ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ မကြာခဏ တိုက်ပွဲ ဖြစ်နေတဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA) နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း တို့ ဒီလ ၃၁ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါတော့မယ်။
TNLA ရဲ့ စစ်ဘက်ဆိုင်ရာ ဘက်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုပေမယ့် သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခုမှာ အစိုးရ စစ်တပ် တပ်ရင်းပေါင်း ၃၀ ကျော် တပ်စွဲထားတဲ့ အတွက် ပွင့်လင်းရာသီ ရောက်လာရင် စစ်ထိုးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့မြင်နေရတယ်လို့ TNLA တပ်မတော် ဘက်က ပြောပါတယ်။
TNLA ဟာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နဲ့ ထာဝရ မဟာမိတ် ဖွဲ့ထားပေမယ့် အခုအခါမှာ KIA နဲ့ အစိုးရတို့က နှစ် ဘက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။ ဒီလိုပဲ စစ်မြေပြင်မှာ အတူ ပူးတွဲတိုက်ပွဲဝင်နေတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ကလည်း အစိုးရနဲ့ ပဏာမအဆင့် အပစ်အခတ် ရပ်စဲထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် TNLA ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်နဲ့ လုပ်ဆောင်နေမှုတွေ အပါအဝင် ဒေသတွင်းမှာ လက်တွဲ လှုပ်ရှားနေတဲ့ KIA နဲ့ SSPP/SSA တို့နဲ့ ပူးပေါင်း လှုပ်ရှားနေပုံ၊ စစ်ရေးအခြေအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ မုန်ရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန် ကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
မေး။ ။ TNLA ကိုအစိုးရဘက်က ငြိမ်းချမ်ရေးကိစ္စ ကမ်းလှမ်းလာမယ်ဆိုရင် စစ်ဦးစီးချုပ်တို့ ဘက်က ဘယ်လိုသဘောထား ရှိလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့သဘောထားက ငြိမ်းချမ်းရေး ကမ်းလှမ်းဖို့ကို အမြဲတံခါးပေါက် ဖွင့်ထားပါတယ်။ အခုလည်း စစ်ကို စုဆောင်းရတာ၊ စစ်သင်တန်းကို ပေးရတဲ့အတွက် စစ်ပညာကို အမြန်ဆုံး ရဲဘော်တွေ ထက်ထက်မြက်မြက် တိုက်ပွဲဝင်နိုင်မယ့် ဟာတွေဟာ အဓိပ္ပာယ်က ငြိမ်းချမ်းရေး တံခါးပေါက်မှာပဲလို့ ခြုံပြောလို့ ရမှာပေါ့။
မေး။ ။ အစိုးရက တခြားတိုင်းရင်းသားအဖွဲ့ တော်တော်များများနဲ့ ဆွေးနွေးပြီး အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီ၊ TNLA နဲ့ နှောင့်နှေးနေ ရတာ ဘာ့ကြောင့်လို့ မြင်လဲ။
ဖြေ။ ။ ကြန့်ကြာနေတဲ့ အပေါ်မှာတော့ အစိုးရက TNLA အပေါ်မှာ ဘယ်လိုမြင်လဲဆိုရင် အဖွဲ့အစည်းအကြီးကြီးတွေ မဟုတ်တဲ့ အတွက် တကယ်လို့ ကချင် လွတ်လပ်ရေး အဖွဲ(KIO) နဲ့ ပြီးသွားပြီ ဆိုလို့ရှိရင် TNLA ဘယ်လိုပဲပြောပြော ဘယ်လိုပဲဆွေးနွေးရ အဆင်ပြေသွားမှာပါလို့ သူတို့ရဲ့ အမျှော်အမြင်တွေက ဒီလိုပဲတွေ့ရတယ်။
မေး။ ။ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ KIO အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဝန်ကြီးဦးအောင်မင်းနဲ့ KIO နဲ့ မြစ်ကြီးနားမှာ ဆွေးနွေးနေတဲ့ နေရာမှာတော့ အကောင်းဆုံး ခါတိုင်းလို ပြည်တွင်းမှာ ဒီလို ဆွေးနွေးတဲ့ အပိုင်းတွေက မမြင်ရတဲ့နေရာတွေလည်း အများကြီးပေါ့နော၊ ခပ်များများက တရုတ်နယ်စပ်မှာပဲ ဆွေးနွေးတာ များတယ်၊ ဒီတစ်ခေါက်မှာ မြစ်ကြီးနားမှာဆွေးနွေးနေတဲ့ ဟာတွေက အမြန်ဆုံး အဆင်ပြေပါစေလို့ အားပေးလိုပါတယ်။
မေး။ ။ အစိုးရက တိုင်းရင်းသား တပ်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေ အပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး ၁၀ ဖွဲ့လောက်ရသွားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိတယ်၊ တချို့ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ယွက်စစ် အဖွဲ့တွေ တောင်ပိုင်းအဖွဲ့တွေက နေပြည်တော်အထိ သွားဖြစ်တယ်၊ အဲဒီနေရာမှာလည်း အခုလောလောဆယ် စစ်ပွဲကဏ္ဍမှာပေါ့နော၊ လက်မှတ်ထိုးပြီး ပြီးငြိမ်းသွားတဲ့ စစ်ပွဲက မရှိသလောက် ဖြစ်နေတယ်၊ လက်မှတ်တော့ ထိုးထားတယ် သေနတ်သံတော့ တိတ်ဆိတ်တာ မရှိသေးဘူး၊ အဲဒီဟာတွေက အခုလက်မှတ် ထိုးထားတဲ့ အဖွဲ့တွေရော၊ အခု KIA အချက် ၇ ချက် လက်မှတ် ထိုးထားတာတွေရော အကောင်းဆုံး အမှန်တရားလမ်းကြောင်း ရောက်သွားအောင်တော့ ဖြစ် ချင်တဲ့ ဆန္ဒပေါ့နော။
မေး။ ။ TNLA ရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်၊ ရည်မှန်းချက်တွေက ဘာတွေဖြစ်မလဲဗျ။
ဖြေ။ ။ TNLA ရဲ့ နိုင်ငံရေး ဦးတည်ချက်ပေါ့နော ပလောင်(တအာင်း) အမျိုးသား အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံပြီး ပလောင်(တအာင်း) ပြည်နယ် တည်ဆောက်ရေး၊ အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံပြီး ဒီမိုကရက်တစ် ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေး ကျနော်တို့ရဲ့ ရပ်တည်ချက်ပေါ့နော်။
မေး။ ။ TNLA ရဲ့ အဓိက မဟာမိတ်တပ်ဖွဲ့တွေက ဘယ်အဖွဲ့တွေလဲ ခင်ဗျ။
ဖြေ။ ။ ထိထိမိမိ ပြောရမယ်ဆိုလို့ရှိရင် ဘယ်ဘက်မဆို အားလုံးအရေးကြီးတယ်၊ TNLA နဲ့ KIO က ထာဝရ မဟာမိတ် တလျှောက် လုံး ကျနော်တို့ရဲ့ ထာဝရပေါ့နော်၊ တချို့ကျနော်တို့ရဲ့ မိတ်ဆွေ မဟာမိတ်လို့ ပြောနိုင်တယ်။ ဒီ SSA ကိုလည်း ထာဝရ မဟာမိတ် လို့ မပြောတောင်မှ ကျနော်တို့နေမယ့် နေရာတွေက ရှမ်းပြည်နယ်ထဲမှာ ပါတယ်၊ ဒါကြောင့် ဘယ်ဘက်မှလည်း ကျနော် တို့ လက်လွှတ်လို့ မဖြစ်ဘူး၊ မိတ်ဆွေကောင်း မဟာမိတ်ကောင်းတွေလို့ ယူဆထားတာ။
မေး။ ။ ထာဝရ မဟာမိတ် ယူထားတဲ့ KIO က မကြာခင်ရက်ပိုင်းကပဲ အစိုးရနဲ့ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတယ်၊ အကယ်၍ သူတို့ အပစ်ရပ်သွားကြပြီဆိုရင် အဲဒီဘက်မှာရှိတဲ့ အစိုးရစစ်တပ်တွေက TNLA ဘက်ကို ဦးတည်လာနိုင်သလား၊ ဘယ်လို အခြေအနေ ရှိလဲ။
ဖြေ။ ။ KIA ကလည်း အချက် ၇ ချက် သဘောတူ လက်မှတ်ထိုးထားတဲ့ အပိုင်းတွေလည်းရှိတယ်၊ လက်ရှိထိုးထားတဲ့ နေရာမှာတော့ စစ်ကို အမြန်ဆုံး လျှော့နိုင်အောင်ပေါ့နော၊ ဒါပေမယ့် အခုထက်ထိ စစ်လျှော့တဲ့ အနေအထားတွေတော့ မတွေ့သေးဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် KIA ဦးအောင်မင်းတို့နဲ့ အဆင်ပြေသွားနိုင်တောင်မှ ကျနော်တို့ရဲ့ TNLA နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပဲ၊ အစိုးရတပ် အင်အားတွေ ဒီဘက်မှာ တိုးလာမယ်ဆိုရင် ဘယ်တတ်နိုင်မလဲ၊ တပ်ဆိုတော့ ကိုယ့်အတွက်တော့ အမြဲ ပြင်ထားတာတွေတော့ ရှိတာပေါ့။
မေး။ ။ TNLA နဲ့အရင်က ထာဝရ မဟာမိတ်အဖြစ်နဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့ KIA ဆိုလည်း အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်နေပြီ၊ မိတ်ဆွေ SSA ဆိုရင်လည်း အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီးပြီ၊ တကယ်လို့ TNLA နဲ့အစိုးရတို့ တိုက်ပွဲတွေ ထိပ် တိုက် ကြုံတွေ့လာမယ်ဆိုလို့ရှိရင် TNLA ကိုဘယ်သူတွေက ဝိုင်းကူကြမလဲ။
ဖြေ။ ။ KIA ကလည်း အပစ်အခတ်ရပ်စဲရေး လုပ်သွားမယ်ဆိုရင်၊ SSA က အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အပိုင်းတွေ လည်း ရှိတယ်၊ တကယ်လို့ ပလောင်(တအာင်း) ဒေသမှာ အစိုးရက စစ်မျက်နှာ လာဖွင့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ရှိတဲ့အင်အား၊ ရှိတဲ့ အရည်အချင်းနဲ့ပဲ ရင်ဆိုင်ရမှာပဲ။
မေး။ ။ TNLA အနေနဲ့ KIA တို့ SSPP/SSA တို့နဲ့ ပူးတွဲစစ်ရေး လှုပ်ရှားရတဲ့ ကိစ္စကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ ဒါက ကျနော်တို့ရဲ့ KIO/KIA နဲ့ TNLA တို့ စစ်ရေးပူးပေါင်းနေတဲ့ နေရာတွေက နယ်နိမိတ်လည်း ဆက်စပ် အပိုင်းတွေ ရှိတယ်၊ နယ်နိမိတ် တခြားစီဖြစ်တဲ့နေရာတွေကတော့ သူ့ဟာ ကိုယ့်ဟာပေါ့၊ သူ့တပ် ကိုယ့်တပ်ကိုပဲ အေးအေးဆေးဆေး လှုပ်ရှားကြ တယ်၊ ဒါပေမယ့် ဒီလို နယ်စပ်နေရာတွေမှာတော့ ဒီလိုဝိုင်းဝန်းပြီးမှပေါ့နော တခါတလေ ကိုယ်က သူတို့နယ်မြေ ဝင်လာတယ်၊ သူတို့လည်း ကိုယ့်နယ်မြေဝင်လာတဲ့ စစ်ရေးအရ ပူးပေါင်းတဲ့အပိုင်းတော့ ရှိတယ်။
မေး။ ။ အရင်တုန်းက ပလောင်(တအာင်း)ပြည်နယ် လွတ်မြောက်ရေး တပ်မတော် PSLA အနေနဲ့ ငြိမ်းချမ်းရေးယူ လက်နက်ချပြီးတော့မှ TNLA ထဲကို လာပြန် ပေါင်းစည်းသူတွေကိုလည်း တွေ့ရတယ်၊ လူငယ် ပညာတတ်ပိုင်းတွေလည်း လာရောက် ပူးပေါင်း တာတွေကို တွေ့ရတယ်၊ စုစုပေါင်းဆို TNLA ရဲ့အင်အား ဘယ်လောက်ရှိမလဲ ခင်ဗျ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဝန်ထမ်းအသစ်တွေ၊ ပညာတတ် ဝင်လာတဲ့ကလေးတွေ၊ PSLA ဝန်ထမ်းဟောင်းတွေ ဝင်လာတယ်ဆိုလို့ရှိရင် ကျနော်တို့ လက်ရှိ လူအင်အားနေရာမှာတော့ တဖြည်းဖြည်း မမေးဖြစ်လည်း သိလာမှာပါ။ အခု လောလောဆယ်တော့ ပြောဖို့ နည်းနည်း စောသေးတယ်။
မေး။ ။ ဒါဆိုရင် TNLA မှာ ဗျူဟာ ဘယ်နှစ်ခု စုစုပေါင်း တပ်ရင်း ဘယ်နှစ်ခု ခွဲထားလဲ။
ဖြေ။ ။ အခုလက်ရှိ ကျနော်တို့ တပ်ရင်း လှုပ်ရှားနေတဲ့ဟာ တပ်ရင်း ၇ ရင်း၊ ဗျူဟာက ၁ ဗျူဟာ၊ ၂ ဗျူဟာ နှစ်ဗျူဟာ ရှိတယ်။
မေး။ ။ တပ်ရင်း တရင်းမှာဆိုရင် အနည်းဆုံးအင်အား ဘယ်လောက် ထားတာမျိုး ရှိလဲ။
ဖြေ။ ။ အခုကျနော်တို့ရဲ့ ဗျူဟာ တဗျူဟာဆိုလို့ရှိရင် တပ်ရင်း ၃ ရင်းပေါ့၊ တပ်ရင်း ၃ ရင်းမှာ အင်အားတော့ ၁၀၀၀ လောက်ရှိမှာပေါ့။
မေး။ ။ TNLA အနေနဲ့ ဒီလောက်များတဲ့ တပ်အင်အားတွေ အတွက် လက်နက်ခဲယမ်းတွေ ဝယ်ရတာရှိမယ်၊ စစ်ဝတ် စစ်စားတွေ ဝယ်ရတာတွေ၊ ရိက္ခာအတွက် ဝယ်ရတာတွေရှိမယ်၊ ဒီငွေတွေကြတော့ ဘယ်ကနေ ရရှိလဲ။
ဖြေ။ ။ ငွေ ဘဏ္ဍာရေး ကဏ္ဍမှာ ကျနော်တို့ တဖက်တလမ်းက ကျနော်တို့ ပလောင်(တအာင်း)လူမျိုးတွေ၊ ပလောင်(တအာင်း) အဖွဲ့အစည်းကို တန်ဖိုးထားတဲ့ မိတ်ဆွေတွေလည်း ရှိတယ်၊ သူတို့လာလှူတဲ့ အပိုင်းတွေလည်း ရှိတယ်၊ တချို့နေရာတွေကြတော့ ကျနော်တို့ မဟာမိတ်ကို အကူအညီတောင်းတဲ့ အပိုင်းတွေလည်းရှိတယ်၊ ကျနော်တို့ နယ်မြေမှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင် တွေ ရှိတယ်၊ အဲဒီကနေ ရန်ပုံငွေတွေရပြီးတော့မှ လက်နက်ခဲယမ်းတွေ၊ ရဲဘော်တွေ စားသောက်၊ ဝတ်စုံတွေ က ဒီ သုံးနေရာမှာရ လာတဲ့ ဘတ်ဂျက်ပေါ့။
မေး။ ။ TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကရော ဘယ်နေရာတွေလဲ ခင်ဗျ။
ဖြေ။ ။ မြို့နယ်ပြောရမယ် ဆိုလို့ရှိရင် ဒီဘက်မှာတော့ မိုးမိတ်၊ မိုးကုတ်၊ မိုင်းနောင်၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆမ်၊ နမ္မတူ၊ ကွတ် ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မန်တုံ လှုပ်ရှားနေတဲ့ နယ်မြေတွေ ဖြစ်တယ်။ အခုလက်ရှိ တပ်က လှုပ်ရှားရတဲ့ မြို့နယ်တွေက ဆယ်မြို့နယ် ရှိတယ်။
မေး။ ။ TNLA ထိန်းချုပ်တဲ့ ရှေ့တန်းနယ်မြေတွေမှာ အစိုးရစစ်တပ်တွေ၊ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်တဲ့ အရိပ် အယောင် တွေ၊ စစ်ပြင်နေတဲ့ အရိပ်အယောင်တွေ တွေ့ရလား။
ဖြေ။ ။ မြင်တွေ့ရတယ်၊ KIO ကို စစ်လျှော့နေမယ့်အချိန်မှာ ကျနော်တို့ နယ်မြေမှာ တပ်ရင်း ၃၀ ကျော်တော့ ထိုးထားနေပြီ၊ စစ်ဖြစ်ဖို့ ပြောရမယ်ဆိုရင် ၇၅ ရာခိုင်နှုန်း အပြည့်ဖြစ်နိုင်မယ်၊ အခုမှာလည်း တော်တော်လေးကို ရှောင်ယူရတာပေါ့နော၊ ထိပ်တိုက် သွား တိုးမယ့်နေရာတော့ ရှောင်လို့မရဘူး၊ တိုက်ယူရတာပဲ။
မေး။ ။ အဲဒီ တပ်အင်အား တိုးချဲ့ထားတဲ့ နေရာတွေက ဘယ်မြို့နယ်တွေလဲ။
ဖြေ။ ။ အခုလောလောဆယ် မန်တုံမှာများတယ်၊ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကျောက်မဲမြို့နယ် ၄ မြို့နယ် တော့ ထိုးထားတဲ့ တပ်တွေများတယ်။ ခါတိုင်း လိုင်ဇာမှာ စစ်ပွဲမဖြစ်တဲ့အချိန်က စစ်ကြောင်းလောက်ပဲ လှုပ်ရှားတာ၊ ဒါပေမယ့် လိုင်ဇာမှာ စစ်ရပ်တဲ့အချိန်မှာ ကျနော်တို့နယ်မြေမှာ တပ်တွေတိုးချဲ့ထားတဲ့ အနေအထားတွေ၊ အခု မန်တုံမြို့နယ် ခိုမုန်းမှာတပ်ရင်း ၂ ရင်း ကျနော်တို့ တကယ့်လှုပ်ရှားတဲ့ နေရာတွေကို တပ်စခန်း ချထားတာ၊ ကျနော်တို့ TNLA လှုပ်ရှားတဲ့ နေရာတွေမှာ တပ်တွေချထားတာ၊ လက်နက်ကြီး စားနပ်ရိက္ခာတွေ စစ်သားတွေ၊ ခါတိုင်းဆို စစ်ကြောင်းတွေက ၆၀ မမ၊ ၇၅ မမ လောက်ပဲ သုံးတယ်၊ အခု တပ်စခန်းမှာ ၁၂၀ မမ သယ်လာပြီးမှ တပ်စခန်းမှာချထားတယ်။ ပြီးခဲ့တဲ့ ဧပြီလ တည်းက။
မေး။ ။ ဘယ်ကာလလောက်မှာ စစ်ပွဲတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အခုမိုးကာလတော့ သူတို့က ဒီတိုင်းပဲ ထိုးထားတယ်၊ ဆောင်းတွင်း ကာလမှာတော့ စစ်ပွဲကြီးကြီးမားမား ဖြစ်လာနိုင်မယ် လို့ မြင်တယ်၊ ကျနော်တို့က ရန်သူရဲ့ အခြေအနေကို သုံးသပ်ပြီးမှ ရန်သူဘယ်လို လှုပ်ရှားလဲ၊ ကိုယ့်ဘက်မှာလည်း ဘယ်လို ပြင် ဆင် ထားသလဲဆိုတာ နေ့စဉ်လုပ်ငန်းပါ။
မေး။ ။ TNLA ကို သမိုင်းမှာ ဘယ်လိုနာမည်မျိုး ကျန်ခဲ့စေချင်လဲ။
ဖြေ။ ။ ကျနော်တို့ TNLA က အများပြည်သူ လက်ခံနိုင်မယ့် မူဝါဒ၊ အများပြည်သူကို TNLA လုပ်ဆောင်ပေးမယ့် စနစ်မျိုး လူထု ကျေကျေ နပ်နပ် နားလည်သွားမယ့် တနေ့ကြရင် TNLA ကျေနပ်အားရ ဝမ်းသာမှာပါ။
မေး။ ။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအပေါ်မှာရော စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ သမ္မတ ဦးသိန်းစိန်က တဖက်တလမ်းက တိုင်းပြည် အရေး အမြန်ဆုံး ပြေလည်နိုင်မယ့် နည်းလမ်းနဲ့ သူကြိုးစား နေတဲ့ အချိန်အခါလည်း ဖြစ်တယ်၊ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ မှာ ပြောင်းလဲလာတဲ့ အတိုင်းအတာတွေ အများကြီးမြင်တွေ့ရတယ်၊ သတင်း ဌာနတွေ အရင်တုန်းက မြန်မာနိုင်ငံရောက်လာပြီး ဘယ်လိုမှ မရနိုင်ဘူးလေ၊ အခုဟာ လွတ်လွတ်လပ်လပ် တခြားကဏ္ဍတွေ၊ အဖွဲ့စည်းတွေ ဘက်စုံကနေ လွတ်လွတ် လပ်လပ် သွားလာလှုပ်ရှားနိုင်တယ်ဆိုတာ တဖက်တလမ်းက မြန်မာနိုင်ငံမှာ အကောင်းဆုံး ရောက်သွားမယ့် နည်းလမ်းတွေ မြင်တယ်။ ။