ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အာဏာအလွဲသုံးစားမှုများ အပါအဝင် မတရားမှုများကို တိုင်ကြားနိုင်ကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ပြောသည်။
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ ရုံးခန်း တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ငြိမ်းက ဧရာဝတီသတင်းဌာန၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဧရာဝတီသတင်းဌာနက အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ အနေဖြင့် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရက ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ အာဏာ အလွဲသုံးစားပြုမှုများနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများကို ခံစားခဲ့ရသော ပြည်သူများက တိုင်ကြားလာပါက အရေးယူ ဆောင်ရွက်ပေးရန် ရှိ၊ မရှိ မေးမြန်းရာ ဦးအောင်ငြိမ်းက ကော်မတီအနေဖြင့် ယခင်အစိုးရ၊ ယခုအစိုးရ မခွဲခြားဘဲ ပြည်သူတို့၏ တိုင်ကြားစာတိုင်းကို လက်ခံအရေးယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
“ယခင်အစိုးရလက်ထက်က အမှုတွေလည်း ကျနော်တို့ဆီတင်ပါတယ်။ တိုင်ပါတယ်။ တိုင်တဲ့အခါ ဥပဒေနဲ့အညီ ကော်မတီနဲ့ ညှိုနှိုင်းဆုံးဖြတ်ပြီးမှ ဥက္ကဋ္ဌဆီ တင်တယ်။ အရင်အစိုးရလက်ထက်က အမှုဖြစ်သော်လည်း ကျနော်တို့ ကိုင်တွယ်ဖြေရှင်းပြီးတော့ အစိုးရအဖွဲ့ကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်အောင် ပေးပို့လျက် ရှိပါတယ်” ဟု ဦးအောင်ငြိမ်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ယခင်အစိုးရ ဆောင်ရွက်ချက်များအပေါ် မူတည်ပြီး တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ၊ နောက်ကြောင်းပြန် အာဏာ သက်ရောက်မှု မရှိစေရ ဟုပြဋ္ဌာန်းချက်ရှိသော်လည်း အဆိုပါပြဋ္ဌာန်းချက်သည် ပြည်သူများ၏ တိုင်ကြားစာများနှင့် ရောထွေးပတ်သက်ခြင်းမရှိဟု ဦးအောင်ငြိမ်းက ဆိုသည်။
“အခုက ပြည်သူတဦးချင်း တိုင်ကြားတာဖြစ်တဲ့အတွက် နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဆိုတာနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ တိုင်ကြားစာတွေမှာ ယခင်အစိုးရလက်ထက်က တိုင်ကြားစာတွေ လည်းရပါတယ်။ အဲဒါတွေကိုပဲ ဖြေရှင်းနိုင်အောင် ပေးပို့လျက်ရှိပါတယ်။ နောက်ကြောင်းပြန် မရှိစေရဘူးဆိုတာက တိုင်ကြားတဲ့အမှုတွေနဲ့ မရောထွေးဘူးလို့ ထင်ပါတယ်” ဟု ဦးအောင်ငြိမ်းက ရှင်းပြပြီး လက်ခံရရှိသော ယခင် စစ်အစိုးရလက်ထက် တိုင်ကြားချက်များမှာ မြေသိမ်းမှုများဟု ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၄ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက် ပုဒ်မ ၄၄၅ မှာ အစိုးရသစ်အနေနဲ့ ယခင်အစိုးရ ထုတ်ပြန်ထားတဲ့ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ပြန်တမ်း၊ ကြေညာချက်၊ ဆောင်ရွက်ချက်၊ တာဝန်တွေ၊ ရပိုင်ခွင့်များကို ဆက်ခံရမည်ဖြစ်ပြီး ယခင်အစိုးရအဖွဲ့၊ အဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြု တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟု တရားဝင်ပြဋ္ဌာန်းထားသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဦးသိန်းညွှန့်ကမူ စစ်အစိုးရလက်ထက် ဥပဒေချိုးဖောက်မှုများကို အရေးယူရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယခင်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် တိကျစွာ ကာကွယ်ထားပေးပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၅ မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ဖွံ့ဖြိုးရေးကောင်စီထုတ်ပြန်ထားတဲ့ အမိန့်၊ မူဝါဒ၊ လမ်းညွှန်မှု၊ ဥပဒေ၊ ကြေညာချက်တွေကို အခု သမ္မတ ဦးသိန်းစိန်အစိုးရက ဆက်ခံတယ်။ ဟိုတုန်းက နဝတ၊ နယကအဖွဲ့ဝင်တဦး၊ အစိုးရအဖွဲ့ဝင်တဦးရဲ့ ဆောင်ရွက်ချက်အပေါ် အကြောင်းပြုလို့ တရားစွဲလို့ အရေးမယူရဆိုပြီး အခြေခံဥပဒေပြဋ္ဌာန်းချက်က အတိအလင်းပါတယ်။ အခု ပြောဆိုနေတာတွေက အဲဒီအခြေခံဥပဒေကို ကျော်သွားနိုင်သလား ဆိုတာက ပြောတဲ့သူကို လေ့လာဖို့လိုတယ်။ ဒီပုဒ်မရှိနေတဲ့အတွက် အရင်အစိုးရရဲ့ ဥပဒေပြုကျင့်မှုတွေကို တိုင်ကြားနိုင်တယ်ဆိုတာက စကားအရာသာ ဖြစ်ချင်ဖြစ်မယ်၊ တကယ ်လက်တွေ့ ဆောင်ရွက်ဖို့ မလွယ်ပါဘူး” ဟု ဦးသိန်းညွှန့်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ တောင်ဥက္ကလာပမြို့နယ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစောနိုင်ကမူ ယခင်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့ပြုကျင့်မှုများကို အရေးယူနိုင်သည်ဆိုပါက လက်တွေ့လုပ်ဆောင်ပြသရန် လိုအပ်သည်ဟု ပြောသည်။
“တိုင်ကြားနိုင်တယ် ဆိုတာက အရေးယူမယ်လို့ ပြောတာမှ မဟုတ်တာ။ တိုင်လို့ရတယ်။ အရေးယူတာ မယူတာကတော့ သူမသိဘူးလို့ ဆိုတဲ့ပုံစံပေါ့။ တိုင်ရင် လက်ခံမယ်၊ အရေးယူတာမျိုး လုပ်မယ်လို့မှ အတိအကျ ပြောမသွားတာ။ ပြီးစလွယ် ဖြေသွားတယ်လို့ပဲ မြင်တယ်” ဟု ဒေါက်တာစောနိုင်က ဆိုသည်။
ယခင် စစ်အစိုးရလက်ထက် လယ်သိမ်းမှုများနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေများ အနက် အသုံးပြုခြင်း မရှိသေးသည့် မြေယာများကို တောင်သူ လယ်သမားများသို့ ပြန်လည်ပေးအပ် သွားမည် ဟု ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်းအနားတွင် ပြောဆိုသွားခဲ့ကြောင်း သိရပြီး ယင်းကိစ္စအပေါ် သမ္မတ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က အတည်ပြုသော်လည်း သိမ်းဆည်းထားသည့် လယ်ယာမြေ များကို ပြန်ပေးအပ်နိုင်မည့် အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ငြိမ်းက ကော်မတီဖွဲ့စည်းချိန်မှ စတင်ပြီး ပြည်သူတို့၏ တိုင်စာပေါင်းများစွာရရှိထားပြီး ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများထံ ပြန်လည်လွှဲပြောင်းပေးပို့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပြည်သူ့တိုင်ကြားစာ ၁၆၇ စောင်ကို သက်ဆိုင်ရာထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်စာ ၇၃ အပေါ်ကိုသာ သက်ဆိုင်ရာ စိစစ် အရေးယူ အကြောင်းပြန်လာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြည်သူ့တိုင်ကြားစာ ၃၆၀ ကို သက်ဆိုင်ရာထံ လွှဲပြောင်း ပေးပို့ခဲ့ပြီး ယင်းတိုင်စာများအနက်မှ အမှု ၃၃ ခုကို ပြန်ကြားပြီး ၃၂၇ မှု အပေါ် အကြောင်းပြန်ကြားချက် မရရှိဟု ရှင်းလင်းပြောဆိုသည်။
တိုင်ကြားစာများအပေါ် အရေးယူဆောင်ရွက်မှု နည်းပါးရခြင်း၏ အကြောင်းအရင်းများတွင် လက်ရှိအချိန်အထိ အစိုးရ အုပ်ချုပ်ရေးယန္တရားသည် ယခင် အစိုးရခေတ်ကဲ့သို့ပင် အမူအကျင့်များ ကျင့်သုံးနေမှုက အဓိက အချက်တချက်အဖြစ် သုံးသပ်တွေ့ရှိရကြောင်း၊ အဆင့်ဆင်ေ့သာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသည် သမ္မတဦးသိန်းစိန်၏ လမ်းညွှန်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ ခေတ်ပြောင်း စနစ်ပြောင်းနေသော်လည်း ယင်းတို့၏ စိတ်ဓာတ်၊ လုပ်ရပ်များ၊ လုပ်ကိုင်ဆောင်ရွက်မှုများ မပြောင်းလဲကြဘဲ ယခင်အတိုင်း ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရသည်ဟု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။