ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာ နိုင်ငံတွင်း ဒေသအချို့သို့ ကား ၁၀ စီးဖြင့် လှည့်လည် မောင်းနှင်ခဲ့ သူများသည် မေ ၈ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ ၉ ရက်နေ့တွင် ပုဂံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါ ကားမောင်းအဖွဲ့တွင် ပါဝင်သူ ထိုင်းအမျိုးသား နွန်က ဧရာဝတီသို့ ပြောသည်။
မြန်မာ့ ခရီးသွားလုပ်ငန်းကို ထိုင်းနိုင်ငံသားများ ပိုမို စိတ်ဝင်စားစေမည့် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံမှ ကားမောင်းအဖွဲ့သည် တိုယိုကာ ကားကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် မေလ ၄ ရက်မှ စတင်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မဲဆောက်မြို့၊ ထိုမှတဆင့် မြန်မာနိုင်ငံတွင်းရှိ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင်၊ ကျိုက်ထီးရိုး၊ ပုဂံ၊ မန္တလေးမြို့သို့ တောက်လျှောက် မောင်းနှင်ခဲ့ပြီး ဆက်လက်၍ ရန်ကုန်မြို့သို့ မောင်းနှင်မည် ဖြစ်ကြောင်း သိရသည်။
မေ ၈ ရက်နေ့ ညနေက အဆိုပါ ကားမောင်းအဖွဲ့သည် မန္တလေး အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်းအင်းတွင် ငှက်လှေစီးခြင်း၊ ဦးပိန်တံတားကို လေ့လာခြင်း များ ပြုလုပ်ခဲ့သည်။
ယခု ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ တီဗီ ချန်နယ်များမှ သတင်းထောက်များ၊ ထိုင်းမဂ္ဂဇင်းများမှ သတင်းထောက်များ တပါတည်း ပါလာကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလာရေး အခြေအနေ၊ သာယာလှပမှု အခြေအနေတို့ကို ထိုင်းနိုင်ငံသားများ သိရှိစေရေး အတွက် ရေးသား ဖော်ပြပေးရန် ၎င်းတို့ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း နွန်က ပြောပြသည်။
“မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက တဆင့် စီးပွားရေး တိုးတက်ဖို့ ကူညီပေးချင်တာပါ။ ကျနော်တို့ အခု သွားလာခဲ့တာ တွေကို တီဗီချန်နယ်တွေ၊ မဂ္ဂဇင်းတွေကနေ ဖော်ပြပေးပြီး မြန်မာနိုင်ငံရဲ့ ဒေသဆိုင်ရာ အခြေအနေတွေကို ထိုင်းပြည်သူတွေ သိအောင် လုပ်မယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံသည်လည်း ဗုဒ္ဓဘာသာ ကိုးကွယ်ကြသည့်အတွက် မြန်မာနိုင်ငံ၏ ဒေသအများအပြားတွင် ရှိသော ရှေးဟောင်း စေတီပုထိုးများ၊ ဗုဒ္ဓ အမွေအနှစ် လက်ရာများကို သဘောကျကြောင်း၊ မန္တလေးမြို့၏ နာမည်ကျော် တောင်သမန် အင်းရှိ ဦးပိန်တံတားသည် မွန်ပြည်နယ်နှင့် ထိုင်းနယ်စပ် စံခလဘူရီတွင်ရှိသည့် သစ်သား တံတားနှင့် ပုံစံချင်းတူကြောင်း၊ သို့သော် ဦးပိန်တံတားက ပိုမိုရှည်လျားပြီး သာယာလှပကြောင်း၊ ပုဂံတွင်လည်း ရှေးဟောင်း စေတီပုထိုးများ ရှိကြောင်း သွားရောက် ကြည့်ရှုကြမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စတွင် မောင်းနှင်လာသော ထိုအဖွဲ့သည် မဲဆောက်မှ တဆင့် မြန်မာ့ဒေသများသို့ ကားများဖြင့် မောင်းနှင်ခြင်းကို မေလ ၄ ရက်နေ့မှ စတင်ခဲ့ပြီး မေလ ၁၅ ရက်တွင် ခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်။ အဆိုပါ ကားမောင်းနှင်ခြင်းသည် လာမည့် ၂၀၁၅ တွင် ကျရောက်မည့် လွတ်လပ်သော အာရှကုန်သွယ်မှု အစီအစဉ် အတွက်လည်း ဦးတည်ခြင်းဖြစ်ကြောင်း သိရသည်။