုံတခုတွင် အလုပ်ရမည် ဆိုသောကြောင့် ပွဲစားဖြင့် ချင်းမိုင်မှတဆင့် ရောက်လာကြပြီး ယင်းသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း၊ ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၂ ဦးသည် မန္တလေးမြို့မှ ဖြစ်ကြောင်း သိရသည်။
ထိုင်းသတင်းများအရ မြန်မာ မိန်းကလေး ၂ ဦးအပြင် ရောင်းစားခံထားရသည့် ထိုင်းအမျိုးသမီး ၅ ဦးကိုလည်း ကယ်တင်ခဲ့ပြီး လတ်တလော ပြန်လည် လွတ်မြောက်လာသူများကို ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားကြောင်း သိရသည်။
လူကုန်ကူးမှုနှင့် ပတ်သက်သည့်ဟု ယူဆရသော Mrs. Pairin နှင့် Mr. Charin တို့ကိုထိုင်းရဲများက ဖမ်းဆီးထားကြောင်း ချင်းမိုင်မှ လူပွဲစားမှာ Ms Gaew ဆိုသူ ဖြစ်ကြောင်း သိရသည်။
Mrs. Pairin နှင့် Mr. Charin တို့ကို ဖမ်းဆီးပြီးနောက် လိင်ဖျော်ရေးလုပ်ငန်း ခိုင်းစေခံထားရသည့် အသက် ၁၅ နှစ်အရွယ် မြန်မာ မိန်းကလေးတဦးကိုလည်း ထိုင်းအာဏာပိုင်များက ကယ်တင်လိုက်ကြောင်း သိရသည်။
ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းကလည်း ကန်ချနဘူရီမြို့ရှိ တည်းခိုခန်းတခုသို့ ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေး အလုပ်လုပ်နေသည့် မြန်မာ မိန်းကလေး ၄၂ ဦးကို ထိုင်းအာဏာပိုင်များက ကယ်တင်ခဲ့သေးသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်းအလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သတင်းများအရ သိရသည်။
သို့သော် မြန်မာပြည်သား အများစုသည် ပွဲစားများအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီး အစစ်အဆေးများကြားမှ နေ့စဉ်ကဲ့သို့ ဝင်ရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လမှစတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကို ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နှင့် တာချီလိတ်မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြဝတီ မို့၌ ယခုနှစ် မကုန်ခင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။
ဂရမ်မီဆုရှင် ကမ္ဘာကျော် အဆိုတော် ဂျေဆင် မာ့ဇ် (Jason Mraz) သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ လာမည့်လအတွင်း လာရောက်လည်ပတ်ကာ ဖျော်ဖြေမည့် အစီအစဉ်ရှိသည်။
မြန်မာနိုင်ငံတွင်လည်း လူသိများသော ဂျေဆင် မာ့ဇ်သည် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ခြေရင်းရှိ ပြည်သူ့ရင်ပြင်တွင် အခမဲ့ ဖျော်ဖြေပွဲ ကျင်းပမည်ဖြစ်ကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် သတင်းစကားပါးမည်ဟု သိရသည်။
အဆိုတော် ဂျေဆင် မာ့ဇ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများကို လွန်ခဲ့သည့် ၄ နှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့သည်။