အဲပုဂံ (Air Bagan) လေကြောင်းမှ ခရီးသည်တင်လေယာဉ် ဟဲဟိုးလေယာဉ်ကွင်းအဆင်းတွင် မတော်တဆ ပျက်ကျမှု ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် တလပြည့်ပြီ ဖြစ်သော်လည်း ပျက်ကျသည့် အကြောင်းရင်းကို အဖြေထုတ်နိုင်ခြင်း မရှိသေးပေ။
ထို မတော်တဆမှုဖြစ်စဉ်တွင် လေယာဉ်ပါ ခရီးသည် ၆၅ ဦး အနက် စပိန်နှင့် အင်္ဂလိပ် ဧည့်လမ်းညွန် မနွယ်လင်းရှိန် သေဆုံးခဲ့ရကာ ခရီးသည် ၁၁ ဦး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရသည်။ ထို့အပြင် လေယာဉ်ပျက်ကျရာ လမ်းကြောင်းတွင် ဆိုင်ကယ်စီးနေသော ဟဲဟိုးဒေသခံ ဦးပြား (ခ) ဦးသိန်းတန် လည်း သေဆုံးခဲ့သည်။
ယခုတိုင်လည်း မီးလောင်ဒဏ်ရာ ရရှိထားတဲ့ ဧည့်လမ်းညွန် မတိုးတိုးခင်နှင့် ဟဲဟိုးဒေသခံ ကိုဌေးအောင်တို့ နှစ်ဦးလည်း ရန်ကုန် ဆေးရုံကြီး၌ ဆက်လက်ကုသမှု ခံယူနေရ ဆဲဖြစ်သည်။
ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်ပြီး အဲပုဂံ လေကြောင်းလိုင်းနှင့် ထူးဖောင်ဒေးရှင်းတို့မှ ဆက်လက် ကူညီနေပြီး လေကြောင်းလိုင်းနှင့် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများလည်း ယနေ့တွင် ဟဲဟိုးဒေသသို့ သွားရောက်ကြကြောင်း သိရသည်။
“သေဆုံးသွားတဲ့ မနွယ်လင်းရှိန်တို့၊ ဦးပြားတို့ကို ဒေသအခေါ် သွေးသောက်အကူငွေတွေကို ပေးအပ်တဲ့အပြင် ဦးပြားရဲ့ မိသားစုနဲ့ ပတ်သက်လို့ ကလေးတွေကို ဆက်တာဝန်ယူဖို့လည်း ရှိပါလိမ့်မယ်။ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု အဲပုဂံ လေကြောင်းလိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဖြိုးကိုကိုသက်က ဆိုသည်။
အဆိုပါ လေယာဉ် မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လေကြောင်းပို့ဆောင်ရေး ညွန်ကြားရေး ဦးစီးဌာန (DCA) မှ ဒု ညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဥက္ကဋ္ဌ၊ လေယာဉ် မတော်တဆဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေး ဗျူရို (MAIB) မှ ဦးမျိုးသန့်၊ မြန်မာ့လေကြောင်း (MAI) မှ လေယာဉ်မှူးကြီး ဦးခင်မောင်ငြိမ်း၊ MAI မှ အင်ဂျင်နီယာ ဦးမြင့်မောင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့သည်။
ထို့အပြင် အဓိကကျသော လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကရိယာ ဘလက်ခ်ဘောက်စ်ဟု ခေါ်ကြသည့် Flight Data Recorder ကို စစ်ဆေးရန် စင်ကာပူနိုင်ငံသို့ ပိုဆောင်ခဲ့သော်လည်း မီးလောင်ထားသည့်အတွက် သြစတြေးလျနိုင်ငံသို့ ထပ်မံ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
ထို့အတွက် စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်း ကိုယ်တိုင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ စစ်ဆေးနေပြီး တွေ့ရှိချက်များကို တရားဝင်ထုတ်ပြန်သွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရသည်။
“ကြန့်ကြာနေတာ မဟုတ်ပါဘူး။ ရတဲ့အဖြေပေါ်မှာ မူတည်ပြီး ခုံရုံးအဖွဲ့က စဉ်းစားဆုံးဖြတ်ပြီး တရားဝင် ထုတ်ပြန်မှာပါ” ဟု လေကြောင်း ပို့ဆောင်ရေးဌာန သတင်းတာဝန်ခံ ဒေါ်နွယ်နီဝင်းကျော်က ဆိုသည်။
ခုံရုံးအဖွဲ့ က စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ တရားရေးအဖွဲများသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး လေကြောင်း ဥပဒေအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်-မန္တလေး-ဟဲဟိုး-ရန်ကုန် ခရီးစဉ်များ ပျံသန်းနေသည့် ယင်းလေယာဉ်သည် မန္တလေးမှ ထွက်ခွာလာပြီး ဟဲဟိုး လေဆိပ်သို့ ဆင်းသက်စဉ် ဖြစ်ပွားခြင်း ဖြစ်သည့်အတွက် သက်ဆိုင်ရာ မန္တလေး တံတားဦးလေဆိပ် လေကြောင်းထိန်းဌာန တာဝန်ခံနှင့် အဲပုဂံ လေကြောင်းလိုင်း မန်နေဂျာတို့ကို လည်းစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။
ဘလက်ခ်ဘောက်စ်မှ ရရှိသည့် လေယာဉ်ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများနှင့် လေယာဉ်ပေါ်တွင် ပါရှိသည့် လေယာဉ် အမှုထမ်းများ၊ ခရီးသည်များ၊ မန္တလေး-ဟဲဟိုး လေဆိပ်များမှ လေကြောင်းတာဝန်ခံများ၏ ထွက်ဆိုချက်များကို တိုက်ဆိုင်စစ်ဆေး သုံးသပ်မှသာ အဖြေမှန် ရရှိမည်ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပွင့်လင်းလာပြီး လေကြောင်းခရီးသွားလာမှု တဖြည်းဖြည်း များပြားလာသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လေယာဉ်မတော်တဆ ဖြစ်ပွားမှုကြောင့် ခရီးသွားလုပ်ငန်းများကို ထိခိုက်နိုင်သည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိသည်။
နိုင်ငံခြားခရီးသွား များပြားလာသည်နှင့်အမျှ လေကြောင်းသွားလာရေး၌ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် ပိုမို လုပ်ဆောင်ရမည်ဖြစ်ပြီး လေကြောင်းပို့ဆောင်ရေး ညွန်ကြားရေး ဦးစီးဌာန (DCA) ၏ အခန်းကဏ္ဍမှာလည်း ပိုမို အရေးပါလာမည်ဟု ဆိုသည်။
ထို့အတွက်လည်း မြန်မာနိုင်ငံ လေယာဉ်ကွင်းများတွင် ဆင်းသက်နေသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ အန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံတကာ၏ စစ်ဆေးမှုကိုခံယူကာ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်ရန် ပိုမိုမြှင့်တင် လုပ်ကိုင်နေပြီး၊ ၂၄နာရီ လေယာဉ်များ ဆင်းသက်နိုင်စေရန်နှင် အဓိကကျသည့် လေယာဉ်ကွင်းများကို ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လေဆိပ်ပေါင်း ၃၃ ခုရှိသည့် မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး လာရောက်သည့် ပြည်တွင်း လေယာဉ်ကွင်းများမှာ ပုဂံ-ညောင်ဦး၊ ဟဲဟိုး၊ တာချီလိတ်၊ သံတွဲ၊ စစ်တွေ၊ မြစ်ကြီးနားလေဆိပ်တို့ ဖြစ်ကြောင်း သိရှိရသည်။