သမ္မတ ဦးသိန်းစိန် ဖေဖော်ဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နော်ဝေနိုင်ငံကို လာမယ်လို့ စနေနေ့ထုတ် နော်ဝေးနိုင်ငံ VG သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
မြို့တော်အော်စလိုမှာ အချိန်အများဆုံး ပေးသွားမယ့် ခရီးစဉ်အတွင်း နော်ဝေဘုရင်နဲ့ အစိုးရအဖွဲ့အပြင် စီးပွားလုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ နော်ဝေက ဆက်သွယ်ရေး နည်းပညာကုမ္မဏီတွေကို လေ့လာကြည့်ရှုပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ တွေ့မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံက တယ်လီနော် (Telenor) တယ်လီဖုန်း ကုမ္မဏီဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ မနှစ်ကတည်းက မြန်မာတာဝန်ရှိသူတချို့နဲ့ ဆွေးနွေးထားပါတယ်။
မကြာသေးမီ ရက်ပိုင်းက နော်ဝေနိုင်ငံက မြန်မာအပေါ် တင်ရှိတဲ့ကြွေးမြီ နော်ဝေခရိုနာ ၃.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၃၄ သန်း) ကို လျှော်ပစ်လိုက်ပါတယ်။ ဒါဟာ နော်ဝေနိုင်ငံရဲ့ ဖံွဖြိုးဆဲနိုင်ငံတွေအပေါ် တင်ရှိတဲ့ ကြွေးမြီတွေ လျှော်ပစ်တဲ့သမိုင်းမှာ အများဆုံး ဖြစ်ပါတယ်။
နော်ဝေနိုင်ငံဟာ လူသားချင်း စာနာထောက်ပံ့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးဖြစ်စဉ်တွေမှာလည်း ကူညီဆောင်ရွက်နေပါတယ်။
နော်ဝေ၀န်ကြီးချုပ်ဟောင်း ဘွန်ဒယ်ဘစ်ဦးဆောင်ပြီး မနှစ်က ဇွန်လမှာ ဖွဲ့ထားတဲ့ နော်ဝေနိုင်ငံအခြေစိုက် အောင်ဆန်းစုကြည် လွတ်မြောက်ရေးဖောင်ဒေးရှင်း (Aung San Suu Kyi’s Freedom Foundation) အဖွဲ့ကလည်း မြန်မာနိုင်ငံ အင်းလေးဒေသအတွင်း အဆင့်မြင့်ဟိုတယ် ဆောက်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေကြောင်းလည်း သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည် နာယကအဖြစ် ဆောင်ရွက်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၅ ရက် မှာလည်း ၈ လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့လည်း ၄ ရက်ကြာ နော်ဝေနိုင်ငံကို အလည်အပတ် ရောက်လာပါလိမ့်မယ်။
မနှစ်က ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူသွားခဲ့ပါတယ်။