မြန်မာနိုင်ငံရေး အခြေအနေ ဘယ်လို ရှိသလဲ။
ထိုမေးခွန်းကို မကြာခဏ ကျနော် အမေးခံရသည်။ ထိုင်နေကျ လက်ဘက်ရည် ဆိုင်ပိုင်ရှင်က ဖြစ်စေ၊ မိတ်ဆွေ တချို့က ဖြစ်စေ၊ လမ်းတွင်ငှားစီးသည့် တက္ကစီ ကားဒရိုင်ဘာက ဖြစ်စေ၊ ထိုသို့ မေးလေ့ရှိကြသည်။။ မေးသူများထဲတွင် ကျောင်းသား၊ ရုံးစာရေးမှအစ ခေါင်းရွက် ဗျတ်ထိုးဈေးသည် အထိ ပါဝင်သည်။ မြန်မာနိုင်ငံရေး ရုတ်ရုတ်သဲသဲ ဖြစ်လျှင် သူတို့ စီးပွားရေး ရှာလို့မကောင်း။ (ကြီးကြီးကျယ်ကျယ် ပြောသည်မဟုတ်။ ဈေးရောင်းမကောင်းမှာ စိုးရိမ်ကြသည်။) စားဝတ်နေရေး ခက်ခဲမှာ ပူပန်ကြသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံရှိ လူထုမှာ နိုင်ငံရေးကို စိတ်ဝင်စားမှု ရှိသည့် နေရာ ၌ (Political Consciousness) မြင့်မားသူများ ဖြစ်သည်ကိုတော့ ငြင်းပယ်၍ မရ။ ၁၉၈၈ နောက်ပိုင်းမှ ယနေ့အထိ သူတို့ ရင်ထဲတွင် မပြိုမပျက် အစိုင်အခဲ တရပ်လို တည်ရှိနေတာက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး။ ၂၅ နှစ်နီးပါး နိုင်ငံရေး လှိုင်းလုံး၊ နိုင်ငံရေး ဝင်္ကပါ၊ နိုင်ငံရေး လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ရင်း တရံမလပ် သတိချပ် နေသူများ ဖြစ်သည်။ ဒါက လူတွေထဲမှာ နေထိုင်သည့် လူတိုင်း သိကြသည့် အဖြစ်။ သူတို့ သိချင်ကြသည်။
၂၀၁၁ ရွေးကောက်ပွဲအရ အနိုင်ရကာ ဦးသိန်းစိန်၏ အရပ်သား အစိုးရ တက်လာပြီးသည့် နောက်ပိုင်းတွင် သိသာမြင်သာသော ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လာသည်။ ပထမက စစ်အာဏာရှင် တစု၏ ရုပ်သေးအစိုးရ၊ ဒီပုတ်ထဲက ဒီပဲဟု အပြစ်ပြောနေကြသူတွေပင် လက်သင့်ခံလာကြတာ တွေ့ရသည်။ နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ (သမ္ဘာရင့် နိုင်ငံတကာမှ နိုင်ငံရေး အကဲခတ်များကို အတု အယောင်ဖြင့် လှည့်စား၍ မရပါ။) ယင်းမှာ တကယ့်အရေးပါသော အပြောင်းအလဲ ဆုံမှတ်တခု (Turning-Point) ဖြစ်ပါသလား။ သိမ်မွေ့လှသော ကတ္တီပါ လက်အိတ်ပဲလား။ စိတ်နှလုံး ဒုံးဒုံးမချနိုင်သူတွေကို အပြစ်တင်၍ မရ။ တိုတောင်းသော သမိုင်းမှာပင် ထူထဲသော သင်ခန်းစာတွေ ရခဲ့ကြသည် မဟုတ်လား။
၂၀၁၁ အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတသစ်သည် မကြားရတာ ကြာပြီဖြစ်သော “မိဘပြည်သူများ ခင်ဗျား” ဟူသော အခေါ်အဝေါ် ဖြင့်ပင် ညှို့ယူလိုက်နိုင်သည်။ သူပြောသော ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ဆိုသော စကားနှစ်လုံးမှာ ခဏချင်းမှာပင် ပြည်သူများ ကြားတွင် ရေပန်းစား၍ သွားသည်။ ပထမဆုံး မိန့်ခွန်းမှာ “ဒီနေ့က စပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်း စတင်ပြီ ဖြစ်ပါတယ်” ဟု ကြေညာခဲ့သည်။ ၂၀၁၀ ခုနှစ် မတ်လ ၃၀ ရက်ဖြစ်သည်။
ဆက်၍ “မတူညီတဲ့ သဘောထားအမြင်တွေ ရှိကြမှာ ဖြစ်သော်လည်း တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်” ဟု အတိုက်အခံ အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ သမ္မတသစ်သည် စိတ်နှလုံးနူးညံ့ သော်လည်း စိတ်ဓာတ်ခိုင်မာ ပြတ်သားသူဖြစ်ကာ (အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ၊ တပ်မတော်နှင့် ပြည်သူ) အပြန်အလှန် ထိန်းကျောင်းမှုကို အသုံးပြုရာ၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ကြောင်း သူဆောင်ရွက်ခဲ့သမျှကို လေ့လာ၍ အကဲဖြတ်နိုင်သည်။
အဓိက အတိုက်အခံ ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အကြီးအကျယ် သဘောထားအမြင်တွေ ပြောင်းလဲသွားခြင်းကလည်း မြန်မာပြည် နိုင်ငံရေး မိုးလေဝသ၏ အရေးပါသော အချက်ဖြစ်ခဲ့လေသည်။ သမ္မတနှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် ပို၍ သိသာ မြင်သာသည်။ သမ္မတဟာ ယုံကြည်ရတဲ့သူ ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်မှာ အများအမြင် တွင် ထိုစဉ်က အနေအထားအရ အံ့သြစရာပင် ဖြစ်ခဲလေသည်။
တဆင့်တက်ကာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဟု ကြေငြာလိုက်သောအခါ အံ့သြရုံသာမက တုန်လှုပ်၍ သွားကြသည်။ တဖက်စွန်း ရောက်နေသော အယူသီး လက်ျာသမားများက ပွက်ပွက်ညံအောင် ကန့်ကွက်ကြသည်။ အများစုမှာ ရွှေထီးမဆောင်းခဲ့ရသေး။ ၁၉၉၀ ခုနှစ် ရွေးကောက် ပွဲ ရလာဒ်ကို အသေဆုပ်ကိုင်ထားချင်သူတွေ ဖြစ်သည်။ တချို့က ၂၀၀၈ အခြေခံဥပဒေကို လက်မခံ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်ခဲ့ပြီးမှ အခု မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ် ဆုံးဖြတ်တာကို သဘော မပေါက်သူတွေ ဖြစ်သည်။
တချို့က အရင် ကြွေးကြော်သံ အတိုင်း၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေး၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် မူဝါဒကို နှစ်သက်သူတွေ ဖြစ်သည်။ ခြုံပြောရလျှင် (Change) အပြောင်းအလဲကို သဘောမပေါက်သူတွေ၊ နိုင်ငံရေး အမြော်အမြင် (Politically Vision) နည်းပါးသူတွေ ဖြစ်သည်။ နိုင်ငံရေး ပါတီအဖြစ် ဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေငြာချက် အမှတ် (၁.၁၁. ၁၁) ထုတ်ပြန်သည်မှာ နိုဝင်ဘာ ၁၈ (၂၀၁၁) တွင် ဖြစ်ပါသည်။
ထို မတိုင်မီကပင် (၂၀၁၁၊ မေ) ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၁၊ အမှတ် ၄၄ တွင် ကျနော် “ညီညွတ်ရေးနှင့် ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေး” အမည်ဖြင့် ဆောင်းပါး တပုဒ်ရေးခဲ့သည်။ ထိုအထဲတွင် အာဏာရ အဖွဲ့အစည်းနှင့် အတိုက်အခံတို့ အကြားမှ ပဋိပက္ခကို “တင်းမာမှု လျော့ပါးရေး” ဖြင့်သာ ဖြေဖျောက်နိုင်မည်။ တင်းမာမှု လျော့ပါးမှ အမျိုးသား ညီညွတ်ရေး တည်ဆောက်နိုင်မည်။ အမျိုးသားရေး ညီညွတ်ရေး ဆိုသည် လတ်တလော ထင်ပေါ်နေသည့် နိုင်ငံရေး ပုံသဏ္ဍာန် ဖြစ်၍ အနှစ်သာရမှာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်းရေး ဟု တင်ပြခဲ့သည်။ ညီညွတ်ရေး တည်ဆောက်ဖို့ အတွက် နှစ်ဘက် ပလေယာများသည် –
၁။ ရိုးသားသည့် စိတ် စေတနာကို အရင်းခံရမည်
၂။ နိုင်ငံရေး သဘောတရား တတ်သိ လိမ္မာမှုနှင့်အတူ နိုင်ငံရေး အမြော်အမြင် ကြီးမားရမည်
၃။ အမြစ်တွယ်နေသည့် လှေနံဓားထစ် အယူအဆများနှင့် သံသသယများကို အပြိုင်အဆိုင် စွန့်ပစ်နိုင်ရမည်
၄။ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ရမည်
၅။ အပြန်အလှန် အရေးထား လေးစားမှု ရှိရမည်ဟု ရေးသား တင်ပြခဲ့ဖူးသည်။ ဆက်ပြီး ကျနော်တို့သည် ပြည်သူတရပ်လုံး၏ အပြင်းပြဆုံး လိုအင်ဆန္ဒကို ဆက်လက် လျစ်လျှူရှုမနေဘဲ အရေးကြီးသော ဆုံးဖြတ်ချက်များကို ပေးရန် ဆုံမှတ်ကာလသို့ ရောက်ရှိနေလေပြီ။ ကျနော်တို့တွင် ရွေးချယ်ရမည့် လမ်း ၂ သွယ်ရှိ၏။
၁။ ကျနော်တို့သည် အမြင်ဟောင်း အစွဲဟောင်းများ သံသယများနှင့် အာဃာတများကို တံခွန်ထူမြဲထူကာ တင်းမာမှုများကို ဆက်လက်ဖန်တီးပြီး ကြီးထွားလာသော အကြပ်အတည်းများ ကြားထဲတွင် မလူးသာ မလွန့်သာ အခြေအနေကြောင့် ကျနော်တို့၏ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုကို မိုက်မဲစွာ အနာဂတ်မဲ့ အချုပ်ငြိမ်းခံမည်လော (သို့မဟုတ်)
၂။ တင်းမာမှု လျော့ပါးရေး လမ်းစဉ်ကို မြန်နိုင်သမျှ မြန်သောနည်းဖြင့် ရှာဖွေကာ နိုင်ငံရေး ဘ၀ အသက်တည်မြဲရေးကို အခြေခံ၍ လှုပ်ရှားနိုင်ခွင့်ရသလောက် အတိုင်းအတာအတွင်း လှုပ်ရှားရင်း ရည်မှန်းချက် မပျက် အမျိုးသားရေး ပန်းတိုင်သို့ ခရီးဆက်မည်လော ဟု မေးခွန်းထုတ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယ လမ်းကြောင်းကို ရွေးချယ်ခဲ့သည့်အတွက် အထူး ကျေးဇူးတင်ပါသည်။ (ကျနော် တိုက်တွန်း၍ မဟုတ်ပါ။ ကျနော့် ဆောင်းပါးကိုပင် ဖတ်မိဟန် မတူပါ။) ဤနေရာတွင် စိတ်ဝင်စားစရာ အကြောင်းအရာ တခုကို တွေ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈၊ ဗဟို အလုပ်အမှုဆောင် ၁၀ ဦး၊ ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၆ ဦးတို့နှင့် တွေ့ဆုံပွဲမှာပင် အောက်ပါအတိုင်း ထုတ်ဖော်ပြော ကြားခဲ့သည်။
၁။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးတုန်းက တခါ၊
၂။ ၂၀၁၁ မှာ မှတ်ပုံတင်ရေး ရွေးကောက်ပွဲဝင်ရေး မဝင်ရေးတုန်းက တခါ ၊ အဲဒီ နှစ်ကြိမ်စလုံး ကျမ မပါခဲ့ဘူး။
(ဤကိစ္စများ ရင်ဆိုင်နေရစဉ်က သူမသည် နေအိမ်တွင် အကျယ်ချုပ်ဖြင့် နေရစဉ်ကာလ ဖြစ်သည်။) ထို့ကြောင့် ၂၀၁၁ ရွေးကောက်ပွဲ မဝင်ရေး မှတ်ပုံမတင်ရေးကို အဓိက အဆုံးအဖြတ်ပေးခဲ့သူမှာ ဦးဝင်းတင်သာ ဖြစ်သည်။ Hot News နိုဝင်ဘာ ၁၇ ထုတ်၊ ဦးဝင်းတင်နဲ့ အင်တာဗျူးမှာလည်း ထိုအတိုင်းပင် ထုတ်ဖော်ဝန်ခံထားသည်။ NLD အတွင်း တချိန်က အင်မတန် နာမည်ကြီးခဲ့သော ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ် (Confrontation) အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ စသည်တို့ကို ဖော်ဆောင်ခဲ့သူမှာလည်း ဦးဝင်းတင်ဟု ဖတ်မှတ်ရဖူးပါသည်။
ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ ၂၀၁၁ မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲ မဝင်ရေး ကိစ္စနှင့် ပတ်သက်၍ “ကျမ ကိုယ်တိုင်လည်း သဘောတူခဲ့တာ မဟုတ်ဘူး။ ဆုံးဖြတ်ချက်ချတဲ့ အထဲမှာလည်း ပါဝင်ခဲ့တာ မဟုတ်ဘူး” ဟု အတိအလင်း ပြောဆိုထားသည်ကို တွေ့ရသည်။ သို့သော် သူသည် ပါတီမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်နှင့် အညီ “ဒါပေမယ့် အဖွဲ့ချုပ်က ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင် အဖွဲ့ချုပ်ရဲ့ လမ်းစဉ်အတိုင်း ကျမ လုပ်ခဲ့ပါတယ်” ဟု ခေါင်းဆောင် ပီသစွာ ပြောဆိုခဲ့သည်။
ဤအတိုင်းဆို တစ် ငါးလုံး (၁.၁၁.၁၁) ကြေညာချက်ကိုသာ သူမ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသည့် အောင်ဆန်းစုကြည်၏ လမ်းစဉ်အစစ်ဟု ပြောရတော့မည် ဖြစ်ပေသည်။ တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် “ကျမလည်း ပုထုဇဉ်ပဲ။ အမှား ရှိခဲ့ပါတယ်” ဟု ဝန်ခံထားခဲ့ရာ အနှစ် ၂၀ ခန့် ကျင့်သုံးခဲ့သော်လည်း အရာမရောက်သည့် ထိပ်တိုက်ရင်ဆိုင်ရေး မဟာဗျူဟာလည်း ပါဝင်လိမ့်မည် မဟုတ်ဟု ထင်မြင်ရပါသည်။ အခုတော့ သူမ ပြောင်းလဲတော့မည်။ နိုင်ငံတော် သမ္မတကလည်း ကောင်းကောင်း သဘောပေါက်သည်။ အပြောင်းအလဲ (Change) ကို လိုလားနေတဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို နားလည် သဘောပေါက်ပါတယ် ဟု ပြောခဲ့သည်။ နားမလည်တဲ့ တယူသန် နိုင်ငံရေးသမားတချို့ကသာ (အထူးသဖြင့် ပြည်ပနိုင်ငံများမှ) ပြင်းပြင်းထန်ထန် စစ်တပ်နဲ့ ပူးပေါင်းသွားပြီ ဟုပင် ဝေဖန် ရှုတ်ချခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အကျိုးရှိမယ်ဆိုရင် တပ်မတော်နဲ့လည်း လက်တွဲ ဆောင်ရွက်သွားမယ် ဟု ရဲရဲဝံ့ဝံ့ ကြေညာလိုက်သည်။ မှတ်သားစရာ ကောင်းသော စကား “ကျမ အရာရာ ပျော့ပြောင်းပါတယ်။ မပျော့ပြောင်းတဲ့ နေရာက ဒူးပဲ ရှိပါတယ်” ဟု ပြောခဲ့သည်။ ပျော့ပြောင်းခြင်းမှာ အရှုံးပေးခြင်း၊ ဒူးထောက်ခြင်း မဟုတ်။ နည်းဗျူဟာ တခုသာ ဖြစ်ကြောင်း သဘောမပေါက်သူက မပေါက်။ ၂၀၁၁ အစိုးရသစ် လက်ထက်တွင် NLD သည် မဟာဗျူဟာကို ပြောင်းလဲ ချမှတ်ခဲ့သည်။ အပြုနိုင်ငံရေးကို စတင် အကောင်အထည်ဖော်သည်။ အဖျက်နိုင်ငံရေးကို ကျောခိုင်းရမည့် အချိန်ဖြစ်ကြောင်း သဘောပေါက်သည်။
၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းမှစ၍ NLD ၏ နိုင်ငံရေး လမ်းကြောင်းမှ ပိတ်ဆို့နေခဲ့သည်။ အတားအဆီး ကို ဖယ်ရှားပစ်ရမည်။ မဖယ်ရှားနိုင်လျှင် ကျော်လွှားသွားရမည်။ မကျော်လွှားနိုင်လျှင် ကွေ့ရှောင်သွားမည်။ အဓိကမှာ ခရီးဆက်နိုင်ဖို့ပင် ဖြစ်သည်။ ဟိုဟာ ဖြစ်လာနိုးနိုး၊ ဒီဟာ ဖြစ်လာနိုးနိုး စိတ်ကူးယဉ်နေမယ့် အစား တကယ်လက်တွေ့ ကျတဲ့၊ လက်ငင်း အကျိုးရှိတန်သလောက် ရှိတဲ့၊ တကယ်တမ်း အကောင်အထည် ဖော်နိုင်တဲ့ နိုင်ငံရေးမျိုး (Political Pragmatism) ကို ကျင့်သုံးတာကို ထောက်ခံကြိုဆိုရမည်။ ဤနည်းဗျူဟာ အပြောင်းအလဲကြောင့် ဖြစ်ထွန်းလာသော အကျိုးကျေးဇူးများမှာ အမျိုးသားရေး ပန်းတိုင်ခရီးအတွက် အထောက်အကူ ပြုခဲ့တာ အမှန်ပင် ဖြစ်လေသည်။
(အပိုင်း ၂ ကို ဆက်လက်ဖော်ပြပါမည်)
သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။